ဆဌမမြောက်သာမန်တနင်္ဂနွေနေ့ (C)
တိုလီမုတ်စဩဝါဒ (လု ၆:၁၇၊ ၂၀-၂၆)
Rev.Fr.Bernardino Ne Ne(PMS National Director)
Posted by Sr.B.Myat Hnin Nwe(I.S.R.)
ဒုက္ခဝေဒနာဆိုရင် ဝယ်ချင်သူမရှိ၊သုခချမ်းသာဆိုရင်လည်း ရောင်းချင်သူမရှိ။ဆင်းရဲခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ငိုကြွေ:ခြင်း၊ မုန်းတီးခံရခြင်း၊ပစ်ပယ်ခံရခြင်းနဲ့ အသရေဖျက်ခံရခြင်းများဟာ လူတွေအတွက် မနှစ်မြို့စရာတွေပါ။မိဘတွေတိုင်းက မိမိတို့သားသမီးတွေဟာ ဆင်နင်းပြီး မြင်းကန်တာမျိုးကို မတွေ့မြင်လိုကြပါ။ကောင်းမြတ်လှသောအဖ ဘုရားသခင်ကလည်း မိမိရဲ့သားသမီးများဖြစ်တဲ့ လူသားတွေအတွက် ဒုက္ခအခက်ခဲကို တွေ့ကြုံခံစားနေရတာမျိုး မလိုလားပါ။ဆိုတော့ ဒီကနေ့ ဧဝံဂေလိကျမ်းမှာ ရှင်လုကာရဲ့မင်္ဂလာတရားတော်ကို မိမိတို့ဘယ်လိုသဘောပေါက်ဆင်ခြင်နိုင်ကြမလဲ။ဒီမေးခွန်းရဲ့အဖြေက မင်္ဂလာတရားတော်ရဲ့ အဆုံးသတ်အပိုင်းလေးမှာ ဖော်ပြပါရှိတဲ့ စကားစုအပေါ် တည်နေပါတယ်လို့ ထောက်ရှုစေချင်ပါတယ်။အဲဒီစကားစုကတော့ “လူသားကို အကြောင်းပြု၍ (on account of the Son of Man)” လို့ဆိုတဲ့ စကားစုလေးပါပဲ။ ကျမ်းပြုဆရာရှင်လုကာက လူသား(ယေဇူးရှင်)ကို အကြောင်းပြုပြီး ဒုက္ခဝေဒနာများကို ခံထမ်းသူများဟာ မင်္ဂလာရှိသူများဖြစ်ကြောင်း ရည်ညွှန်းမိန့်ဆိုလိုက်တာ ဖြစ်တယ်။ရှင်လုကာက သူ့ရဲ့ဧဝံဂေလိကျမ်းကို ယေဇူးခရစ်တော်ကို သက်ဝင်ယုံကြည်သူများ လူမှုရေးနဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခံကြရချိန်မှာ ပြုစုရေးသားခဲ့ပါတယ်။ဖိနှိပ်ညှင်းပန်းမှုက ပြင်းထန်လွန်းလှပြီး ခရစ်ယာန်တစ်ဦးဖြစ်လာရင် မိသားစုရဲ့စွန့်လွတ်ခြင်း၊ မိတ်ဆွေများရဲ့ငြင်းပယ်ခြင်းနဲ့ တရားဇရပ်များမှ နှင်ထုတ်ခြင်း စတာတွေကို ရင်ဆိုင်ရနိုင်တယ်။ လူ့အသိုင်းအဝိုင်းမှာ လွတ်လပ်စွာပါဝင်လှုပ်ရှားခွင့်၊ မိသားစုမှာ အမွေခံခွင့်များ ဆုံးရှုံးရနိုင်တယ်။ မြေယာများပိုင်ဆိုင်ထားတဲ့ လူချမ်းသာတစ်ဦးဖြစ်နေရင်တောင် ယေဇူးခရစ်တော်ရှင်၌ ယုံကြည်ဝန်ခံလိုက်တာနဲ့ အလိုအလျှောက် မိမိရဲ့ပိုင်ဆိုင်မှုများကို လက်လွှတ်လိုက်ရနိုင်တယ်။ဒီမင်္ဂလာတရားတော်ကို မဟောကြားပေးခင်လေးမှာ ကိုယ်တော်ရှင်က တမန်တော်ကြီးတစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူခဲ့တယ်လို့ သိရှိရပါတယ် (လု ၆:၁၃-၁၆)။သူ့တရားနာပရိသတ်များစွာထဲက ဒီ(၁၂)ဦးကို တမန်တော်ကြီးများအဖြစ် ရွေးချယ်ခန့်အပ်လိုက်ချိန်မှာ သူတို့အနေနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချဖို့ အတော်လေးကို ရုန်းကန်ခဲ့ရနိုင်ပါတယ်။ကိုယ်တော့်နောက်ကို လိုက်လျောက်ရင်ကောင်းမလား။အိမ်မှာ မိသားစုနဲ့ငြိမ်းချမ်းသာယာစွာ ဆက်နေတာပဲကောင်းမလား။ဆန်ကျင့်ဘက်အရာနှစ်ခုကြား ဗျာများနေခဲ့ရတယ်။ သင်နဲ့ ကျွန်ုပ်ကရော အထက်ကပြောခဲ့တဲ့ အကျဉ်းအကျပ်အခြေအနေမျိုးမှာ သာသနာပြုဖို့ ဖိတ်ခေါ်ခံရရင် စိတ်ဇဝေဇဝါမဖြစ်ဘူးလို့ ငြင်းနိုင်မလား။မိမိတို့ရဲ့ခံစားခွင့်များ၊ ပိုင်ဆိုင်မှုများ စွန့်လွတ်ပြီး အသိမ်ငယ်ဆုံးသူများနဲ့ ပူပေါင်းနိုင်မလား။ ဒါမှမဟုတ် အငိုလွယ်ပြီး အရှိုက်ခက်လေမလား။ တမန်တော်ကြီးတွေထဲကတစ်ချို့ မျက်ဝန်းမှာမျက်ရည်စို့လာခဲ့ကြတယ်။ ဒီလိုဆန့်ကျင်ဖက်ခံစားမှုကြား စိတ်ဒွိဟဖြစ်နေချိန်မှာ ယေဇူးဘုရားရှင်က သူတို့ကိုစေ့စေ့ကြည့်ပြီး မင်္ဂလာတရားတော်ကို မိန့်ကြားပေးတော်မူခဲ့ပါတယ်။“ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ယခု ဆာလောင်မွတ်သိပ်နေသော သင်တို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သင်တို့သည် ပြည့်ဝကြလိမ့်မည်။ယခုငိုကြွေးကြသောသင်တို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။ လူသားကိုအကြောင်းပြု၍ သင်တို့အား လူတို့က မုန်းတီးကြသောအခါ၌လည်းကောင်း၊ ပစ်ပယ်၍ ကဲ့ရဲ့ကြသောအခါ၌လည်းကောင်း၊ သင်တို့၏အသရေကို ဖျက်ကြသောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။ ထို့နေရက်တို့၌ ဝမ်းမြောက်ကြလော့။ ပျော်ရွှင်သောစိတ်ဖြင့် ခုန်မြူးကြလော့။အကြောင်းမူကား သင်တို့ခံစားရမည့်ဆုလာဒ်သည် ဧကန်ကြီးမားလှပေ၏။”
***ညီအစ်ကိုမောင်နှမအပေါင်းတို့၊ . . .
ယေဇူးဘုရားရှင်က ဟောကြားပေးတော်မူတဲ့ ဒီမင်္ဂလာတရားကို နှလုံးသွင်းဆင်ခြင်ခြင်းဖြင့် တမန်တော်ကြီးများနည်းတူ မိမိတို့လည်း မျက်ရည်ကြားမှာ ပြုံးပျော်နိုင်ကြပြီး ဒုက္ခတွေကြား သုခတန်ဖိုးကို နားလည်ကာ ယေဇူးရှင်ရဲ့ သာသနာပြုသာဝကများအနေနဲ့ မိမိတို့ရဲ့ဆုံးဖြတ်ရွေးချယ်မှုက မှန်ကန်ကြောင်း ဂုဏ်ယူဝမ်းမြောက်နိုင်ကြပါလိမ့်မယ်။***