မေလ ၂၃ ရက်နေ့၊ ၂၀၂၂၊ တနင်္လာနေ့၊ ၆ ပတ်မြောက် ပါစကားပွဲကာလ
(ယောဟန် 15:26 - 16:4)
Rev. Fr. Bosco Saw Lar Htoo
Posted by Sr. B.Myat Hnin Nwe (ISR)
ခမည်းတော်ဘုရားထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီစောင်မသူတည်းဟူသော သမ္မာတရားနှင့် သက်ဆိုင်သည့် ဝိညာဉ်တော်သည် ခမည်းတော်ထံမှ ထွက်ပေါ်လာ၍ ကြွလာတော်မူသောအခါ သူသည် ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ထို့အတူ သင်တို့သည်လည်း အစဦးကပင် ငါနှင့်အတူ ရှိနေခဲ့ကြသောကြောင့် ငါ၏သက်သေခံများဖြစ်ကြ၏။သင်တို့၏ ယုံကြည်ခြင်း မပျက်ပြားစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။သူတို့သည် သင်တို့ကို တရားဇရပ်များမှ နှင်ထုတ်ကြလိမ့်မည်။သင်တို့ကို သတ်ဖြတ်သောသူတိုင်းက မိမိသည်ဘုရားသခင်အားယဇ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟုထင်မှတ်သော အချိန်ကာလသည် ဧကန်မုချ ရောက်လိမ့်မည်။သူတို့သည်ခမည်းတော်ကိုလည်းကောင်း၊ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဤသို့ပြုကြလိမ့်မည်။ထိုအရာများ ဖြစ်ပျက်သည့်အချိန် ကျရောက်သောအခါ သင်တို့အား ငါပြောထားပြီးဖြစ်ကြောင်းသတိရကြစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါပြောခြင်းဖြစ်၏။”
ထောက်ရှုချက်-- "သင်တို့၏ ယုံကြည်ခြင်း မပျက်ပြားစေရန်ဤအကြောင်းအရာများကိုသင်တို့အားငါဟောပြော၏။"(ယောဟန် 16:1)သခင်ခရစ်တော်ကမိမိရဲ့နောက်လိုက်ခရစ်ယန်များအားဘေးကင်လုံခြုံတဲ့ဘဝရမယ်လို့၊ငါ့သို့လိုက်ရင်ဘေးအန္တရာယ်ဒုက္ခအပေါင်းမှကာကွယ်ပေးမယ်၊ စောင့်ရှောက်ပေးမယ်လို့ဘယ်တုန်းကမှကတိမပေးခဲ့ပါဘူး။မိမိကိုယ်တော်တိုင်လိုပဲဒုက္ခအခက်အခဲတွေ မတရားနိပ်စက်ခြင်းတွေတွေကြုံရင်ဆိုင်ရမယ်လို့ပဲ သတိပေးခဲ့ပါတယ်။သခင်ခရစ်တော်ကပင်လယ်ပြင်မှာမုန်တိုင်းလှိုင်းတွေမရှိအောင်ကာကွယ်ပေးမယ်လို့အာမမခံခဲ့ပါဘူး၊ သို့သော်ကမ်းခြေကိုလုံခြုံစွာဆိုက်ရောက်ဖို့ကိုတော့အာမခံပေးပါတယ်။ဘယ်လိုဘဝမုန်တိုင်းတွေပဲရှိရှိစိတ်အားမလျှော့ပဲ ဘုရားရှင်၌ယုံကြည်အားကိုးလျှက်ကမ်းခြေရောက်သည်အထိလျှော်ခတ်နိုင်ဖို့ကြိုးစားကြရမယ်။ဘဝလှိုင်းဒဏ်တွေကြောင့်စိတ်ဓာတ်ကျလက်လျှော့ချင်နေပြီးလား။ ဤလောက ကိုအောင်မြင်ခဲ့တဲ့သခင်ဘုရားရဲ့နောက်လိုက်တွေဖြစ်တဲ့အတွက်လက်လျှောပဲကြိုးစားလှော်ခတ်ရှေ့ချီတက်ကြစို့။