ဇာခရိယရဲ့ ချီးမွမ်းသီချင်းထဲမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းကြင်နာခြင်း၊ အခွင့်လွတ်မှုနှင့် အလင်းကျေးဇူးတော်များ အကြောင်းကို အသားပေး ချီးမွမ်းထားတာ တွေ့ရပါတယ်။”ကိုယ်တော်သည် မှောင်မိုက်နှင့်သေမင်း၏ အရိပ်ထဲတွင် နေထိုင်သောသူတို့အပေါ် ကိုယ်တော်၏အလင်းကို ပေါ်ထွန်းစေ၍ ကျွန်ုပ်တို့ကို ငြိမ်းချမ်းရေးလမ်း အတိုင်း လမ်းပြ ခေါ်ဆောင်တော်မူလိမ့်မည်။“ (ရှင်လုကာ ၁း ၇၉) ဤနေရာမှာ မက်ဆီးယားသခင်ကို နေမင်းကြီးနှင့် နှိုင်းယှဉ်ထားသလို နေမှပေါ်ထွက်လာသည့် နေရောင်ခြည်နှင့်လည်း ထပ်မံနှိုင်းယှဉ်ထားပါတယ်။ ကျွန်ုပ်တို့ဟာ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားလာနေချိန်မှာ အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်သလို၊ အပြစ်ရဲ့ အမှောင်ထုတွင် အကောင်းအဆိုး၊ အမှားအမှန် မခွဲခြားနိုင်ဘဲ အားကိုးရာမဲ့ အခြေအနေမှာ ရှိနေခဲ့ကြရတယ်။ ခရစ်တော်ယေဇူး လောကကို ကြွရောက်လာပြီးမှဘဲ လူတို့ဟာ ခရစ်တော်ရှင်ထံမှ ယုံကြည်ခြင်းအလင်း၊ နှုတ်ကပတ်တော်ရောင်ခြည်၊ ၀ိညာဉ်တော်ဘုရားရဲ့ အလင်းကျေးဇူးတော်များကြောင့် ကျွန်ုပ်တို့ဟာ အလင်းရဲ့ သားသမီးများ ဖြစ်လာကြပြီး ဘုရားရှင်ကို ယုံကြည်အားကိုးလျက် ယုံကြည်စိတ်ချစွာ အသက်ရှင်နေထိုင် နိုင်ခဲ့ကြတယ်။ ယေဇူးသခင်ရဲ့ ဖွားမြင်ခြင်းနှင့် ရှင်ပြန်တော်မူခြင်းဟာ နံနက်အချိန် ထွက်ပေါ်လာတဲ့ နေရောင်ခြည်အလင်းလိုဘဲ နတ်ဆိုးရဲ့ကျွန်ဘဝနှင့် အပြစ်ရဲ့ကျွန်ဘဝမှာ နစ်မွန်းနေတဲ့ ကျွန်ုပ်တို့အတွက် မျှော်လင့်ခြင်းရောင်ခြည်ကို အပြည့်အဝပေးခဲ့ခြင်း ဖြစ်တယ်။ ယေဇူးသခင်ရဲ့ အလင်းအားဖြင့် ကျွန်ုပ်တို့ အားလုံးမှအပြစ်ဒုစရိုက်များ၊ ရန်ငြိုးရန်စများ၊ ဂုဏ်ပြိုင်မှုများ၊ ဂလဲ့စားချေမှုများ၊ တစ်ကိုယ်ကောင်းဆန်မှုများကို စွန့်လွတ်ပြီး အချင်းချင်း ကြေအေးပြီး၊ ယုံကြည်ခြင်းအလင်းနှင့် သမ္မာကျမ်းစာ သွန်သင်မှုအတိုင်း လိုက်နာကျင့်ကြံရင်း ကုသိုလ်ပါရမီများကိုဆည်းပူးရင်း လျှောက်လှမ်းကြပါစို့။
#စစ္စတာရ် ဧလိဇဘက် ခေါင်နော (SFX)