ယေဇူးသခင် ကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ (C)
တိုလီမုတ်စဩဝါဒ (လု ၂၄:၄၆-၅၃)
Rev.Fr.Bernardino Ne Ne
Posted by Sr. b. Myat Hnin Nwe (ISR)
ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းဖြစ်ရပ်ကိုတမန်တော်ဝတ္တုကျမ်းမှာ ရှင်လုကာက“မိုးတိမ်တစ်ခုသည် ကိုယ်တော်ကိုသူတို့၏မြင်ကွင်းထဲမှ ဆောင်ယူသွားလေ၏၊“ဖော်ပြပေးပါတယ်။ ကျမ်းစာတော်မြတ်အသုံးအနှုန်းမှာ မိုးတိမ်ဟာ လူတွေကြားက ဘုရားရှင်ရဲ့နီးစပ်တည်ရှိခြင်းကို ကိုယ်စားပြုလေ့ရှိတယ်။သိနာတောင်ပေါ်မှာ မိုးဇက်ဟာဘုရားရှင်ရဲ့ပညတ်တော်ကို လက္ခံရယူချိန်မှာ တောင်ထိပ်တစ်ခုလုံးက မိုးတိမ်တိုက် လွှမ်းမိုးခြင်းရှိခဲ့တယ်(ထွက် ၁၉:၁၆)။ယေရှာယက ဗိမာန်တော်မှာ ဘုရားသခင်ရဲ့ဖိတ်ခေါ်ခြင်းကို ခံယူရချိန်မှာလည်း မီးခိုးတိမ်က ဗိမာန်တော်တစ်ခုလုံး ပြည့်နေခဲ့တယ်(ယေရှာယ ၆:၄)။ဆိုတော့က သိနာတောင်ကို ဖုံးလွှမ်းသောတိမ်၊ဗိမာန်တော်ကို ပြည့်စေသောတိမ်၊တာဘောတောင်ထိပ်ကကိုယ်တော်ရှင်အဆင်းသဏ္ဌာန်ပြောင်းလဲချိန်မှာအားလုံးကို ဖုံးလွှမ်းသောတိမ် စတာတွေက ဘုရားရှင်ရဲ့နီးစပ်တည်ရှိခြင်း အမှတ်လက္ခဏာတွေပါ။ဒါ့အပြင် “လူသားနှင့်တူသော သူတစ်ဦးသည် ကောင်းကင်မှတိမ်ကိုစီးလျက် ရောက်လာ၏၊”( ဒါနီအယ် ၇:၁၃-၁၄)။ဓမ္မဟောင်းလူတွေအတွက် ‘လူသား’စကားအသုံးနှုန်းကမက်ဆီးယားရှင်ကို ပုံဖော်ညွှန်းခဲ့တယ်။ကောင်းကင်သို့ တက်ကြွတော်မူချိန် မိုးတိမ်ကကိုယ်တော့်ကိုယူဆောင်သွားတယ်လို့ မိန့်ဆိုနေခြင်းက ယေဇူးရှင်ဟာ များစွာသောလူတွေ စောင့်မျှော်နေကြတဲ့ မက်ဆီးယားရှင်ဖြစ်ကြောင်းကို သက်သေထူလိုက်ခြင်းပါ။ ဒါ့ကြောင့် ကနေ့ကျင်းပနေတဲ့ ယေဇူးရှင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူတဲ့ပွဟာ နက်နဲသောယုံကြည်ခြင်းဆိုင်ရာပွဲလေး ဖြစ်နေပါတယ်။“ကိုယ်တော့်ကို မျှော်ကြည့်လျက်နေကြစဉ်ဖြူစင်သောဝတ်ရုံများကို ဝတ်ဆင်ထားကြသောသူနှစ်ဦးသညရုတ်တရက်ပေါ်လာ၍ သူတို့အနီးတွင် ရပ်လေ၏၊“(တမန် ၁:၁၀)။ဖြူစင်သောဝတ်ရုံ ဆင်မြန်းထားခြင်းက ဝမ်းမြောက်ရွှင်လန်းခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်။ဥပမာ“သွားလော့၊ဝမ်းမြောက်သောစိတ်နှင့် အစာစားလော့။ ရွှင်လန်းသောစိတ်နှင် စပျစ်ရည်ကိုသောက်လော့။ . . . သင့်အဝတ်လည်း အစဉ်ဖြူစင်ပါစေ။ သင့်ခေါင်းသည်လည်း နံသာဆီ မခမ်းမခြောက်ပါစေနှင့်၊ . “ (ဒေသနာ ၉:၇-၈)။ဝတ်ရုံဖြူနဲ့လူနှစ်ဦးက တပည့်တော်များကို“သင်တို့သည် အဘယ်ကြောင့် ကောင်းကင်သို့မျှော်ကြည့်လျက်ရပ်နေကြသနည်း၊”လို့ မေးမြန်းသတိပေးခဲ့တယ်။ဆိုလိုတဲ့သဘောက “အပေါ်ကိုသာ မကြည့်နဲ့။ရှေ့ကို မျက်မှောက်ပြုဆင်ခြင်ပါ”လို့ နိူးဆော်လမ်းညွှန်ပေးနေတာ ဖြစ်တယ်။အကြောင်းရင်းက ကိုယ်တော်ရှင်ဟာ သင်တို့ လက်ကမ်းမမီတဲ့ အပေါ်မှာ မကိန်းဝပ်ဘဲ သင့်တို့ရဲ့မျက်မှောက် သင်တို့ရဲ့အနီးနားမှာ အတူတည်ရှိနေကြောင်း အာရုံပြုထောက်ရှုဖို့ သွန်သင်ပေးခြင်းဖြစ်တယ်။ဒါ့ကြောင့်မို့လည်း ကိုယ်တော်ရှင်က“သင်တို့သည် သွားကြ၍ လူမျိုးတကာတို့အား ငါတပည့်များ ဖြစ်စေကြလော့။ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်ရှိနေမည်၊ . (မာ ၂၈:၂၀) လို့ မိန့်မှာခဲ့ခြင်း ဖြစ်တယ်။ ယင်းအကြောင်းကြောင့် ယေဇူးရှင်တပည့်များအတွက် မိမိနဲ့ နီးစပ်သူများကို ချစ်ခင်ကြင်နာခြင်းဟာ ဘုရားရှင်ကို ချစ်ခင်ခြင်းအစစ်အမှန်လေး ဖြစ်နေပါတယ်။တနည်းအားဖြင့် ဘုရားရှင်ကို ရှာဖွေဖူးတွေ့ဖို့အတွက် အပေါ်ကိုသာ မျှော်ကြည့်မနေကြနဲ့။ မိမိရဲ့ပတ်ဝန်းကျင်၊ အထူးသဖြင့် မိမိအတွင်းစိတ်ကို ပြန်ကြည့်ရှုသုံးသပ်ပြီး ဘုရားရှင်ကို ဖူးမြင်နိုင်ပါလိမ့်မယ်ပေါ့။ ရှင်လုကာကျမ်းရဲ့ အဆုံးသပ်လေးမှာ “သူတို့သည်လည်း ကိုယ်တော့်ကိုရှိခိုးကြပြီးမှ ဝမ်းမြောက်ခြင်းကြီးစွာဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏၊“လို့ ဖော်ပြထားတာဟာ တပည့်တော်တွေဟာ ပုံမှန်ဘဝကို ပြန်ရောက်သွားခြင်း၊ဒါပေမယ့် ဝမ်းမြောက်ရွှင်လန်းမှုနဲ့ ပြည့်ဝရှင်သန်ခြင်းကို ညွှန်:ဆိုပေးနေပါတယ်။ ဒီနေ့ပွဲက ဝမ်းမြောက်ခြင်းပွဲနေ့လည်း ဖြစ်ပါတယ်။ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မိမိတို့လည်း အပေါ်ကိုသာမျှော်ကြည့်နေသူများမဖြစ်စေရဘူး။ ဘုရားရှင်ယေဇူးကပေးအပ်ထာတဲ့ မစ်ရှင်(တာဝန်ကြီး)ရှိနေတယ်။ မိရဲ့ကိုယ်ပိုင် ယုကြည်ခြင်းအသက်တာမှာ ရင့်ကျက်ရှင်သန်ကြပြီး ယေဇူးရှင်ကို(သူ့အချစ်၊ကရုဏာ၊ကူညီအစေခံမှု စတာတွေကို)တစ်ပါးသူများကိုလည်း ဝေငှပေးမျှကြရပါမယ်။ခုလိုလုပ်ဆောင်ကြရာမှာ မိမိတစ်ယောက်တည်း မဟုတ်ဘဲ ဝိညာဉ်တော်မြတ်ရဲ့ဖေးကူလမ်းညွှန်မှုကမိမိနဲ့အတူ ရှိနေပါကြောင်း . . ။