ဇန်နဝါရီလ(၂၇)ရက်(ကြာသပတေးနေ့)
ရှင်မာကု(၄:၂၁-၂၅)
၂၁။ထို့နောက်ကိုယ်တော်သည်သူတို့အားမိန့်တော်မူသည်ကားဆီမီးကိုထွန်း၍တောင်းဇလားအောက်၌လည်းကောင်း၊ခုတင်အောက်၌လည်းကောင်းထားလေ့ရှိကြသလော။၎င်းကိုမီးတင်ခုံပေါ်တွင်တင်ထားရသည်မဟုတ်လော။၂၂။အကြောင်းမူကားဝှက်ကွယ်ထားသောအရာဟူ၍မရှိဘဲထုတ်ဖော်ပြရမည်။လျှို့ဝှက်ထားသောအရာဟူ၍လည်းမရှိဘဲအလင်း၌ထင်ရှားစေကြရမည်။၂၃။ကြားခြင်းငှာနားရှိသောသူသည်ကြားပါစေဟုမိန့်တော်မူ၏။၂၄။ထို့နောက်ကိုယ်တော်ကသင်တို့ကြားနာရသည့်အရာကိုသတိပြုကြလော့။သင်တို့တိုင်းတာ၍ပေးသောပမာဏအတိုင်းတိုင်းတာ၍သင်တို့ပြန်ရကြလိမ့်မည်။ထိုမျှမကသင်တို့အားပို၍ပင်ပေးလိမ့်မည်။၂၅အကြောင်းမူကားရှိသောသူအားထပ်မံ၍ပေးလိမ့်မည်။မရှိသောသူထံမှမူကားသူ့၌ရှိသမျှကိုပင်သိမ်းယူသွားလိမ့်မည်ဟုမိန့်တော်မူ၏။“လူသားတစ်ဦးအဖြစ်ကျွန်ုပ်တို့မွေးဖွားစဉ်ကတည်းကပင်ရှင်သန်ခြင်းအသက်တာအတွက်ကျေးဇူးတော်များကိုဖန်ဆင်းရှင်ဘုရားသခင်မှလုံလောက်စွာပေးတော်မူပြီးဖြစ်ပါသည်။၎င်းကိုအသုံးပြုခြင်း၊မပြုခြင်းသည်မိမိကြီးပြင်းရာနောက်ခံမိသားစုအသိုင်းအဝန်းနှင့်မိမိနှင့်သာသက်ဆိုင်ပေမည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်ကြိုးစားမှုအရည်အချင်းအလိုက်မိမိတို့တွင်ရှိနေသောပါရမီအလင်းတော်ကိုထွန်းထားသောမီးထွန်းထားသောဆီမီးခွက်ပုံပမာဖြင့်မြွက်ကြားတော်မူ၍ဆီမီးခွက်အလင်းကိုဖုံးကွယ်၍မရနိုင်ကြောင်းနှုတ်မြွက်ထားပါသည်။ဆီမီးခွက်သည်အသုံးပြုခံခြင်းကြောင့်မီးစာကုန်ဆီခမ်းခါနီးတွင်ထပ်မံ၍ဖြည့်ဆည်းပေးခြင်းခံရပေမည်။ညစ်ပေသွားသောအခါသန့်စင်ပေးခြင်းခံရမည်ဖြစ်သည်။သို့ဆိုလျှင်သူတစ်ပါးကိုအလင်းပေးသည်သာမကမိမိကိုယ်တိုင်သည်လည်းသန့်စင်တောက်ပနေပေလိမ့်မည်။ထိုနည်းအတူပင်မြတ်ဘုရားရှင်သည်ကျွန်ုပ်တို့တွင်ရှိသောဘုရားပေးကျေးဇူးတော်များနှင့်ဝေဒနာများအကြားနစ်မွန်းမနေဘဲပြုပြင်ခြင်းခံကာကြိုးစားခဲ့သောပါရမီများကိုမတွန့်တိုဘဲရက်ရောစွာပေးဆက်ပါမူထိုမျှမကကျွန်ုပ်တို့အားပေးသနားတော်မူမည်ဖြစ်သည်။လူနှင့်တူသည့်အခွင့်အရေးရရှိရန်စာမျက်နှာအသစ်ဖွင့်လှစ်နိုင်ရန်ကြိုးစားပေးဆက်နေသောယနေ့အချိန်ကာလတွင်တတ်နိုင်သည့်နည်းလမ်းဖြင့်ပါဝင်ကြသောကျွန်ုပ်တို့သည်ပေးသောသူလော၊သိမ်းထားသူလော။ယနေ့ကျွန်ုပ်တို့သည်သူတစ်ပါးကိုအကျိုးပြုသောတောက်ပသည့်ဆီမီးခွက်လော၊ဟန်သာရှိသည့်အလှကြည့်သာသာလော၊ဘေးဖယ်ခံရသည့်ဆီမီးခွက်လောဆိုသည်ကိုသတိမူဆင်ခြင်ကြပါစို့။ကျွန်ုပ်တို့ကိုအသုံးပြုစေပါမည့်အကြောင်း အလင်းပိုင်ရှင်ခရစ်တော်သခင်၏ထွန်းညှိခြင်းကိုခံယူကြပါစို့။"ကျွန်ုပ်တို့၏အလင်းရှင်အိုသခင်ယေဇူးအမှောင်ကျနေသောကျွန်ုပ်တို့ကိုထွန်းညှိပေးတော်မူပါ။"