“ငါ့ကြောင့် စိတ်မပျက်သော သူသည် မင်္ဂလာရှိ၏။”ဒီကျမ်းပိုဒ်ကို ရဟန်းတစ်ပါးရဲ့ ဂျူဗလီပွဲမှာ Motto အဖြစ် အသုံးပြုထားတာကို တွေ့လိုက်တုန်းက ပြုံးမိပါတယ်။ဘဝနဲ့ရင်းပြီး မကြုံတွေ့သေးတဲ့သူအတွက် ပြုံးလည်း ပြုံးချင်စရာပါ။ တကယ်ဘုရားရဲ့ ရွေးကောက်ခြင်း ခံရတဲ့သူတစ်ယောက်၊ သာသနာ့လယ်ကွင်းမှာ နှစ်အတန်ကြာ ဖြတ်သန်းဖူးသူ တစ်ယောက်အတွက် ဒီကျမ်းပိုဒ်လေးက အဓိပ္ပါယ်ရှိတဲ့ ကျမ်းပိုဒ်လေး ဖြစ်ပါတယ်။ ခရစ်တော် နောက်လိုက်ဖို့ အပြောလွယ်သလောက် လက်တွေ့ဘဝက ခါးသီးလှတာ ကြုံဖူးမှယုံစဖွယ် ပါ။ အထူးသဖြင့် ဘာသာသူတွေရဲ့ အမြင်မှာ သင်္ကန်းဖြူဖြူလေးနဲ့ ဖြူစင်သန့်ရှင်းပြီး ပျော်စရာကောင်းတယ်လို့ ထင်ရတဲ့ရဟန်း၊ သီလရှင်များရဲ့ဘဝတွေ တစ်ခါတစ်ခါ ဒဏ်ရာတွေ၊ အနာဗရပွနဲ့ ကြုံရတတ်ပါတယ်။ ရဟန်းသီလရှင်တွေလည်း လူထဲကလူတွေမို့ စိတ်ပျက်အားငယ်၊ စိတ်ဓာတ်ကျတဲ့ အချိန်တွေနဲ့ ကြုံရတတ်ပါတယ်။ အပေါ်ယံ ဖြူစင်ကျော့ရှင်းနေပေမဲ့ အတွင်းစိတ်မှာ သွေးအလိမ့်လိမ့်နဲ့ ပေကျံနေတဲ့ဒဏ်ရာတွေ ပြည့်နှက်နေတတ်ပါတယ်။ အပြင်လောက ပူလောင်တယ်ထင်ပြီး ဒီဘဝထဲဝင်လာကာမှ အကြီးအကဲတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သာသနာရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်တာဝန်ကျတဲ့ ဘာသာသူ အခြေအနေတွေကြောင့် စိတ်လုံးလုံး ပျက်နေရတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ သတင်းကောင်း ဟောကြားရာမှာ အဟန့်အတား၊ တားဆီးနှောက်ယှက်မှုကြောင့် စိတ်ပျက်တာတွေလည်း ရှိနိုင်ပါတယ်။ သင်္ကန်းဖြူဖြူ စတင်ဆင်မြန်း ဝတ်ဆင်ခွင့်ရတဲ့ ခေါ်တော်မူခြင်းအစမှာ ချစ်သူခင်သူ မိဘဆွေမျိုး၊ သူငယ်ချင်းတွေ လက်ခုပ်သြဘာတီးပြီး ကြိုဆိုခဲ့ကြပါတယ်။ ပန်းခင်းလမ်း လျှောက်ပြီးရင် ခရောင်းတောလမ်း ဆက်လာတာ သဘာဝပါဘဲ။ အဲဒီလို ဒုက္ခပေါင်း ခြောက်ထောင်ကို ခံထမ်းနိုင်မှ၊ ခံနိုင်ရည်ရှိမှ၊ စိတ်မပျက်မှ မင်္ဂလာရှိကြောင်း ခရစ်တော်ကတော့ သတိပေးနေပါတယ်။ ရဟန်း၊ သီလရှင်၊ ဓမ္မဆရာ/ဆရာမတွေဘဝမှ မဟုတ်ပါဘူး။ ဘာသာသူတွေလည်း ခရစ်တော်ကို လက်ခံယုံကြည်ဖို့ ပေးဆပ်အနစ်နာခံရတာတွေ အများကြီး ရှိပါတယ်။ တစ်ချို့ခရစ်တော်ကို လက်ခံဖို့၊ ခရစ်ယာန်အသိုင်းအဝိုင်းမှာ ဝင်လာဖို့ စွန့်လွတ်စွန့်စားရတာတွေလည်း အများကြီးမှ အများကြီးပါ။ မိဘ၊ သားသမီးအဖြစ်မှ စွန့်လွတ်ခံရတာတွေလည်း ရှိပါတယ်။ ဒီဘာသာကို လက်ခံလို့ ရာထူး၊ ရာခံမရတာတွ၊ အလုပ်ထုတ် ခံရတာတွေ၊ တိုးတက်မှုကိုနှောင့်နှေးစေတဲ့အရာ၊ အခြေအနေတွေနဲ့ ကြုံရပါတယ်။ မိမိရဲ့ယုံကြည်ခြင်းကို ဖော်ထုတ်ဖို့ အသက်အန္တရယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေနဲ့ ကြုံကြိုက်ခဲ့လို့ရှိရင် ခရစ်တော်ဘုရား မိန့်မှာတဲ့“ငါ့ကြောင့် စိတ်မပျက်သောသူသည်” အမှန်မင်္ဂလာ ရပါလိမ့်မယ် မိတ်ဆွေ။
Fr.လှအောင်(ကတ)