ပါစကားကာလစတုတ္ထပတ် သောကြာနေ့၏ကျမ်းစာထောက်ရှုချက်
သံယောဟန် ၁၄း၁-၆၊
Rev.Fr.Cle Pick
Posted by Sr.B.Myat Hnin Nwe (I.S.R)
ယေဇူးသခင်၏သွန်သင်ချက်များကြောင့် ဂျူးဘာသာရေးခေါင်းဆောင်တို့သည် အတော်စိတ်အနှောင့်အယှက် ဖြစ်ကြရသည်။အဘယ်ကြောင့်နည်း။ယေဇူးသခင်၏မိဘများသည် လူကုန်ထံများကြား၊ဘာသာရေးခေါင်းဆောင်ဟုသတ်မှတ်ဂုဏ်မောက်နေသူများ ကြား၌မသိကြ။ယေဇူးသခင်၏မွေးဖွားခြင်းသည် လူမသိသူမသိမွေးဖွားခဲ့၏။ရွှေလင်ဗန်းနှင့်အချင်းဆေးခဲ့သူလည်းမဟုတ်ခဲ့ပေ။ယေဇူးသခင်၏ ဒေါသနှင့်ဆိုင်သောသွန်သင်ချက်(သံမာတေဦး ၅း၂၁-၂၂)၊သူတစ်ပါးသားမယားကိုပြစ်မှား ခြင်းနှင့်ပတ်သက်သောသွန်သင်ချက်(သံမာတေဦး ၅း၂၇-၂၈)၊ကျိန်ဆိုခြင်းအကြောင်း(သံမာတေဦး ၅း၃၃-၃၇)၊ လက်စားချေခြင်းအကြောင်း(သံမာတေဦး ၅း၃၈-၄၂)၊ရန်သူနှင့်ပတ်သက်သောအကြောင်း(သံမာတေဦး ၅း၄၃-၄၈)၊အလှူဒါနပြုသည့်အကြောင်း(သံမာတေဦး ၆း၁-၄)၊ ဆုတောင်းခြင်းအကြောင်း (သံမာတေဦး ၆း၅-၈)၊ အစာရှောင် ခြင်းအကြောင်း (သံမာတေဦး ၆း၁၆-၁၈)၊ သခင့်အပေါ်သစ္စာရှိစွာ အစေခံခြင်းအကြောင်း (သံမာတေဦး ၆း၂၄)၊ သူ၏ နောက်တပည့်တော်ကြီးများအားခေါ်တော်မူသည့်အကြောင်း(သံမာတေဦး ၄း၁၈-၂၂၊ ၉း၉)၊ ယေဇူးသခင်၏မိတ်ဆွေ များ(သံမာတေဦး ၉း၁၀-၁၃)၊အနာရောဂါကင်းပျောက်စေသည့်အကြောင်း (သံမာတေဦး ၈း၁-၄၊ ၅-၁၃၊ ၉း၁-၈၊ ၈း၂၈-၃၄၊ ၉း၃၂-၃၄)၊ ဥပုသ်နေ့ဥပဒေများကိုချိုးဖောက်သည့်လုပ်ရပ် (သံမာတေဦး ၁၂း၁-၈၊ ၉-၁၄)များသည် မခံမရပ်နိုင်သော၊အဘယ်သို့မျှလက်မခံနိုင်သော၊မယ်ဆီးယာဟုအမှန်တကယ်လက်ရမည်လော၊စောင့်ရဦးမည်လောဟု စိတ်အနှောက်အယှက်များစွာဖြစ်စေသည်။ယေဇူးသခင်၏သွန်သင်ချက်များ၊လုပ်ဆောင်ချက်များ၊အဖြစ်တော်ကို သူ၏ဆွေမျိုးသားချင်းများနှင့်မြို့သူမြို့သားများပင်လက်မခံနိုင်ကြပေ။(သံမာတေဦး ၁၃း၅၃-၅၈)ယေဇူးသခင်၏ သွန်သင်ချက်၊ယေဇူးသခင်၏အဖြစ်တော်သည် ဂျူးဘာသာ၀င်နှင့်ဂျူးဘာသာရေးခေါင်းဆောင်များကိုသာ စိတ်အနှောက်အယှက်ဖြစ်စေရုံသာမဟုတ်။ယေဇူးသခင်၏အနီးကပ်တပည့်တော်ကြီးများအားလည်းဖြစ်စေခဲ့သည်။လေမုန်တိုင်းကိုငြိမ်သက်စေသည့်အဖြစ်အပျက် (သံမာတေဦး ၈း၂၃-၂၇)၊လူငါးထောင်ကို၀လင်စွာကျွေးမွေးခြင်း(သံမာတေဦး ၁၄း၁၃-၂၁)၊ရေပေါ်၌လမ်းလျှောက်တော်မှုသည့်အဖြစ်အပျက်(သံမာတေဦး ၁၄း၂၂-၃၃)၊ယေဇူးသခင်၏မက်ဆီးယားအဖြစ်တော်နှင့်ပတ် သက်သောသွန်သင်ချက်(သံမာတေဦး ၁၆း၁၃-၂၃)၊မက်ဆီးယာ၏နောက် လိုက်ဟူဆိုသော်လည်း ဒုက္ခမပြီး၊ဒုက္ခနှင့်ကြုံရမည်အကြောင်း(သံမာတေဦး ၁၀း၁၆-၂၅၊ ၁၆း၂၄-၂၆)၊ကလေးသူငယ်များနှင့်ပတ်သက်၍လည်း တန်ဖိုးထားပုံကွာဟမှုများသည် တပြည့်တော်ကြီးတို့အားလည်း အံ့ဩစေခဲ့၊စိတ်အနှောက်အယှက်များဖြစ်ခဲ့ကြရသည်။ယေဇူးသခင်၏ နောက်လိုက်တပည့်တော်အချို့တို့သည် ယေဇူးသခင်၏စိတ်အနှောက်အယှက်ဖြစ်ရသော သွန်သင်ချက်များကိုကြားသိရသောအခါ လက်ခံရန်ခက်ခဲသည်ဟုဆိုကာ နောက်ဆုတ်သွားခဲ့ကြသည်။(သံယောဟန် ၆း၅၃၊ ၆၀၊ ၆၆) ယေဇူးသခင်၏တပည့်တော်ကြီးတို့သည် ကြားရသောသွန်သင်ချက်များသည် နားလည်ရန်ခက်ခဲသော်လည်း၊နားမလည်နိုင်သော်လည်းယေဇူးသခင်ထံမှထွက်ခွာသွားရန်လုံး၀ စိတ်ကူးမရှိပေ။အဘယ်ကြောင့်ဆိုသော် ထာ၀ရအသက်နှင့်ဆိုင်သောစကားသည် ကိုယ်တော့်၌သာရှိသည်ကို၎င်းတို့ကောင်းစွာယုံကြည်ကြသည်။အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ဘုရား သခင်ထံမှကြွလာသည့် သန့်ရှင်းမြင့်မြတ်သောသူဖြစ်သည်ကိုသိနေကြသည်။ (သံယော ဟန် ၆း၆၇-၆၉)။ထို့ကြောင့်ပင်လျှင် ယနေ့ဖတ်ရှုကြားနာသော ဧ၀ဂေလိကျမ်းစာ၌ ယေဇူးသခင်က သူ၏သွန်သင်ချက်များ၊လုပ်ဆောင်ချက်များ၊အဖြစ်တော်နှင့်ပတ်သက်၍နားမလည်နိုင်သော်လည်း စိတ်အနှောက်အယှက်မဖြစ်ကြရန်၊အဘယ်ကြောင့်ဆိုသော်သူသည်လမ်းခရီး၊သမ္မတရား၊ အသက်ဖြစ်သည်။(သံမာတေဦး ၁၄း၆)သူသည်သမ္မာတရားကို သက်သေခံရန်မွေးဖွားခြင်းကိုခံခဲ့ခြင်းဖြစ်သည်။(သံယောဟန် ၁၈း၃၇)ဘုရားသခင်၌သာယုံကြည်၍ သူ့၌သာယုံကြည်ရန်၊မှားယွင်းခြင်းသို့မရောက်နိုင်ကြောင်းကို အတိအလင်းမိန့်ကြားနေသည်။
**အိုသခင်၊ ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက် မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။ (ဆာလံ ၁၁၉း၁၀၅)