၀ါတွင်းကာလတတိယပတ် ဗုဒ္ဓဟူးနေ့၏ကျမ်းစာထောက်ရှုချက်
သံမာတေဦး ၅း၁၇-၁၉၊
Rev.Fr.Cle Pike
Posted by Sr.B.Myat Hnin Nwe(I.S.R.)
ယေဇူးသခင်၏မိန့်မှာချက်များကိုဂျူးတို့၏ဘာသာရေးခေါင်းဆောင်များနှင့်ဂျူးလူမျိုးများလက်မခံနိုင်ကြ။ ယေဇူးသခင်ကိုအမျိုးမျိုးပြောကြသည်။ဥပမာအားဖြင့်ယေဇူးသခင်သည် လက်ခြေသေနေသောသူအား‘ငါ့သား၊အားမငယ်နှင့်၊သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရလေပြီ’ဟုမိန့်သည်ကိုကျမ်းတတ်ဆရာများက ဘုရားသခင်ကိုထိခိုက်၍ပြောဆိုသည်ဟုစွပ်စွဲခဲ့သည်။(သံမာတေဦး ၈း၁-၃)ထို့အတူယေဇူးသခင်က‘သင်တို့အားငါဧကန်အမှန်ဆိုသည်ကားလူသား၏အသားကိုသင်တို့မစား၊သူ၏သွေးကိုလည်းသင်တို့မသောက်ကြလျှင်သင်တို့၌ အသက်မရှိနိုင်ရာ’ ဟုပြောဆိုသောကြောင့်ဤခက်ခဲနက်နဲသောသွန်သင်ချက်ကိုမခံယူနိုင်သောကြောင့်နောက်ပိုင်း၌ ကိုယ်တော်နှင့်အတူသွားလာ ခြင်းမပြုကြတော့ချေ။(သံယောဟန် ၆း၅၃၊ ၆၀၊ ၆၆)ယေဇူးသခင်သည် ဖမ်းဆီးခံရပြီးနောက်ရဟန်းအကြီးအကဲများစစ်ဆေးမေးမြန်းရာတွင်ယေဇူးသခင်ကမေးမြန်းချက်ကိုပြန်လည်ဖြေကြားရာအစောင့်တစ်ယောက်ကယေဇူးသခင်၏ပါးကိုရိုက်ခဲ့သော်လည်းယေဇူးသခင်သည်သူ၏စကားကိုလုံး၀မပြင်ဆင်။(သံယောဟန် ၁၈း၁၉-၂၄)ယေဇူးသခင်သည်ဘုရားသခင်စေလွှတ်တော်မူသောသူဖြစ်၍ဘုရားသခင်၏စကားကိုပြောဆိုသည်။(သံယောဟန် ၃း၃၄) အသက်အန္တရာယ်မည်မျှရှိစေကာမူယေဇူးသခင်သည်မမှန်မကန်၊လိမ်လည်ပြောဆိုခြင်းကိုလုံး၀မပြုပေ။ယေဇူးသခင်သည်သမ္မာတရားကိုသက်သေခံရန်မွေးဖွားလာခဲ့၏။(သံယောဟန် ၁၈း၃၇) ယေဇူးသခင်၏နှုတ်တော်ထွက်စကားတိုင်းသည်အစွမ်းထက်သည်။အဓိပ္ပါယ်ရှိသည်။မုန်းတိုင်းကိုအမိန့်ပေးသောအခါ ၀ပ်ဆင်းသွားရသည်။ နတ်ဆိုးများကိုအမိန့်ပေးသောအခါ နာခံကြရသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည် သမ္မာတရားဖြစ်သည်။(သံယောဟန် ၁၄း ၆ခ)ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၌ ကြိုတင်ဟောထားသောသူဖြစ်သောကြောင့်ဖြစ်သည်။ ကျမ်းတတ်ဆ ရာများစွပ်စွဲသကဲ့သို့ ယေဇူးသခင်သည် ဥပုသ်နေ့ဥပဒေကိုလည်းမဖျက်၊ ရှေးထုံးကိုလည်းပယ်သူမဟုတ်ပေ။
...အိုသခင်၊ကိုယ်တော်၌သာ ထာ၀ရနှင့်ယှဉ်သောစကားရှိကြောင်းကို တပည့်တော်တို့အားယုံကြည်လာစေတော်မူပါ။...