မတ်လ(၃၀)ရက်ဝါတွင်းကာလစတုတ္ထပတ်ဗုဒ္ဓဟူးနေ့၏ကျမ်းစာထောက်ရူချက်
သံယောဟန် ၅:၁၇-၃၀၊
By Fr.Cle Pike
Posted by Sr.Theresa(ISR)
ယေဇူးသခင်သည်လောကအသက်တာ၌တရားဒေသနာတော်ကိုမမောနိုင်မပန်းနိုင်အောင်ပါလက်စတိုင်းတစ်ခွင်ခြေရာထပ်အောင်သွားလာဟောကြားခဲ့သည်။ယေဇူးသခင်က“ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကိုဆောင်ရွက်ခြင်းနှင့်ထိုအရှင်၏အမှုတော်ကိုပြီးမြောက်စေခြင်းသည်ငါ၏အစာဖြစ်သည်”ဟုမိန့်တော်မူသည့်အတိုင်းပင်(သံယောဟန်၄:၃၄)ယေဇူးသခင်သည်သူထံသို့လူအုပ်ကြီးတိုးကြိတ်၍ရောက်လာလျှင်မောပန်းသည်မသိ၊ဟောပြောရန်အမြဲအသင့်ရှိနေတတ်သည်။(သံမာတေဦး၅:၁-၂)ခရီးရောက်မဆိုက်ပင်ကုသစရာနှင့်ကြုံလျှင်လည်းနေ့ရွှေ့ညရွှေ့ရွှေလေ့မရှိ။ချက်ချင်းပင်ကုသပေးသည်။(သံမာတေဦး၈:၁-၄၊၉:၁-၈)ယေဇူးသခင်သည်လူမျိုးခြားဖြစ်စေကာမူသူ့အားအသနားခံတောင်းလျှောက်သူများကိုလည်းကူညီရန်မငြင်းဆန်ခဲ့ပေ။(သံမာတေဦး၈:၅-၁၃)ယေဇူးသခင်သည်ကုသမှုကိုပြုရာ၌အမျိုးသား၊အမျိုးသမီး၊အသက်အရွယ်ခွဲခြားခြင်းမရှိ။အကူအညီလိုအပ်သူကိုချက်ချင်းကူညီခဲ့သည်။(သံမာတေဦး၈:၁၂-၁၅၊၉:၁၈-၂၆၊၁၅:၂၀-၂၈)ခရီးသွားရင်းတန်းလန်းနှင့်လည်းယေဇူးသခင်သည်ကုသမှုကိုပြုခဲ့သည်။(သံမာတေဦး၉:၂၇-၃၁)ခရီးသွားနေရင်းနှင့်ပင်သွန်သင်ဟောကြားခဲ့သည်။(သံမာတေဦး၂၀: ၁၇-၁၉)ဥပုသ်နေ့ကိုလည်းမရှောင်ဘဲသွန်သင်ဟောကြားသည်။(သံမာတေဦး၁၂:၁-၈၊၉-၁၄)လူများသူ့ကိုယုံကြည်သည်၊မယုံကြည်ခြင်းသည်ယေဇူးသခင်အတွက်အရေးမကြီး။ကုသပေးရန်၊ကူညီပေးရန်သာဖြစ်သည်။(သံမာတေဦး၁၃:၅၃-၅၈)ယေဇူးသခင်သည်အနေမနားသွားလာကာတရားဒေသနာဟောကြားခြင်း၊အနာရော ဂါစွဲကပ်ခံစားနေရသူများကုသပေးခြင်းတို့ကြောင့်အစာအစားရန်ပင်မအားနိုင်ကြပေ။ထို့ကြောင့်ယေဇူးသခင်အားတိုက်ခိုက်ထိုးနှက်လိုသောသူတို့ကယေဇူးသခင်သည်‘စိတ်ဖောက်ပြန်လျှက်ရှိသည်’ဟုဆိုကြ၏။ယေဇူးသခင်သည်အဘယ်ကြောင့်ဤမျှမနားမနေဘဲခမည်းတော်၏အမှုတော်ကိုဆောင်ရသနည်းဟုမူတရားဟောရာကျမ်း(၆:၄-၉)၌ထာ၀ရဘုရားက‘အိုအစ္စရေးလူမျိုး၊နားထောင်လော့။ငါတို့၏ဘုရားဖြစ်သောထာ၀ရဘုရားသခင်သည်တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။သင် ၏အရှင်ဘုရားသခင်ကိုသင်၏နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှ၊ဉာဏ်အားရှိသမျှ၊ခွန်အားရှိသမျှချစ်လော့။ယနေ့ငါသင်တို့အားသွန်သင်သောဤစကားများကိုသင်တို့ ၏နှလုံးထဲ၌မှတ်သားထားကြလော့။ဤစကားများကိုသတိကြီးစွာဖြင့်သင်တို့၏သားသမီးများအားသင်ကြားပေးရမည်။သင်တို့၏အိမ်၌ထိုင်နေသည်ဖြစ်စေ၊လမ်း လျှောက်နေသည်ဖြစ်စေ၊လဲလျောင်းနေသည်ဖြစ်စေ၊မတ်တပ်ထနေသည်ဖြစ်စေသင်ကြားပေးရမည်။ဤစကားများကိုသင်တို့၏လက်မောင်း၊နဖူးစည်း၊အိမ်တိုင်များ၊အိမ်တံခါးပေါက်များ၌ရေးထိုးထားရမည်’ဟုမှာကြားထားသောကြောင့်ဖြစ်သည်။ဆိုလိုသည်မှာဘုရားသခင်၏အမှုတော်၊အလိုတော်ကိုဆောင်ရာ၌အားချိန်၊နားချိန်၊အလုပ်ချိန်၊သွားချိန်၊လာချိန်ဟူ၍သီးသီးသန့်သန့်ခွဲခြားသတ်မှတ်ထား၍မရ။ကြုံလျှင်ကြုံသကဲ့သို့၊အခြေအနေပေးလာလျှင်ပေးလာသည့်အတိုင်းချက်ချင်းလုပ်ဆောင်ရမည်။ရွှေ့ဆိုင်းချန်လပ်မထားရန်ဖြစ်သည်။ထို့ကြောင့်ယနေ့ဖတ်ကြားသောဧ၀ဂေလိကျမ်းစာတော်မြတ်၌ယေဇူးသခင်က‘ငါ့ခမည်းတော်သည်ယခုတိုင်အောင်အလုပ်လုပ်လျက်ရှိသည့်အအတိုင်းငါသည်လည်းအလုပ်လုပ်လျက်ရှိသည်ဟုဆိုရာ၌သူလုပ်ဆောင်သမျှသည်ခမည်းတော်၏အလိုက်တော်ဖြစ်၍ခမည်းတော်ဘုရားလပ်ဆောင်သကဲ့သို့ဖြစ်သည်။ထို့အတူကျွန်ုပ်တို့သည်လည်းယေဇူးသခင်သင်ကြားလမ်းပြသည့်အတိုင်းမပျင်းမရိလုပ်ဆောင်ခြင်းသည် ခမည်းတော်ဘုရား၏အလိုကိုလုပ်ဆောင်ခြင်းဖြစ်သည်။“အိုသခင်၊တပည့်တော်တို့အားကိုယ်တော်၏အလိုတော်ကိုလုပ်ဆောင်ရာ၌ခိုကပ်ချပ်လပ်ထားခြင်း၊ချက်ချင်းမလုပ်ဘဲရွေ့ဆိုင်းထားခြင်းမျိုးမပြုလပ်မိစေရန်နိုးကြားစွာရှိနေစေတော်မူပါ။”