၃၁.၁.၂၀၂၂(တနင်္လာနေ့)
ရှင်မာကု ၅ : ၁ - ၂၀
Sr.Teresa(I.S.R)
Posted by Sr.B.Myat Hnin Nwe( I.S.R)
ခရစ်တော်နောက်သို့လိုက်၍ သာသနာအမှုတော်ထမ်းဆောင်ခြင်းဟုဆိုရာ၌ ရဟန်း၊ သီလရှင်များ၊ ဓမ္မဆရာ/မများ အဖြစ် ဆက်ကပ်သောသူများကိုသာ ရည်ညွန်းသည်ဟူ၍ ကျွန်ုပ်တို့ထင်မြင်ယူဆတတ်ကြပါသည်။ကျွန်ုပ်တို့ရှင်သန်သော၊ အသက်မွေးဝမ်းကျောင်းပြုသော လုပ်ငန်းဆောင်တာများ အသီးသီးကိုဆောင်ရွက်ခြင်းများ သည်လည်း ဘုရားရှင်သတ်မှတ်ပေးသနားတော်မူသော ခေါ်တော်မူခြင်းအသီးသီးတွင် ပါဝင်သောအမှုတော်မြတ်များ ဖြစ်ပါသည်။ကျွန်ုပ်တို့ဤသို့ပေးဆက်အသက်ရှင်ခြင်းအားဖြင့် သမိုင်းပေးတာဝန်များကိုထမ်းဆောင်ခြင်းနှင့်အတူ သာ၍ဖွံ့ဖြိုး တိုးတက်စေခြင်းအတွက် အသက်ရှင်သောဘုရားကို သက်သေခံခြင်းဖြစ်သောကြောင့် ကျွန်ုပ်တို့လူဖြစ်ခွင့်ရခြင်း အသက်တာသည် သန့်ရှင်းမွန်မြတ်ပါသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် နတ်ဆိုးများစီးခြင်းမှ လွတ်မြောက်ခဲ့သူသည် ကိုယ်တော်၏နောက်တော်သို့ လိုက်လိုသော်လည်း လိုက်ခွင့်မပြုဘဲ မိဘဆွေမျိုးသားချင်းများတို့ထံသို့သာ ပြန်သွား စေကာ ခံစားရသောကျေးဇူးတော်နှင့် ကရုဏာတော်များကို ပြောကြားသက်သေခံစေတော်မူသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ဘုရားရှင်၏ကျေးဇူးတော်နှင့် အလိုတော်၌ ကျွန်ုပ်တို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် ရွေးချယ်ထားသော ပေးဆက်ခြင်းအသက်တာအသီးသီးတွင် ထားရှိခဲ့သည့်စိတ်ထားနှင့် ကတိသစ္စာများသည် အောင်မြင်မှုများနှင့် ကျဆုံး မှုများ၊ အဆင်ပြေမှုများနှင့် ခက်ခဲကြပ်တည်းမှုများ စသည်တို့နှင့် ရင်ဆိုင် ကြုံတွေ့ရမည်မှာ အမှန်ပင်ဖြစ်ပေသည်။ကျွန်ုပ်တို့အပေါ်သွန်းလောင်းပေးသောကျေးဇူးတော်နှင့် ခံစားရရှိသော ဘုရားရှင်၏ကရုဏာထားခြင်းသည် နှိုင်းယှဉ် ဖော်ပြနိုင်ရန် မစွမ်းသာလောက်အောင် ကြီးမားလွန်းပါသည်။ထို့ကြောင့် မိမိကိုယ်ကို တာဝန်ယူမှုနှင့်အတူ တာဝန်ခံမှုများဖြင့် ကျရှုံးမှုများ၌နစ်မွန်းမနေဘဲ အသက်တာကို ပြန်လည်ပုံသွင်းကာ မွမ်းမံကြရမည်ဖြစ်သည်။သို့ဖြစ်၍ ကျွန်ုပ်တို့၏အပြုသဘောဆောင်သည့် ရှင်သန်မှုအသက်တာအားဖြင့် သက်သေခံ၍ ကောင်းမြတ်တော်မူခြင်း ကိုကြွေးကြော်ရန်လိုအပ်ပေသည်။