မတ်လ ၄ ရက် (သောကြာနေ့)
ရှင်မာတေးဦး ၉ : ၁၄ - ၁၅
စစ္စတာရ် ထရေးဇားမုဏ်း( I.S.R.)
Posted by Sr B.Myat Hnin Nwe(I.S.R.)
၁၄။ ထိုအခါ ယောဟန်၏တပည့်တို့သည် ကိုယ်တော့်ထံသို့ချဉ်းကပ်၍ အကျွန်ုပ်တို့နှင့် ဖာရီဇေးဦးတို့သည် ကြိမ်ဖန်များစွာ အစာရှောင်ကြ၍ ကိုယ်တော်၏တပည့်တော်တို့မူကား အဘယ်ကြောင့် အစာမရှောင်ဘဲနေကြပါသနည်းဟု မေးလျှောက်ကြ၏။- ၁၅။ ထိုအခါ ယေဇူးက မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်တို့သည် မိမိတို့နှင့်အတူ သတို့သားရှိနေစဉ် ဝမ်းနည်းပူဆွေးကြပါမည်လော။ သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာသောအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။အနီးဆုံးလူ၏သွေးထိုးစကားများကြောင့် မိမိအနားတွင် ချစ်ခင်ရမည့်သူများနှင့်ရှိနေစဉ် မိဘမောင်နှမချင်း မနာလိုသွေးကွဲ ကာ မခေါ်မပြောနိုင်ခြင်းများရှိတတ်ကြပါသည်။နေ့ရက်တာများ သာမန်ဖြတ်သန်းကုန်ဆုံးခဲ့စဉ်က ဘာသာရေးဝတ်ပြုခြင်းများ၊ သင်တန်းများ၊ ပွဲလမ်းသဘင်ကျင်းပခြင်းများ ရှိခဲ့လျှင်လည်း ပွဲကြည့်ပရိသတ်များအဖြစ်နှင့်သာ ရှိနေတတ်ခဲ့ကြပေသည်။သို့သော် ယနေ့ကဲ့သို့ ဆုံးရှုံးမှုများ တစ်ပွေ့တစ်ပိုက်နှင့် ခါးသက်သည့်ခံစားချက်များကို မထွေးမအန်နိုင်ဖြစ်နေရသောအခါ ပျက်ကွက်ခဲ့မိသောချစ်ခြင်းမေတ္တာပြသခြင်းများအတွက် ယူကျုံးမရဖြစ်ခဲ့မိကြပါသည်။ကျေးဇူးတော်ကြောင့် ရရှိထားသည့် ယုံကြည်ခြင်းမျိုးစေ့ကို အချိန်မပေး မပြုစုခဲ့မိခြင်းများအတွက် နောင်တရချင်ခဲ့ကြ သည်။ ဆင်းရဲသော်လည်း လူစုံခဲ့သည့်အချိန်၊ စိုပြေခဲ့သည့်ဝန်းကျင်၊ လုံခြုံခဲ့သည့်ဘဝကို ပြန်အောက်မေ့ကြသည်။ငြိမ်းချမ်းသာယာခြင်းနှင့် ဘုရားကျောင်းခေါင်းလောင်းသံနှင့်အတူ သာယာလှသည့်ဓမ္မတေးသီကျူးချီးမွမ်းသံများ ကွယ်ပျောက်သွားခဲ့ရသည်။အချင်းချင်းသည်သာ ချစ်ခင်အားကိုးရာဖြစ်ခဲ့ရသည်။ ခုမြင် ခုပျောက်တရားကိုလက်ခံလာကာ နေ့ရက်များကို စိုးတထိတ်ထိတ်နှင့် ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် သတို့သားကို ခေါ်ဆောင်သွားမည့်နေ့ရက်ရောက် သောအခါ သူတို့သည်အစာရှောင်ကြမည့်အကြောင်း နှုတ်မြွက်ထားပါသည်။ကျွန်ုပ်တို့အနားမှ အမှန်တရား၊ ဓမ္မတရား၊ လူသားဆန်ခြင်းတရားများ ပျောက်ကွယ်သွားခဲ့ရပါသည်။ သိမ်းပိုက်သွားခြင်းခံနေရပါသည်တစ်စုံတစ်ရာကိုရည်မှန်း၍ အစာရှောင်ဆုတောင်းခြင်းထက် ဝမ်းနည်းကြေကွဲမှုကြောင့် အစားစားရန်ပင် သတိမရမိခြင်းများ ရှိလာခဲ့သည်။