“သူက အကျွန်ုပ်သွားမည် မဟုတ်ဟု ဆိုသော်လည်း နောက်မှနာင်တရသဖြင့် သွားလေ၏။” ဒီမနက် ထောက်ရှုချက်ကျမ်းပိုဒ်ဟာ မကြာခဏ မြင်ရကြားရတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။ ၀ိညာဉ်ရေးရာ ဓမ္မကထိကတွေ ထောက်ရှုချက်အရ ပုံပမာထဲက ပထမသားနဲ့ ဒုတိယသား အဖြစ်နှစ်ခုစလုံး မကောင်းဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တစ်ယောက်ထဲရဲ့ ထောက်ရှုချက်အရဆိုရင် ဘဝမှာ ပထမသား အခြေအနေလည်း ကြုံဖူးသလို၊ ဒုတိယသားရဲ့ အဖြစ်မျိုးလည်း ကြုံတွေ့ခဲ့ဖူးပါတယ်။ ခပ်ငယ်ငယ်အရွယ်တုန်းက ဒုတိယသားလို မိဘတွေ၊ အကြီးအကဲတွေကို အချိုသတ်ပြီး“သွားမယ်၊လုပ်မယ်” ကတိလွယ်လွယ်ပေးပြီး၊ လွယ်လွယ်ပျက်ကွက် ခဲ့တာတွေ အများကြီး၊ အကြိမ်အရေအတွက်လည်း မနည်းပါဘူး။အပြောတစ်ခြား၊ အလုပ်တစ်ခြား အခြေအနေလေးတွေပေါ့။ နည်းနည်းလေး လူလားမြောက်လာတဲ့ အချိန်မှာလည်း ပထမသားလိုဘဲ ခံစားချက်ကို ရှေ့တန်းတင်ပြီး တစ်ခုခုဆို စိတ်အခန့်မသင့်ရင် မသွားဘူး၊ မလုပ်ဘူးဆိုပြီး ဆက်ကနဲ့ ပြန်ပြောတတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခဏလေးစိတ်ကို တည်ငြိမ်အောင်လုပ်ပြီး သွေးအေးသွားတဲ့အခါ သွားသင့်ပါလား၊ လုပ်သင့်ပါလားလို့ သြတ္တပစိတ် သတိလည်လာတဲ့အခါ တာဝန်ဝတ္တရားတွေ ပြန်လည် ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒီကနေ့ပုံဥပမာဟာ ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေးရာ အခြေအနေကို ထောက်ပြနေပါတယ်။ ငါ တနင်္ဂနွေမစ္ဆားတစ်ခါမှ မပျက်ခဲ့မိဘူး။ ငါဘာသနာ့ အဖွဲ့အစည်းမှာ အမြဲတမ်း ပါဝင်လှုပ်ရှားတယ်ဆိုပြီး အတွင်းစိတ်မှာ နောင်တမစွဲတတ်ဘူးဆိုရင် ကျမ်းတတ်ဆရာတွေနဲ့ မခြားပါဘူး။ ကိုယ်က ဘုရားတရားရှိတဲ့သူဆိုပြီး ဘုရားကျောင်း နဲ့ ဝေးနေတဲ့သူ၊ ဘုရားတရား ပေါ့လျော့နေတဲ့သူတွေကိုဘဲ လက်ညိုးတစ်ကားကား ထိုးနေမယ်ဆိုရင် ခတ်သစ် ဖါရီဇေဦး ဖြစ်နေပါပြီ။ လူ့အမြင်မှာ အပြစ်သည်လို့ ထင်ရတဲ့ပုဂ္ဂိုလ်တွေက ပြောင်းလဲသွားရင်လည်း မြန်ဆန်တတ်ပါတယ်။ နောင်တသံဝေဂစွဲပြီး လမ်းမှန်ပြန်လှည့်လာတဲ့ သူအတွက် နောင်တဆိုတာ နောက်ကျတာ မရှိပါဘူး။ လူ့အမြင်မှာ ဟန်ရေးလုပ်ပြီး မိမိရဲ့အားနည်းချက်ကို ဖုံးကွယ်ထားတတ်တယ်ဆိုရင် အခွန်ခံနဲ့ ပြည့်တန်ဆာတွေတောင် ကိုယ်ရှေ့ ကောင်းကင်နိုင်ငံသို့ လှမ်းနေပြီဆိုတာ သတိလည်သင့်ပါတယ်။ ဒါကြောင့် ဒီနေ့ ပုံပမာထဲက အဖြစ်အပျက်ကို သင်ခန်းစာယူပြီး“ပျက်အစဉ်၊ပြင်ခဏ” သဘောတရားကို ၀ိညာဉ်ရေးရာ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားအားထုတ်ကြပါစို့ မိတ်ဆွေ။
Fr.လှအောင်(ကတ)