ဖေဖေါ်ဝါရီလ(၁၅)ရက်(အင်္ဂါနေ့)
ရှင်မာကု(၈:၁၄-၂၁)
Sr.Teresa Myint Myint Naing(I.S.R.)
Posted by Sr.B.Myat Hnin Nwe(I.S.R.)
၁၄။ထိုအချိန်တွင်တပည့်တော်တို့သည်ပေါင်မုန့်ယူဆောင်လာရန် မေ့လျော့ခဲ့ကြသဖြင့်လှေပေါ်တွင်သူတို့၌ပေါင်မုန့်တစ်လုံးသာရှိ၏။၁၅။ကိုယ်တော်ကလည်းဖာရီဇေးဦးတို့၏တဆေးနှင့်ဟေရုဒ်၏တဆေးကိုရှောင်ရန် သတိပြုကြလော့ဟုမိန့်တော်မူ၏။၁၆။ထိုအခါသူတို့ကငါတို့၌ ပေါင်မုန့်မပါသောကြောင့်ဤသို့ပြောသည်ဟုအချင်းချင်းပြောဆိုကြ၏။၁၇။ယေဇူးသည်လည်းထိုအဖြစ်ကိုသိတော်မူသည်ဖြစ်၍သူတို့အားဆိုသည်ကားသင်တို့၌ပေါင်မုန့်မပါလာသည့်အကြောင်းကို အဘယ်ကြောင့်ဆွေးနွေးကြသနည်း။ သင်တို့သည်ယခုတိုင်အောင်မသိကြသလော။သို့မဟုတ်နားမလည်ကြသလော။သင်တို့၏စိတ်နှလုံးသည်မာကြောခိုင်မာနေသလော။၁၈။သင်တို့တွင်မျက်စိရှိလျက်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။ သင်တို့မမှတ်မိကြသလော။၁၉။ငါသည်ပေါင်မုန့်ငါးလုံးကိုဖဲ့၍လူငါးထောင်အားကျွေးမွေးသောအခါ အကျိုးအပဲ့တောင်းမည်မျှသင်တို့ကောက်သိမ်းခဲ့ကြသနည်းဟုမေးတော်မူလျှင်သူတို့ကတစ်ဆယ့်နှစ်တောင်းဟုကိုယ်တော်အားလျှောက်ကြ၏။၂၀။တစ်ဖန်ငါသည်ပေါင်မုန့်ခုနစ်လုံးကိုဖဲ့၍လူလေးထောင်အား ကျွေးမွေးသောအခါအကျိုးအပဲ့တောင်းမည်မျှသင်တို့ကောက်သိမ်းခဲ့ကြသနည်းဟုမေးတော်မူလျှင်သူတို့က ခုနစ်တောင်းဟုလျှောက်ကြ၏။၂၁။ကိုယ်တော်ကလည်းသို့ဖြစ်လျှင်သင်တို့ယခုတိုင်အောင်နားမလည်နိုင်ကြ သလောဟုသူတို့အားမိန့်တော်မူ၏။ "မိမိအတွင်း၌ရှိနေသည့်စိတ်ခံစားမှုအတိုင်းကျွန်ုပ်တို့သည် သူတစ်ပါး၏အပြုအမူအပြောအဆိုများကိုကြည့်၍ဝေဖန်သုံးသပ်ကြပါသည်။စီရင်ပြောဆိုတတ်ကြပါသည်။မှန်သည့်အချိန်အခါများရှိကောင်းရှိကောင်းပါမည်။သို့သော်ရာနှုန်းပြည့်မှန်မည်မထင်ပါ။ယနေ့ကြားနာရသောအသက်ပေးသည့် နှုတ်တော်ထွက်စကားတွင်ဖာရေဇေးဦးနှင့်ဟေရုဒ်၏တဆေးကိုသတိပြုပြီးရှောင်ရန်ခရစ်တော်သခင်မိန့်မြွက်ရာတွင်တပည့်တော်များမှမိမိတို့တွင်ပေါင်မုန့်တစ်လုံးတည်းရှိသည်ကိုသာ သတိမူ၍အချင်းချင်းပြောဆိုမေးမြန်းကြသောကြောင့်ဆရာသခင်၏ပြစ်တင်ဆုံးမခြင်းကိုခံရသည့်အကြောင်းနှုတ်မြွက်ထားပါသည်။ဖန်ခွက်ထဲတွင် ရေရှိနေပါကမည်သည့်အရာမျှထပ်ထည့်၍မရသကဲ့သို့ကျွန်ုပ်တို့၏စိတ်တွင်အတ္တ၊မာနများနှင့်ပြည့်နှက်နေပါကချစ်ခြင်းမေတ္တာသည်ဝင်ရောက်လာနိုင်မည်မဟုတ်ချေ။ခက်ခဲကြမ်းတမ်းလွန်းလှသည်ယနေ့မျက်မှောက်ကာလ၏စိန်ခေါ်မှုများ၌ပျောက်ဆုံးသွားသောအမှန်တရားအတွက် ပြန်လည်ရယူခြင်းတွင်အောင်မြင်မှုများရရှိရန်ကြာညောင်းရခြင်းသည် အကြောက်တရားနှင့်ပြည့်နေသော ရင်ဘတ်နှင့်အမှန်တရားကိုလိုချင်ရုံမျှသာဆန္ဒရှိသောသူများပြားလွန်းလှသောကြောင့်ဖြစ်ပေသည်။ငိုသံများ၊ ညည်းတွားသံများ၊ထိတ်လန့်စိုးရိမ်ကြောက်ရွံခြင်းများဖြင့်ယောက်ယက်ခတ်ပြေးလွားနေရခြင်းများစသောအရာများကိုထိပ်တိုက်ရင်ဆိုင်နေရသူများနှင့်ဝေးကွာနေခြင်းကြောင့်အနေသာနေသူများစွာရှိနေခြင်းကြောင့်ဖြစ်ပေသည်။အမှန်တရားသည်ဤလောကမှပျောက်ကွယ်လုနီးပါးဖြစ်သောအခါတစ်နေ့ဟူသော တစ်နေ့တွင်အဓမ္မတရားနှင့် လူသားများသည်ကျွန်ုပ်တို့၏အိမ်တံခါးကို လာရိုက်ချိုးမည်ဖြစ်သည်။ထိုနေ့ရက်အတွက်ကျွန်ုပ်တို့အဆင်သင့်ဖြစ်စေရန်သမ္မာတရားရှင်ကိုယ်တော်၏အသံကိုဦးထိပ်ထားကြပါစို့။အတွင်းစိတ်မှ အတ္တခံစားချက်များကိုဖယ်ကာ ခရစ်တော်သခင်၏သတိပေးနိုးဆော်ချက်များနှင့်ဆိုလိုရင်းများကို လွတ်လပ်သောနှလုံးသားဖြင့်နားထောင်ကာအလိုတော်အတိုင်း လိုက်နာလျှောက်လှမ်းကြပါစို့။