(မတ်လ၁၇ရက်)ဝါတွင်းကာလဒုတိယပတ်ကြာသပတေးနေ့၏ကျမ်းစာထောက်ရူချက်
သံလုကာ၁၆:၁၉-၃၁၊
Posted by Sr.Theresa Myint Myint Naing
လူမှုအသိုင်းအဝိုင်း၌ချမ်းသာဆင်းရဲကွာဟမှုသည်နိုင်ငံတိုင်း၊နေရာတိုင်း၌ရှိသည်။သာသနာတော်ကြီးအတွင်း၌ပင်လျှင်အလှူငွေပိုရသောသာသနာအုပ်စု၊အလှူငွေအ၀င်နည်းသောသာသနာအုပ်စုဟူ၍ရှိသည်။လူ့မှုဝန်းကျင်း၌ချမ်းသာဆင်းရဲကိုပိုင်ဆိုင်သောဥစ္စာပစ္စည်းအရေအတွက်၊ပမာဏနှင့်တွက်ချက်တိုင်းတာကာသတ်မှတ်ကြသည်။ယေဇူးသခင်သည်သူ၏နောက်လိုက်များအားချမ်းသာစစ်ကိုသာရှာကြံစုဆောင်းရန်၊လောကစည်းစိမ်သည်ချမ်းသာစစ်မဟုတ်ကြောင်းကိုအတန်တန်မိန့်ကြားလေ့ရှိသည်။(သံမာတေဦး၆:၁၉-၂၁၊သံလုကာ၁၁:၂-၄)အချို့သည်ဥစ္စာကိုလည်းကောင်း၊အာဏာကိုလည်းကောင်း၊ရာထူးရာခံကိုလည်းကောင်း၊လူအထင်မြင်ကြီးခြင်း၊အောင်မြင်ကျော်ကြားခြင်းကိုလည်းကောင်းချမ်းသာစစ်များဟုမှတ်ထင်ကြသည်။ယေဇူးသခင်အတွက်ချမ်းသာစစ်ကားအဘယ်အရာနည်း။ယေဇူးသခင် ၏ချမ်းသာစစ်ကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုဟောပြောရန်၊ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်းကိုကြေညာရန်၊မျက်စိမမြင်သောသူတို့အားမျက်စိအလင်းကိုပေးရန်၊ဖိနှိပ်ခံရသောသူတို့အားကယ်တင်ရန်၊ထာ၀ရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကိုကြေညာရန်တို့ဖြစ်သည်။(သံလုကာ၄:၁၈-၁၉ )ထို့ကြောင့်ပင်လျှင်ယေဇူးသခင်က‘အသိမ်ငယ်ဆုံးသောငါ၏ညီအစ်ကိုတို့တွင်တစ်ဦးကိုသင်တို့ပြုစုခဲ့ကြလျှင်ငါ့ကိုပင်ပြုစုကြပြီ’ဟုမိန့်ခဲ့ခြင်းဖြစ်သည်။(သံမာတေဦး၂၅:၃၅-၄၀)ယနေ့ဖတ်ရူသောဧဝံဂေလိကျမ်းစာ၌ခရမ်းရောင်ဝတ်ဆင်သောသူဌေးသည်သူ၏လောကစည်းစိမ်ချမ်းသာကြောင့်လောကအသက်တာကုန်ဆုံးသွားသောအခါမရဏနိုင်ငံ၌ပြင်းထန်စွာဒဏ်ခတ်ခံရခြင်းမဟုတ်။သူသည်သူ၏တစ်ဘ၀စာသုံးဖြုန်း၍မကုန်နိုင်အောင်ဥစ္စာရှိသော်လည်းသူ၏အိမ်တံခါးအနီးတွင်အနာ စိမ်းများဖြင့်တစ်ကိုယ်လုံးပေါက်၍လူတို့၏စွန့်ကြဲခြင်းကိုခံယူရန်စောင့်နေသောလာဇရူးအားသူသည်ကျွေးမွေးရန်လုံး၀သတိမရခဲ့။သူ၏အပြစ်ကားမိမိ၏အကူ အညီကိုလိုအပ်သောနီးစပ်သူကိုလစ်လျူရူခြင်းဖြစ်သည်။အကြီးမြတ်ဆုံးပညတ်၌‘သင်နှင့်နီးစပ်သောသူကိုသင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့’ဟူသည့်ပညတ်တော်သည်ဒုတိယအကြီးဆုံးဖြစ်သည်။(သံမာတေဦး၂၂:၃၄-၃၉)ထို့အတူပင်မိမိ၏မိတ်ဆွေအတွက်မိမိ၏အသက်ကိုစွန့်ခြင်းလောက်ကြီးမားသောချစ်ခြင်းမေတ္တာမျိုးမရှိ’ဟုလည်းယေဇူးသခင်မိန့်မြွတ်ထားသည်။(သံယောဟန်၁၅:၁၃)ထို့ကြောင့်သူဌေး၏အပြစ်ကားချို့တဲ့နွမ်းပါးသူကိုမိမိတတ်နိုင်ပါလျှက်လျစ်လျူရှုခဲ့သည့်အပြစ်ကြီးဖြစ်သည်။“အိုသခင်၊တပည့်တော်တို့၏အကူအညီကိုလိုအပ်နေသောမိမိတို့၏နီးစပ်သူများဖြစ်သည့်အသိမ်ငယ်ဆုံးသောသူတို့အားလစ်လျူမရူမိစေရန်ကရုဏာသနားစိတ်တိုးပွားလာစေတော်မူပါဘုရား”