“လူမှာအမျိုး ကြက်မှာအရိုး” ဆိုရိုးရှိတဲ့အတိုင်း ယနေ့လူ့ဘောင် အသိုင်းအဝိုင်းမှာလည်း ဆင်းရဲချမ်းသာ၊ ဆွေကြီးမျိုးကြီး၊ မြင့်မြတ်တဲ့အမျိုး၊ နှိမ့်ကျတဲ့အမျိုး စသည်ဖြင့် အဆင့်အတန်း သတ်မှတ်ပြီး ဆက်ဆံတာမျိုး တွေ့ရှိစမြဲ။ ဤယနေ့ ကြားနာရတဲ့ ဓမ္မကျမ်းစာထဲမှာ သခင်ယေဇူးရဲ့ ဆွေစဉ်မျိုးဆက်အကြောင်း ဖြစ်တယ်။ သခင်ယေဇူး ဆွေစဉ်မျိုးဆက်မှာ အာဗြာဟံကနေ သခင်ယေဇူးထိ (၄၂)ဆက်ရှိကြောင်း ကြားခဲ့ရတယ်။ သခင်ယေဇူးရဲ့ ဆွေစဉ်မျိုးဆက်မှာလည်း အာဗြာဟံ၊ ယာကုပ်၊ ဒါ၀ိတ်နှင့် မယ်တော်တို့လို ယုံကြည်သူစံပြပုဂ္ဂိုလ် သူတော်သူမြတ်တွေ ရှိသလို၊ နာမည်ပျက်ရှိတဲ့သူတွေလည်း ပါဝင်နေတာကို တွေ့ရတယ်။ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ပါဝင်နေသလို မထင်မရှားနေထိုင်တဲ့ သာမန်ပုဂ္ဂိုလ်တွေလည်း ပါဝင်နေကြတယ်။ ဘုရားသခင်ကသားတော်ယေဇူးကို လောကလူသားတွေဆီရောက်ဖို့ ပို့ဆောင်ပြင်ဆင်တဲ့နေရာမှာ ခေတ်အဆက်ဆက် လူအသီးသီးတွေကို အရှိကိုအရှိတိုင်း သူ့နေရာနဲ့သူ လက်ခံအသုံးပြုသွားတယ်ဆိုတာကို သိရတယ်။ သခင်ယေဇူးရဲ့ ဆွေစဉ်မျိုးဆက်မှာ သူတော်စင်များ၊ အပြစ်သည်များ ပါဝင်နေကြသလိုဘဲ သခင်ယေဇူး နောက်လိုက်တပည့်တွေမှာလည်း သူတော်ကောင်းတွေ ရှိသလို၊ အပြစ်ရှိသူတွေလည်း ရှိကြပါတယ်။ ဘိုးစဉ်ဘောင်ဆက်မှာ လူသားအားလုံးအတွက် စံနမူနာကောင်း ပြသတဲ့သူတော်စင် သူတော်ကောင်းများကိုသာ မြင်ချင်ကြပေမဲ့၊ မကောင်းတဲ့ ပုံသက်သေပေးတဲ့ ပုဂ္ဂိုလ်တစ်ချို့ကိုလည်း မြင်တွေ့နေရတယ်။ ဒီလိုဘဲ ကျွန်ုပ်တို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်းမှာလည်း ယုံကြည်ခြင်းမှာ စံနမူနာယူထိုက်တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ဘာကိုယုံကြည်လို့ ယုံကြည်ရမှန်းမသိဘဲ လမ်းမှားနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေကြတယ်။ ဘဝကို ရိုးသားစွာ ကြိုးစားနေကြရတဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ မရိုးမသား ခေါင်းပုံဖြတ်၊ အမြတ်ထုတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပြန်ပါတယ်။ မိမိရဲ့အချိန်တွေ၊ ပညာတွေ၊ အင်အားတွေ၊ ငွေကြေးတွေကို အခမဲ့မေတ္တာအပြည့်ဖြစ်ပေးဆပ်နေကြတဲ့အချိန်မှာ တချို့တွေက ကိုယ်ကျိုးအတွက် အမြတ်ကြေးစား ထုတ်တတ်တဲ့ သဘောထား မပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်နေကြပါတယ်။ ဆိုးသူ၊ကောင်းသူတွေ ပါဝင်နေကြတယ်။ဘုရားရှေ့မှာလည်း ကျွန်ုပ်တို့အားလုံးက ”လူ”ဆိုတဲ့ ဂုဏ်ရည်တူခြင်းတွေပါ။ ဆိုးသူ၊ ကောင်းသူ မခွဲခြားဘဲ ကျွန်ုပ်တို့အားလုံးကို ဘုရားက သူ့နေရာနဲ့သူ အသုံးပြုတော်မူပါတယ်။ သခင်ယေဇူးဘဝကို ကြည့်မယ်ဆိုလည်း သူကိုယ်တိုင် အပြစ်ကင်းတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ အပြစ်ရှိတဲ့ လူ့အသိုင်းအဝိုင်းကြားမှာ မွေးဖွားခြင်းခံခဲ့ပြီး လူသားတွေရဲ့အပြစ်အတွက် သူကိုယ်တိုင် ကာလ်ဝါရီတောင် လက်ဝါးကပ်တိုင်မှာ ပူဇော်ခံခဲ့တယ်။ ဤနည်းဖြင့် ကျွန်ုပ်တို့ လူသားတွေကို ကယ်တင်ခြင်း ကျေးဇူးပေးခဲ့တယ်။ ဒါကြောင့်မို့ ကျွန်ုပ်တို့အချင်းချင်း အရောင်အဆင်း၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ခွဲခြားခြင်း မရှိဘဲ ဘုရားသခင်ရဲ့ အကောင်းဆုံးသော လက်သုံးတန်ဆာအဖြစ် အသုံးခံနိုင်ဖို့ရန် ကြိုးစားသွားကြစို့။
Sr.Elizabeth Hkawng Naw (SFX)