ဇန်နဝါရီလ(၂၆)ရက်(ဗုဒ္ဓဟူးနေ့)
ရှင်မာကု(၄:၁-၂၀)
စစ္စတာရ်ထရီဇာ(ISR)
၁။တစ်ဖန်ကိုယ်တော်သည်ပင်လယ်ကမ်းနား၌သွန်သင်တော်မူ၏။ထိုအခါအလွန်များပြားသောလူအစုအဝေးကြီးသည်အထံတော်၌လာရောက်စုဝေးကြသဖြင့်ကိုယ်တော်သည်ရေပြင်ပေါ်ရှိလှေတစ်စီးပေါ်သို့တက်၍ထိုင်တော်မူ၏။လူအစုအဝေးမူကားကမ်းပေါ်တွင်ရှိနေကြ၏။၂။ကိုယ်တော်သည်လည်းသူတို့အားများစွာသောအကြောင်းအရာတို့ကိုပုံဥပမာတို့ဖြင့်သွန်သင်တော်မူ၏။ထိုသို့သွန်သင်ရာတွင်ကိုယ်တော်ကသူတို့အားမိန့်တော်မူသည်မှာ၊၃။နားထောင်ကြလော့။မျိုးစေ့ကြဲသောသူတစ်ယောက်သည်မျိုးစေ့ကြဲရန်ထွက်သွားလေ၏။၄။သူသည်မျိုးစေ့များကိုကြဲသောအခါအချို့သောမျိုးစေ့တို့သည် လမ်းဘေးတစ်လျှောက်၌ကျသဖြင့်ငှက်များသည်လာ၍၎င်းတို့ကိုစားကြ၏။၅။အချို့သောမျိုးစေ့တို့သည်မြေဆီလွှာပါးသောကျောက်ခံမြေပေါ်တွင်ကျသဖြင့်မြေတိမ်သောကြောင့်အပင်များလျင်မြန်စွာပေါက်လာကြ၏။၆။နေထွက်လာသောအခါအပင်တို့သည်ပူလောင်၍အမြစ်လည်းမတွယ်သောကြောင့်ညှိုးခြောက်သွားကြလေ၏။၇။အခြားသောမျိုးစေ့တို့သည်ဆူးချုံများအကြားတွင်ကျသဖြင့်ဆူးပင်တို့ကြီးထွားလာသောအခါ၎င်းတို့ကိုဖုံးအုပ်ထားသောကြောင့်ယင်းတို့သည်အသီးမသီးနိုင်ကြချေ။၈။အချို့သောမျိုးစေ့တို့သည်ကားကောင်းသောမြေပေါ်တွင်ကျသဖြင့်အပင်များပေါက်လာသောအခါကောင်းစွာအသီးဖြစ်ထွန်း၍အဆသုံးဆယ်၊အဆခြောက်ဆယ်၊အဆတစ်ရာအသီးသီးရရှိကြ၏။၉။ကြားခြင်းငှာနားရှိသောသူသည်ကြားပါစေဟုကိုယ်တော်မိန့်တော်မူ၏။"နားထောင်ကြလော့။"သူတစ်ပါးကိုအာရုံစိုက်၍နားထောင်ပေးခြင်းသည်ပြောကြားပေးသောသူအတွက်အားဖြစ်စေ၍ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေရန်ပေးစွမ်းနိုင်သောအရာဖြစ်သည်။နာခံခြင်းသည်တစ်စုံတစ်ဦး၏အပြုသဘောဆောင်သောတောင်းဆိုမှုကိုမိမိ၏စိတ်သဘောလွတ်လပ်ခြင်းနှင့်လုပ်ဆောင်ခြင်းသောကြောင့်အချင်းချင်းအတွက်အကျိုးရှိစေသည်သာမကကျွန်ုပ်တို့လူမှုဝန်းကျင်တွင်ပါစိုပြေအေးချမ်းမှုကိုပေးနိုင်စွမ်းသောပါရမီတစ်ပါးဖြစ်ပါသည်။အားနာ၍နားထောင်ခြင်းလော့၊ကြောက်ရွံ့သောကြောင့်မတတ်သာ၍နာခံခြင်းလောစသောစိတ်ခံစားမှုများအတွက်လုပ်ဆောင်ပါလျင်ဖြစ်ပေါ်လာသောနောက်ဆက်တွဲခံစားမူကားကောင်းလှမည်မဟုတ်ပါ။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်လူအများမှကိုယ်စိတ်နှလုံးသုံးပါးဖြင့်အာရုံစိုက်နိုင်ရန်အတွက်နားထောင်ကြလော့ဟူသောစကားနှင့်အစချီ၍ပုံပမာများဖြင့်ပြောကြားကာ“နားရှိသောသူကြားပါစေ”ဟူ၍မိန့်ကြားတော်မူသည့်အကြောင်းနှုတ်မြွက်ထားပါသည်။ယခုကဲ့သို့ရှုပ်ထွေးပွေလီနေသည့်ဓမ္မနှင့်အဓမ္မပြိုင်ပွဲအကြား၊စိုးရိမ်ထိတ်လန့်ပူပန်နေရသည့်ခံစားမှုများအကြား၊မျော်လင့်ခြင်းမဲ့ကာအမိုက်မှောင်တွင်စမ်းတဝါးဝါးရှိနေရသည့်အကြားကျွန်ုပ်တို့ကို“နားထောင်ကြလော့”ဟူ၍ကိုယ်တော်ရှင်ဖိတ်ခေါ်နေပါသည်။ကျွန်ုပ်တို့နှလုံးသားမြေဆီလွှာကိုထွန်ယက်နေသည့်အမှိုက်များကိုရှင်း၊ကျောက်ကိုဖယ်ကာမြေရိုင်းကိုပြုပြင်နိုင်ရန်တွက်ကိုယ်တော်ရှင်၏နှုတ်တော်ထွက်စကားသမ္မာကျမ်းစာကိုဖတ်ကြားနားထောင်ရန်အချိန်ပေးရမည့်ကာလဖြစ်နေပါသည်။အခက်အခဲများသည်ကျွန်ုပ်တို့အားလူပီသစေရန်ပုံသွင်းပြုပြင်ပေးသောအရာများဖြစ်ပါသည်။စုံစမ်းနှောင့်ယှက်ခြင်းများသည်ကျွန်ုပ်တို့အားယုံကြည်သူခရစ်တော်နောက်လိုက်ပီသစေရန်စီစစ်ပေးသောအရာများဖြစ်ပါသည်။သို့ဖြစ်၍ကျွန်ုပ်တို့နှလုံးသားမြေကိုပြုပြင်ပေးပါမည့်အကြောင်းမျိုးစေ့ကြဲပိုင်ရှင်၊မြေပိုင်ရှင်ခရစ်တော်သခင်ထံအပ်နှံကြပါစို့။ကိုယ်တော်၏အလိုတော်ကိုနားထောင်၊နာခံလိုက်နာကြပါစို့။"အိုသခင်ကျွန်ုပ်တို့ကိုသနားတော်မူပါ။"