ဖေဖေါ်ဝါရီလ(၃)ရက်(ကြာသပတေးနေ့)
ရှင်မာကု(၆:၇-၁၃)
စစ္စတာရ်ထရီဇာ(ISR)
၇။ထို့နောက်ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ပါးကိုအထံတော်သို့ခေါ်၍သူတို့ကိုနှစ်ပါးစီစေလွှတ်လျက်ညစ်ညူးသောနတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်းသူတို့အားအပ်နှင်းတော်မူ၏။၈။ကိုယ်တော်ကလမ်းခရီးအတွက်တောင်ဝှေးမှလွဲ၍မည်သည့်အရာကိုမျှသင်တို့ယူဆောင်မသွားကြနှင့်။စားစရာ၊လွယ်အိတ်နှင့်ခါးပိုက်ဆောင်အိတ်အတွင်း၌ငွေကြေးစသည်တို့ကိုယူဆောင်မသွားကြနှင့်။၉။သို့သော်ဖိနပ်ကိုစီးကြလော့။အင်္ကျီကိုမူကားနှစ်ထပ်မဝတ်ကြနှင့်ဟုသူတို့အားမိန့်မှာတော်မူ၏။၁၀။တစ်ဖန်သူတို့အားကိုယ်တော်မိန့်တော်မူသည်ကားမည်သည့်အရပ်တွင်မဆိုအိမ်တစ်အိမ်သို့သင်တို့ဝင်ကြသောအခါထိုအရပ်မှမထွက်ခွာမီတိုင်အောင်ထိုအိမ်၌နေကြလော့။၁၁။မည်သူမဆိုသင်တို့ကိုလက်မခံဘဲသင်တို့၏စကားကိုနားထောင်ရန်ငြင်းဆန်ကြလျှင်သင်တို့ထွက်ခွာသွားသောအခါသူတို့အပေါ်၌သက်သေဖြစ်စေခြင်းငှာသင်တို့၏ခြေမှမြေမှုန့်ကိုခါပစ်ကြလော့ဟုမိန့်တော်မူ၏။၁၂။ထို့ကြောင့်သူတို့သည်ထွက်သွားကြ၍လူတို့ကိုနောင်တတရားရစေခြင်းငှာဟောပြောကြ၏။၁၃။သူတို့သည်များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကြ၍မကျန်းမာသူများစွာတို့ကိုလည်းဆီနှင့်လူးလျက်ရောဂါပျောက်ကင်းစေကြလေ၏။“Action speaks louder than word!”ဟူသောအင်္ဂလိပ်စကားအတိုင်းပင်ကျွန်ုပ်တို့၏ပြုမူကျင့်ကြံချက်များသည်ကျွန်ုပ်တို့ပြောဆိုသည့် အသံထက်ပို၍ထိရောက်ပါသည်။သို့သော်ပြောမှသိ၊ထိမှနာသောသူများ၊မသိဟန်ဆောင်ကာဖာတိဖာသာနေတတ်သောသူများ၊အကောင်ပြမှအရိပ်မြင်သောသူများစသဖြင့်ရှိနေတတ်ပေရာနှုတ်ဖြင့်ပြောဆိုသောစကားလုံးများလည်းလိုအပ်ပါသည်။ယနေ့ကြားနာရသောအသက်ပေးသည့်နှုတ်တော်ထွက်စကား၌သာသနာအမှုတော်ထမ်းရွက်ရာတွင်ဘုရားရှင်၏နှုတ်မြွက်စကားကိုနှလုံးသွင်းကျင့်ကြံ၍အပြစ်ကြောင့်ဘုရားရှင်နှင့်ဝေးကွာသွားသောလူများကိုနောင်တတရားရရန်ဟောပြောစေတော်မူသည့်အကြောင်းနှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့အကျင့်ပုံစံတွင်ကောင်းသောပုံသက်သေဖြစ်မှသာလျှင်ကျွန်ုပ်တို့ပြောသောစကားများထိရောက်မှုရှိပေမည်။ယနေ့ဆိုးရွားလှသည့်အဖြစ်အပျက်အခြေအနေများကြောင့်ဘေးလွတ်ရာသို့ထွက်ပြေးနေရသောခိုနားစရာမရှိ အတည်တကျမရှိကြောက်ရွံ့ခြင်းကိုအဖေါ်ပြုလျက်ဝေးလွင့်နေသောသိုးသငယ်များထံသို့ကျွန်ုပ်တို့သွားရန် လိုအပ်နေပါသည်။ကာယပိုင်းဆိုင်ရာလိုအပ်မှုများရှိနေသကဲ့သို့ဝိညာဉ်ပိုင်းဆိုင်ရာလိုအပ်များသည်လည်း သာ၍ရှိနေပေမည်။ဟောပြောနေရုံမျှနှင့်မလုံလောက်ပါ။သူတို့နှင့်အတူရှိနေ၍သူတို့နှင့်အတူစားသောက်ကာ ဘုရားရှင်တည်ရှိခြင်းကိုဖော်ပြသက်သေခံရန်နှင့်ဟောပြောရန်လိုအပ်နေပါသည်။“ဟေရှာယ(၆:၈)။တဖန်ထာဝရဘုရားက၊ငါသည်အဘယ်သူကိုစေလွှတ်ရမည်နည်း။ငါတို့အဘို့အဘယ်သူသွားမည်နည်းဟုမေးတော်မူသံကိုငါကြားလျှင်၊ငါက၊အကျွန်ုပ်ရှိပါ၏။အကျွန်ုပ်ကိုစေလွှတ်တော်မူပါဟုလျှောက်လေ၏။