သံယောဟန်မွေးဖွားခြင်းသည် သားသမီးမရရှိသူ မိဘနှစ်ပါးရဲ့ ဆုတောင်းချက်အရ ဘုရားသခင် မေတ္တာစေတနာ သန့်သန့်ဖြင့် ပေးတော်မူတဲ့ ဘုရားပေးလက်ဆောင်မွန် သားရတနာပင်ဖြစ်တယ်။ ဂျူးလူမျိုးတွေရဲ့ ထုံတမ်းစဉ်လာအရ မွေးဖွားလာတဲ့ သားယောကျ်ားလေးကို ရှစ်ရက်မြောက်တဲ့နေ့မှာ အရေဖြားလှီးခြင်း မင်္ဂလာပေးခြင်းဖြင့် အာဗြာဟံနဲ့ ချုပ်ဆိုတဲ့ ပဋိညာဉ်တရားတော်ကို အမွေဆက်ခံခြင်းအနေဖြင့် အသိအမှတ်ပြု ယူဆကြတယ်။ သံယောဟန်ရဲ့ မွေးဖွားမှုဟာ ဘုရားပေးတဲ့ဂတိ ပြည့်စုံမူကိုဖာ်ပြသလို၊ အရွယ်လွန်သူ၊ မြုံနေသူများ ဆုတောင်း၍ ဘုရားတန်ခိုးဖြင့်သာ သားရတနာရရှိကြတဲ့အတွက် ဆွေမျိုးများနဲ့ အိမ်နီးချင်းများ ဝမ်းသာမဆုံး၊ အံ့သြ၍မဆုံး ဖြစ်နေကြတယ်။ သူတို့တွေကလည်း ဘုရားသခင်ရဲ့ ချစ်ခင်ကြင်နာမှု၊ အလုံးစုံကို တတ်နိုင်မှု၊ ဆုတောင်းလျှင် ပြည့်စုံမှုတို့ကို ပိုမိုနားလည်လာကြပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပိုမိုတိုးတက် ခိုင်မာလာကြ တယ်။ ဆုတောင်းမပြည့်သည့် အခါမှာလည်း ဆုတောင်းပြည့်ခြင်း တစ်မျိုးဘဲ။ ဘာလိုလဲဆိုတော့ ကိုယ်တောင်းတဲ့ဆုက ကိုယ့်အတွက် အန္တာရာယ်ဖြစ်စေတဲ့အရာ ဖြစ်နေလို့ ဘုရားမပေးတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ဘုရားရှင်အပေါ် ယုံကြည်ခြင်း စမ်းသပ်ခြင်းလည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အဓိကကတော့ ဆုတောင်း ပြည့်သည့်အခါဖြစ်စေ၊ မပြည့်သည့်အခါဖြစ်စေ ဘုရားရှင်အပေါ် ယုံကြည်ခြင်း ခိုင်မြဲနေဖို့ပါဘဲ။ ယောဟန်ရဲ့ မွေးဖွားခြင်းသည် ထူးခြားမှု ရှိသလိုဘဲ အမည်ပေးတဲ့ အခါမှာလည်း မိသားစု အစဉ်အလာအတိုင်း မဟုတ်ဘဲ၊ ဘုရားသခင် စီစဉ်ပေးတဲ့ အမည်နာမကို မှည့်ခေါ်ရတယ်။ ဒီလိုမှည့်ခေါ်ရခြင်းကလည်း မိရိုးဖလာလုပ်ငန်းထက် ဘုရားသခင်ပေးလာမည့် ထူးခြားတဲ့လုပ်ငန်းကို ဆောင်ရွက်ဖို့ရန် ဖိတ်ခေါ်ခံရတယ် ဆိုတာကိုလည်း ရည်ညွန်းနေပါတယ်။ယောဟန်ကို အမည်ပေးတဲ့အခါမှာ ဖခင်ဖြစ်သူကို အစပိုင်းမှာ ခြေဟန်လက်ဟန်ဖြင့် ဆက်သွယ်နေရာကနေ စကားပြောနိုင်စွမ်းကို ထူးဆန်းစွာ မြင်တွေ့ခဲ့ကြရတယ်။ ဇာခရိယစကား “အ” သွားခြင်းဟာ ဒဏ်ခတ်မှုအဖြစ် မြင်ခြင်းထက်၊ ဒီနိမိတ်လက္ခဏရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့ အဓိပ္ပါယ်ကို စဉ်းစားစေလိုခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ဘဝမှာလည်း တခါတရံ မျှော်လင့်မထားတဲ့ကိစ္စတွေ ကြုံတွေ့လာရတဲ့အခါ ဘုရားသခင် ဒဏ်ခတ်တာလား မသိဘူးဆိုပြီး ငြီးတတ်ကြတယ်။ ဘုရားကဒဏ်ခတ်တဲ့ ဘုရား မဟုတ်ပါဘူး။ ချစ်ခြင်းနဲ့ပြည့်ဝတဲ့ဘုရားပါ။ ကျွန်ုပ်တို့ကို ပိုမိုရင့်ကျက်စေဖို့၊ သင်ခန်းစာယူဖို့၊ ပြဿနာဖြေရှင်းတတ်ဖို့၊ ဘုရားပေးလာမယ့်ကျေးဇူးတွေကို ထိုက်တန်စွာ ခံယူနိုင်ဖို့၊ ဘုရားရဲ့ဘုန်းဂုဏ်တော်ကို မိမိအားဖြင့် ထင်ရှားစေခြင်းကြောင့်တွေဘဲ ဖြစ်ပါတယ်။
#စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)