ဇာခရိယသည် ဟေရုဒ်မင်းကြီး (၃၇-၄) ဘီစီလက်ထက်မှာ အီစ္စရေးနိုင်ငံ၊ ယုဒပြည်နယ် ဂျေရုဆလင်မြို့ အနီးရှိ အိုင်းကာရင်ခေါ်ရွာတွင် နေထိုင်ခဲ့တယ်။ ဓမ္မဟောင်းကာလရဲ့ ရဟန်းတစ်ပါးလည်း ဖြစ်တယ်။ သူ့ရဲ့ဇနီးက ဧလိဇဘက်ဖြစ်တယ်။ သူတို့ဇနီးမောင်နှံတွေက ဘုရားတရား ကိုင်းရှိုင်းပြီး၊ ဘုရားသခင်ရဲ့တရားတော်ကို လိုက်နာတဲ့နေရာမှာ အပြစ်ပြောစရာမရှိအောင် နေထိုင်ခဲ့ကြတယ်။ (၁း ၅ - ၆) ဇာခရိယနဲ့ ဧလိဇဘက်တို့ရဲ့ ဘဝဟာ ခရစ်ယာန်ဘာသာဝင်ပီသစွာ ကျင့်ကြံနေထိုင်ဖို့ရန်အတွက် အတုယူစရာကောင်းတဲ့ စံနမူနာကောင်း တစ်ရပ်ဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ ခရစ်ယာန်အိမ်ထောင်စု ဘဝအသက်တာဖြင့် အသက်ရှင် နေထိုင်ခဲ့ကြပေမယ့်အသက်အရွယ် ကြီးရင့်တဲ့အထိ သားသမီးရတနာ မထွန်းကား ခဲ့ကြဘူး။ မျှော်လင့်မထားဘဲ တစ်နေ့သောညနေခင်းမှာ ဇာခရိယသည် ရဟန်းတစ်ပါးဖြစ်သည့်အလျောက် ဘုရားကျောင်းတော်ကြီးမှာ ယဇ်ပူဇော်ခြင်းအမူကို ပြုလုပ်နေတယ်။ အဲဒီအချိန်မှာ သိကြားမင်းဂါဗြီအဲလ်ထံမှ သတင်းကောင်းကို ကြားလိုက်ရတယ်။“သင်၏ဇနီး ဧလိဇဘက်သည် သင့်အတွက် သားယောကျ်ားကို ဖွားမြင်ပေးလိမ့်မည်။ သူ၏အမည်ကို ယောဟန်ဟု သင်အမည်ခေါ်ရလိမ့်မယ်” ဆိုတဲ့ သတင်းစကားကို ကြားခဲ့ရတယ်။ ဒါပေမဲ့ ဇာခရိဟာ ကောင်းကင်တမန်ထံမှ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ကြားရတဲ့အခါ ယုံကြည်လက်ခံမည့်အစား ယုံမှားသံသယ ဖြစ်ခဲ့တယ်။ သားသမီးရတနာရဖို့အတွက် ဆုတောင်းခဲ့ပမယ့် သူ့ရဲ့ဆုတောင်းချက် ပြည့်စုံမှုဟာ သူမျှော်လင့်မထားတဲ့ပုံစံဖြစ်ပြီး အံ့ဖွယ်ရာနည်းလမ်းဖြင့် ပြည့်စုံခဲ့တယ်။ ဒီနေရာမှာ ဇာခရိယသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း အတော်အတန်ရှိပေမဲ့ အကြွင်းမဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ခဲ့ဘူး။ သူ့အနေနဲ့ ဘုရားသခင်ဟာ အားလုံးစုံကို တတ်နိုင်တော်မူတဲ့ဘုရား၊ အရွယ်လွန်သူကိုပင် သားသမီးမွေးဖွားနိုင်စွမ်းကို ပေးနိုင်တဲ့အကြောင်းတွေအပေါ်မှာ သံသယစိတ် ဝင်စေခဲ့တယ်။ ဒါပေမယ့် မယ်တော်လို ဘုရားသခင်ရဲ့ စီမံကိန်းကို နားမလည်လို့ဘဲ ဖြစ်တယ်။ ယုံကြည်ခြင်း နည်းပါးတဲ့အတွက်ကြောင့် ယောဟန်မွေးဖွားတဲ့အချိန်ထိ စကားမပြောဘဲ “အ”သွားခဲ့တယ်။ ဇာခရိယသည် ရိုးရိုးအခြေအနေမှာ ယုံကြည်ခြင်း ရှိပေမယ့် ကြီးမားတဲ့စုံစမ်းမှုနဲ့ စိန်ခေါ်မှုဒဏ်ကို ရင်ဆိုင်နိုင်လောက်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ အားနည်းခဲ့တယ်။ ကျွန်ုပ်တို့ ဘဝမှာလည်း ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ သံသယစိတ်တွေကြောင့် ယုံကြည်ခြင်းမှာ အားနည်းပြီး မိမိဘဝမှာ ခံစားရတဲ့ ကျေးဇူးတော်တွေအတွက် ဘုရားကိုချီးမွမ်းဖို့ သတင်းကောင်းတွေ ဝေမျှသက်သေခံဖို့ အခွင့်အရေးကို ဆုံးရှုံးခံမှာလား၊ ဇာခရိယ ဘဝမှာလည်း သံသယစိတ်ကြောင့် ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောနိုင်စွမ်းကို အချိန်အတိုင်းအတာ တစ်ခုထိ ဆုံးရှုံးခဲ့ရတယ်။ မယ်တော်သည် ဘုရားသခင်အပေါ် အကြွင်းမဲ့ ယုံကြည်ခြင်းကြောင့် ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ဖြန့်ဝေပေးခဲ့တယ်။ ကျွန်ုပ်တို့လည်း ထိုယုံကြည်ခြင်းမျိုး ရှိပြီလား။
စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)