ဖေဖေါ်ဝါရီလ(၁)ရက်(အင်္ဂါနေ့)
ရှင်မာကု(၅:၂၁-၄၃)
စစ္စတာရ်ထရီဇာ(ISR)
၂၁။ယေဇူးသည်လည်းတစ်ဖက်ကမ်းသို့လှေဖြင့်တစ်ဖန်ကူးတော်မူသောအခါများစွာသောလူအစုအဝေးတို့သည်အထံတော်သို့စုရုံးလာကြ၏။ကိုယ်တော်သည်ပင်လယ်ကမ်းနား၌ရှိတော်မူ၏။၂၂။ထိုအချိန်တွင်ဂျိုင်ရုအမည်ရှိသောတရားဇရပ်မှူးတစ်ဦးသည်အထံတော်သို့ရောက်လာ၏။သူသည်ကိုယ်တော့်ကိုမြင်သောအခါခြေတော်ရင်း၌ပျပ်ဝပ်လျက်၊၂၃။အကျွန်ုပ်၏သမီးငယ်သည်သေလုနီးပါးဖြစ်နေပါသည်။ကိုယ်တော်ကြွလာတော်မူ၍သူမအပေါ်၌လက်တော်ကိုတင်တော်မူလျှင်သူမသည်ကျန်းမာလာ၍အသက်ရှင်ပါလိမ့်မည်ဟုအသနားခံလျှောက်ထားလေ၏။၂၄။ထိုအခါကိုယ်တော်သည်သူနှင့်အတူလိုက်သွားတော်မူ၏။များစွာသောလူအစုအဝေးသည်လည်းကိုယ်တော်၏နောက်တော်သို့လိုက်ကြသဖြင့်ကိုယ်တော်၏အနီးတွင်ပြည့်ကျပ်လျက်တိုးဝှေ့နေကြ၏။၂၅။ထိုအရပ်၌တစ်ဆယ့်နှစ်နှစ်ပတ်လုံးသွေးသွန်နာစွဲကပ်နေသောအမျိုးသမီးတစ်ဦးရှိ၏။၂၆။သူမသည်များစွာသောဆေးဆရာတို့၏ကုသမှုကိုခံယူခဲ့ပြီးမိမိ၌ရှိသမျှသောဥစ္စာပစ္စည်းများကုန်ဆုံးသွားခဲ့သော်လည်းသက်သာရာမရသည့်အပြင်ဝေဒနာသည်ပို၍ဆိုးရွားလာခဲ့၏။၂၇။သူမသည်ယေဇူး၏အကြောင်းကိုကြားသိခဲ့ရပြီးကိုယ်တော်၏နောက်တော်မှလူအစုအဝေးထဲသို့ဝင်၍ကိုယ်တော်၏ဝတ်ရုံတော်ကိုတို့လေ၏။၂၈။အကြောင်းမူကားသူမကငါသည်ကိုယ်တော်၏ဝတ်ရုံတော်ကိုသာတို့ထိရပါလျှင်ရောဂါပျောက်ကင်းလိမ့်မည်ဟုမိမိစိတ်ထဲတွင်တွေးမိသောကြောင့်ဖြစ်၏။၂၉။ထိုခဏချင်းတွင်ပင်သူမ၏သွေးသွန်ခြင်းသည်ရပ်ဆိုင်းသွား၍သူမ၏ခန္ဓာကိုယ်၌ဝေဒနာပျောက်ကင်းသွားသည်ကိုခံစားရလေ၏။၃၀။ထိုအခါယေဇူးသည်မိမိထံမှတန်ခိုးတော်ထွက်သွားသည်ကိုသိတော်မူ၍လူအစုအဝေးတို့ဘက်သို့ချက်ချင်းလှည့်တော်မူပြီးမှငါ၏ဝတ်ရုံကိုမည်သူတို့ထိသနည်းဟုမေးတော်မူ၏။၃၁။ကိုယ်တော်၏တပည့်တော်တို့ကလည်းလူအစုအဝေးသည်ကိုယ်တော်အားဝိုင်းရံတိုးဝှေ့နေသည်ကိုသိလျက်နှင့်ငါ့ကိုမည်သူတို့ထိသနည်းဟုမေးတော်မူသလောဟုလျှောက်ထားကြ၏။၃၂။သို့သော်ကိုယ်တော်သည်မိမိကိုမည်သူတို့ထိခဲ့ကြောင်းသိရန်ပတ်လည်သို့လှည့်ကြည့်တော်မူ၏။၃၃။ထိုအမျိုးသမီးမူကားမိမိ၌ဖြစ်ပျက်သမျှကိုသိသောကြောင့်ကြောက်ရွံ့တုန်လှုပ်စွာချဉ်းကပ်၍ခြေတော်ရင်းတွင်ပျပ်ဝပ်လျက်ဖြစ်ရပ်မှန်ကိုအကုန်အစင်လျှောက်ထားလေ၏။၃၄။ထိုအခါကိုယ်တော်ကလည်းသမီး၊သင်၏ယုံကြည်ခြင်းသည်သင့်ကိုကျန်းမာစေပြီ။ငြိမ်သက်ခြင်းဖြင့်သွားလော့။သင်၏ရောဂါပျောက်ကင်းစေဟုသူမအားမိန့်တော်မူ၏။ ×××အမျိုးသမီးများအတွက်လစဉ်ကြုံတွေ့နေရသည့်ဓမ္မတာသည်အချို့သောသူများအတွက်သာမန်ဖြစ်သော်လည်းအချို့အတွက်မူအကြောစိုင်အားလုံးဆွဲဆန့်ခံလိုက်ရသကဲ့သို့နာကျင်ကိုက်ခဲမှုများဖြင့်လစဉ်ဖြတ်သန်းသွားကြရပါသည်။မည်သို့ပင်ဖြစ်စေအမျိုးသမီးများအတွက်ဘုရားပေးသောထူးမြတ်သည့်လက်ဆောင်ဖြစ်ခြင်းကြောင့်အမျိုးသမီးတိုင်းမြတ်နိုးတန်ဘိုးထားကြပေသည်။သို့သော်ဖြစ်ပေါ်ခံစားရသည့်နေ့ရက်များထက်ပို၍သွေးများတစိမ့်စိမ့်ယိုစီးပါက၊သွေးသွန်သလိုဖြစ်နေပါကခန္ဓာတွင်ရှိသင့်သည့်သွေးပမာဏကုန်ဆုံးကာခန္ဓာသာမကစိတ်ကျဝေဒနာများဖြင့်နာမကျန်းမှုများခံစားရပြီးခက်ခဲပင်ပန်းနေမည်သာဖြစ်သည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကားတွင်တစ်ဆယ်နှစ်နှစ်ပတ်လုံးသွေးသွန်နာစွဲသည့်အမျိုးသမီးတစ်ဦးသည်လူအစုအဝေးနှင့်ဖြတ်သန်းသွားသောခရစ်တော်သခင်ကိုတို့ထိရပါလျှင်မိမိခံစားရသောဝေဒနာသည်သက်သာပျောက်ကင်းမည်ကိုယုံကြည်သောကြောင့်လူအများကြားတိုးဝေ့ကာဝတ်ရုံတော်ကိုတို့ထိသည့်အကြောင်းနှင့်အမှန်ပင်ပျောက်ကင်းသည့်အကြောင်းနှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့ပြည်တွင်ကျွန်ုပ်တို့ချစ်သောသူများ၏သွေးမြေခကာအသက်ဆုံးရှုံးရပြီးကျွန်ုပ်တို့၏ဘဝသည်ရှင်နေသော်လည်းသေခဲ့ရသည်မှာတစ်နှစ်တင်းတင်းပြည့်ပြီးဖြစ်ပါသည်။တစ်ဆယ်နှစ်နှစ်တာငွေကုန်လူပန်းသော်လည်းသက်သာနိုင်ခြင်းမရှိသည့်အမျိုးသမီးတစ်ဦးထက်ကျွန်ုပ်တို့၏အခြေအနေသည်သာ၍ဆိုးနေကောင်းဆိုးနေမည်ဖြစ်သည်။အဘက်ဘက်၌ဖွံ့ဖြိုးတိုးတက်နေသည့်မျက်မှောက်ကာလအခြေအနေတွင်ဉာဏ်ပညာဖြင့်တိုင်းတာ၍စီမံရမည့်အနေအထားတွင်သွေးထွက်သံယိုဖြစ်ပွားခြင်းများဖြင့်တတိတိလက်စတုံးခံနေရခြင်းသည်နာကျင်ခါးသီးဖွယ်ဖြစ်ရလေသည်။ဤအဖြစ်အပျက်အခြေအနေဆိုးမှကျွန်ုပ်တို့ကိုမည်သူကယ်တင်နိုင်မည်နည်း။ခရစ်တော်ရှေ့မှောက်ရောက်ရှိရန်ကျွန်ုပ်တို့အားကာဆီးထားသောပင်ပန်ဆင်းရဲခြင်း၊ကြောက်ရွံ့ထိတ်လန့်ခြင်း၊စိုးထိတ်ပူပန်ခြင်း၊စိတ်ပျက်အားငယ်ခြင်း၊နာကျည်းမုန်းတီးခြင်းစသောအတားအဆီးများကိုယုံကြည်ခြင်းဖြင့်ဖြတ်ကျော်ကာသခင့်အနားသို့တိုးဝေ့ချဉ်းကပ်ကြပါစို့။"အိုသခင်သားသမီးတို့၏သွေးမြေခနေရသည့်ဤအချိန်ဝယ်ကိုယ်တော်၏ဝတ်ရုံတော်ကိုသာတို့ထိရပါလျှင်ပြန်လည်ကျန်းမာငြိမ်းချမ်းသာယာပေလိမ့်မည်။"