ဇန်နဝါရီလ(၂၉)ရက်(စနေနေ့)
ရှင်မာကု(၄:၃၅-၄၁)
စစ္စတာရ်ထရီဇာ(ISR)
၃၅။ထိုနေ့ညနေအချိန်ရောက်သောအခါကိုယ်တော်ကတပည့်တော်တို့အားတစ်ဖက်ကမ်းသို့ကူးကြစို့ဟုမိန့်တော်မူ၏။၃၆။တပည့်တော်တို့သည်လည်းလူအစုအဝေးကိုထားခဲ့၍လှေပေါ်သို့ရောက်ရှိနှင့်သောကိုယ်တော့်ကိုခေါ်ဆောင်သွားကြ၏။အခြားသောလှေများသည်လည်းကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။၃၇။ထိုအခါလေမုန်တိုင်းကြီးကျရောက်၍လှေကိုလှိုင်းတံပိုးတို့ရိုက်ခတ်သောကြောင့်လှေသည်ရေပြည့်လုမတတ်ရှိလေ၏။၃၈။ကိုယ်တော်မူကားလှေ၏ပဲ့ပိုင်းရှိခုံပေါ်တွင်ကျိန်းစက်နေတော်မူ၏။သူတို့သည်လည်းကိုယ်တော့်ကိုနှိုးကြ၍ဆရာသခင်၊တပည့်တော်တို့ပျက်စီးခြင်းသို့ရောက်မည်ကိုဂရုပြုတော်မမူပါသလောဟုလျှောက်ကြ၏။၃၉။ထိုအခါကိုယ်တော်သည်ထ၍လေကိုကြိမ်းမောင်းကာပင်လယ်ပြင်အားငြိမ်သက်လော့ဟုအမိန့်ပေးတော်မူလျှင် လေမုန်တိုင်းရပ်စဲပြီးပင်လယ်ပြင်သည်လည်းလွန်စွာငြိမ်သက်သွားလေ၏။၄၀။ကိုယ်တော်ကသင်တို့သည်အဘယ်ကြောင့်ကြောက်ရွံ့ကြသနည်း။သင်တို့၌ယုံကြည်ခြင်းမရှိသလောဟုသူတို့အားမေးတော်မူ၏။၄၁။ထိုအခါသူတို့သည်အံ့ဩတုန်လှုပ်ကြလျက်ဤသူကားမည်သူဖြစ်သနည်း။လေနှင့်ပင်လယ်တို့သည်ပင်သူ၏အမိန့်ကိုနာခံကြရပါသည်တကားဟုအချင်းချင်းပြောဆိုကြလေ၏။+++ကျွန်ုပ်တို့၏နေ့ရက်တာအချိန်များတွင်သာမန်ရှင်သန်လှုပ်ရှားမှုများဖြင့်အချိန်ကုန်ကြရသောအခါပျင်းရိငြီးငွေ့တတ်သည့်စိတ်ခံစားမှုမှအသစ်သောဘဝအတွေ့အကြုံများ၊ပြောင်းလဲမှုများကိုလိုချင်တတ်ကြပါသည်။သို့ဖြစ်၍သင်တန်းများတက်ခြင်း၊ခရီးများထွက်ခြင်းများပြုလုပ်ခြင်းဖြင့်ရှာဖွေတတ်ကြပါသည်။ရယူတတ်ကြပါသည်။ကျွန်ုပ်အနေဖြင့်လည်းတာဝန်ကျရာသာသနာအုပ်စုငယ်၌ငါးနှစ်ခန့်နေရသောအခါနေသားကျရာပတ်ဝန်းကျင်မှအခြားသောပတ်ဝန်းကျင်အသစ်ကိုစူးစမ်းသိရှိလိုသဖြင့်ပြောင်းရွှေ့ပေးပါရန်တောင်းဆိုခဲ့ဖူးပါသည်။ပတ်ဝန်းကျင်အသစ်သို့ရောက်သောအခါလုပ်ဆောင်ရသည့်တမန်တော်လုပ်ငန်းဆောင်တာများသည်နေခဲ့သောနေရာထက်စိန်ခေါ်မှုပို၍များနေသည်ကိုတွေ့ရှိရပါသည်။ပြောင်းပေးပါရန်တောင်းဆိုမိခြင်းများအတွက်“မှားလေရော့သလားဟူ၍တွေးမိခဲ့ဖူးပါသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်တစ်ဘက်ကမ်းသို့ကူးရန်မိန့်ဆိုသောခရစ်တော်သခင်၏စကားအတိုင်းလှေဖြင့်ကူးကြရာတွင်ရေအလယ်တွင်လေလှိုင်းထန်သည့်မုန်တိုင်းနှင့်ကြုံတွေ့ရသောကြောင့်အိပ်ပျော်နေသည့်ဘုရားရှင်ကိုနိုး၍မကူညီရကောင်းလားဟူသည့်သဘောဖြင့်အပြစ်တင်သည့်အကြောင်းနှုတ်မြွက်ထားပါသည်။တစ်ချိန်ကအတိတ်ကိုပြန်ပြောင်းတွေးကြည့်ပါမူခံယူချက်မတူ၊အမြင်ကွဲပြားခြင်းများကိုညှိနှိုင်းယူကာသေမင်းတမန်လက်နက်များကိုခေါက်သိမ်းပြီးသာမာန်ဘဝဖြင့်နေထိုင်သောသူများနှင့်ဘာသာရေးတွင်အသင်းအဖွဲ့များအလိုက်နှစ်စဉ်ဝတ်စောင့်ခြင်း၊အရွယ်အလိုက်အယူဝါဒသင်ကြားပေးခြင်း၊သင်တန်းပေးခြင်းစသည်တို့ဖြင့်သာသနာတော်သည်ဒုတိယဗာတီကန်ပမာအားရကျေနပ်ဖွယ်ဖြစ်ခဲ့ရပါသည်။သို့သော်ယနေ့၌လူသားဆန်ခြင်းနှင့်ယုံကြည်သူပီသခြင်းဟူသောတစ်ဘက်ကမ်းသို့ကူးကြသောအခါကြမ်းတမ်းရက်စက်သည့်မုန်တိုင်းကြီးနှင့်ရင်ဆိုင်ကြုံတွေ့နေရပါသည်။သားသမီးများတကွဲတပြားစီဖြစ်နေရပါသည်။ကြောက်ရွံ့ထိတ်လန့်နေကြရပါသည်။ကျွန်ုပ်တို့ကိုအခြားသောမြို့၊အခြားသောနေရာ၊ကမ္ဘာ့နိုင်ငံများကစွန့်ပစ်ထားသည်ဟုခံစားကြရသကဲ့သို့ဖြစ်နေကြပါသည်။ထိုမျှမကဘုရားရှင်ကိုယ်တိုင်ပင်လျှင်စွန့်ချန်နေသည်ဟုခံစားကြရကာအပြစ်တင်စကားများပြောမိကြပေလိမ့်မည်။စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုများကြောင့်အိပ်ကောင်းခြင်းမအိပ်ရ၊စားသောက်စရာပင်မလုံလောက်၊ငရဲပမာခံစားကြရသည့်ယနေ့အချိန်အခါတွင်ကိုယ်တော်ရှင်သည်ကျွန်ုပ်တို့အနားတွင်ရှိနေပါသည်။ကျွန်ုပ်တို့မည်သူနေရာတွင်ရှိနေပါစေ၊ကိုယ်တော်ရှင်သည်ကျွန်ုပ်တို့နှင့်အတူထပ်တူခံစားနေပါသည်။ကျွန်ုပ်တို့၏အော်ဟစ်သံကိုကြားနေပါသည်။ကိုယ်တော်ရှင်သည်ထ၍ဤမုန်တိုင်းကိုအမြန်ဆုံးငြိမ်သက်စေတော်မူပါမည့်အကြောင်းဇွဲအားမလျှော့ဘဲအော်ဟစ်တောင်းလျှောက်ကြပါစို့။ယုံကြည်ခြင်းမရှိသလောဟူသောနှုတ်မြွက်စကားကိုနှလုံးသွင်းကာယုံကြည်ခြင်းကိုတိုးပွားစေပါမည့်အကြောင်းတောင်းဆုပြုကြပါစို့။"My lord and my God, increase my faith."