ပျော်ရွှင်သော ခရစ္စမတ်ဖြစ်ပါစေလို့ အားလုံးကို နှုတ်ခွန်းဆက်သပါတယ်။ သခင်ခရစ်တော်ကို ဘုရားသားတော်အဖြစ် ယုံကြည်လက္ခံကြတဲ့ လူသားအားလုံး ဘုရားသားသမီးများ ဖြစ်ခွင့်ရကြတယ်။ ဒါဟာ လူရဲ့အလိုတော်အားဖြင့် မဟုတ်ဘဲ ဘုရားသခင်ရဲ့ ချစ်ခြင်းအားဖြင့် ဖြစ်ခွင့်ရခြင်းဖြစ်ပါတယ်။ ခရစ္စမတ် ရောက်ရင် အားလုံးက ခရစ္စမတ်လက်ဆောင်လေးကို တွဲပြီး သတိရကြတယ်။ ဘဝမှာ ပထမဆုံးရတဲ့ ခရစ္စမတ်လက်ဆောင်လေးကို ခုထိ သတိရနေပါသေးတယ်။ အသက်(၅)နှစ်အရွယ် ကလေးဘဝက ဘုရားကျောင်းဘေးမှာ စိုက်ထူထားတဲ့ ခရစ္စမတ်သစ်ပင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိတယ်။ ရောင်စုံအရုပ်တွေ မုန့်မျိုးစုံ၊ အထုပ်တွေ တွဲလွဲခိုလို့ပေါ့။ နာမည်ခေါ်လိုက်ချိန်မှာ ဖလားခွက်ထဲက မဲလိပ်လေးကို ကောက်လိုက် တယ်။ ဘဝမှာ ပထမဆုံးရရှိတဲ့ ခရစ္စမတ်လက်ဆောင်ထုပ်လေးကို ပျော်ရွှင်စွာရင်မှာပိုက်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ အစိမ်းရောင် မှင်အိုးလေး ဖြစ်နေတယ်။ ချက်ခြင်းဘဲ အဖေ့ဆီကိုပြေးပြီး ခရစ္စမတ်လက်ဆောင်ကို ပြောလည်းပြော ပေးလည်းပေးပေါ့။ အဖေက စာရေးတယ်လေး။ ညဘက်အိပ်ချိန်တွေမှာ ပိုင်းလော့ဖောင်တိန်လေးထဲကို မှင်ထည့်ပြီး စာရေးနေတဲ့ အဖေ့ကို အိပ်ယာထဲကနေ လှမ်းကြည့်ရင် ကျေနပ်ပျော်ရွှင်ခဲ့ရတဲ့ ကလေးဘဝ အမှတ်တရလေးကို သတိရနေဆဲပါ။ ဒီနေ့မှာတော့ အဖဘုရားသခင်က လူသားအားလုံး သူ့ရဲ့သားသမီးဖြစ်ခွင့်ဆိုတဲ့ အဖိုးတန် လက်ဆောင်လေးကို ပေးခဲ့ပါတယ်။ (သံယောဟန် ၁း ၁၂) ကိုယ်တော်သည် မိမိကိုလက်ခံ၍ ယုံကြည်ကြသောသူတို့အား ဘုရားသခင်၏ သားသမီးဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။မွေးဖွားလာတဲ့ ကယ်တင်ရှင်ခရစ်တော်အားဖြင့် ဒီအခွင့်အရေးကို ရရှိခဲ့ကြတယ်။ ရရှိခြင်းထက် ကိုယ်ချစ်ရတဲ့သူကို ပေးရခြင်းက ရင်ကိုပိုပြီး အေးမြစေတယ် ဆိုတာကို ကြုံဖူးကြမှာပါ။ ဘာဘဲဖြစ်ဖြစ် ဒီနေ့တော့ ချစ်ရတဲ့ အဖဘုရားရှင်ကို တစ်ခုခု လက်ဆောင် ပြန်ပေးကြရအောင်။ သူငယ်တော်ယေဇူးလေး ယူဆောင်လာတဲ့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း လက်ဆောင်လေးများနဲ့ ဘဝမှာ ဘုရားရှင်အလိုတော်ကျ နေထိုင်အသက်ရှင်ရင်း လှပတဲ့ပါရမီလက်ဆောင်များကို ဘုရားရှင်အား ပြန်လည်ဆက်ကပ်နိုင်ရအောင် ကြိုးစားကြပါစို့။
#စစ္စတာရ် မေရီ ဒိုရင်း (SFX)