ဇွန်လ (၄) ရက် (စနေနေ့)
ရှင်ယောဟန် ၂၁:၂၀-၂၅
Rev.Fr.Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
ပေတရုသည်နောက်သို့ လှည့်ကြည့်လျှင် ယေဇူးချစ်တော်မူသောတပည့်တော်သည် မိမိတို့ နောက်မှ လိုက်ပါလာသည်ကိုမြင်လေ၏။ထိုသူ သည်ကားညစာစားပွဲ၌ကိုယ်တော်၏ ရင်ခွင်ကိုမှီလျက် သခင်၊ကိုယ်တော့်ကိုအပ်နှံ မည့်သူ ကားမည်သူဖြစ်သနည်းဟုမေးလျှောက်ခဲ့သောသူ ဖြစ်၏။ပေတရုသည် သူ့ကို မြင်လျှင်သခင်ဘုရား၊ဤသူ၌ မည်ကဲ့သို့ ဖြစ်လိမ့်မည်နည်းဟုယေဇူး အားမေးလေ ၏။သခင်၊ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ယေဇူး ကငါကြွလာမည့်ကာလ တိုင်အောင် သူ့အားအသက်ရှင်စေရန်ငါအလိုရှိလျှင်လည်း သင်နှင့် မည်သို့ ဆိုင်သနည်း။ငါ့နောက်သို့ လိုက်လော့ဟုသူ့အား မိန့်တော်မူ၏။ထို့ကြောင့် ထိုတပည့်တော်သည် မသေနိုင်ဟူသော စကားသည် ညီအစ်ကိုတို့အကြားတွင် ပျံ့နှံ့လေ၏။သို့သော်ယေဇူးက သူ့အားဤသူသည် မသေနိုင်ဟုဆိုခဲ့ ခြင်း မဟုတ်ဘဲ ငါကြွလာမည့်ကာလတိုင်အောင် သူ့အား အသက်ရှင်စေရန်ငါအလိုရှိလျှင်လည်း သင်နှင့် မည်သို့ ဆိုင်သနည်းဟူ၍သာမိန့် တော်မူခဲ့ ခြင်းဖြစ်၏။ဤတပည့်တော်သည် ကားဤ အကြောင်းအရာများကိုသက်သေခံ၍ရေးသားထားသောသူဖြစ်၏။သူ၏သက်သေခံချက်မှန်ကန်ကြောင်းကိုလည်းငါတို့သိကြ၏။ထိုတပည့်တော်ကား၊ဤအကြောင်းအရာတို့ကိသက်သေခံ ၍ရေးထားသောသူဖြစ်၏။သို့သော်ယေဇူးပြုလုပ်တော်မူခဲ့သောအခြားအရာများစွာရှိသေး၏။ထိုအမှုအရာတစ်ခုစီကိုရေးသားမှတ်တမ်းတင်ရမည်ဆိုလျှင်ရေးသားရမည့်စာစောင်များကိုထားရှိရန် ဤကမ္ဘာမြေတွင် နေရာရှိတော့မည်မဟုတ်ဟုငါထင်မြင်မိပါသတည်း။***ဒီနေ့ ဖတ်ရှုရတဲ့ ဧ၀ံဂေလိကျမ်းစာက ရှင်ယောဟန် ဧ၀ံဂေလိကျမ်းရဲ့ နောက်ဆုံးပိုင်း အဆုံးသတ်ဖြစ်ပါတယ်။သခင်ခရစ်တော်ဘုရားရှင် ပြုတော်မူခဲ့တဲ့ အမှုတော်တွေ အများကြီးရှိတယ်။အဲ့ဒါတွေအကုန်လုံးသာ အသေးစိပ် မှတ်တမ်း တင်ရမယ်ဆိုရင်ကမ္ဘာပေါ်မှာ ရှိသမျှ စာအုပ်တွေ လောက်မယ်မထင်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ဒီကျမ်းစကားက အသင်းတော်ရဲ့ ထုံးတမ်းအစဉ် အလာရဲ့ အရေးပါမှုကို မသိမသာနဲ့ မီးမောင်းထိုးပြထားပါတယ်။ကျမ်းစာပဲလိုတယ် ကျမ်းစာထဲမှာ မပါရင် လိုက်နာစရာမလိုဘူးဆိုတဲ့ တစ်ဖက်ပေါက်ဝါဒီသမားတွေအတွက် ထည့်သွင်းစဉ်းစားဖို့ ကောင်းတဲ့အချက်ပါပဲ။ ကျမ်းစာထဲမှာ ရေးမထားတဲ့ ဘုရားရဲ့ ဆုံးမတရားတွေ အများကြီးရှိသေးတယ်။ ဒါတွေကို ထိန်းသိမ်းထားတာက တမန်တော်ကြီးတို့မှ ဆင်းသက်လာတဲ့ ကက်သလစ်အသင်းတော်ကြီးဖြစ်ပါတယ်။သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့လမ်းညွှန်မှုအောက်မှာ ဘုရားရဲ့ အဆုံးအမ တရားတော်တွေကို သွန်သင်ပေးလျှက်ရှိပါတယ်။ခုလို ပြောပြန်ရင်လည်း ကိုယ့်ဖက်ကို ယက်တယ်လို့ထင်ကြဦးမယ်။ဒီလိုအတွေးမျိုးက ခုမှ ရှိတာမဟုတ်ပါဘူး။သခင် ယေဇူး လက်ထပ်မှာကတည်းက ရှိခဲ့တာပါ။ယောဟန်က သူ့ကိုသူ သခင်ခရစ်တော် ချစ်တဲ့သူလို့ ရေးသားထားခဲ့တယ်။ ရှင်ပေတရုကို သခင်ယေဇူးက ဘယ်လိုသေမလဲဆိုတဲ့အကြောင်း ကြိုတင်မိန့်ကြားတဲ့အခါ ပေတရုက ဒါဆို ယောဟန်ကျ ဘယ်လိုသေမှာလဲ လို့ စောဒက တက်ပြီးမေးပါတယ်။ ပြောရမယ်ဆိုမယ် သူများအရေး စိတ်ဝင်စားတယ်။သူများနဲ့ သွားပြီး နှိုင်းယှဉ်တယ်။သခင်ခရစ်တော်ရဲ့အဖြေကတော့ တရား ရစရာကောင်းလှပါတယ်။ယောဟန်ရဲ့ဘ၀က ဘယ်လို အဆုံးသတ် သွားပါစေ မင်းကတော့ ငါ့နောက်လိုက်တဲ့။သူများဘယ်လိုသေမလဲ ရှင်မလဲ စိတ်မ၀င်စားနဲ့။ကိုယ့်ဘ၀ကိုယ် လျှောက်ပါ။ဘုရားရဲ့နောက်ကို လိုက်ပါ။ဘုရားခိုင်းတဲ့အရာကို လုပ်ဆောင်ပါ ဆိုပြီး ဆုံးမတော်မူပါတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး မိမိဘ၀ကို ရှင်သန်ရတာ မွမ်းကြပ် ပင်ပမ်းလွန်းလှပါတယ်။ လူတွေက ကိုယ့်ဘ၀ထက် သူများဘ၀ကို ပိုစိတ်ဝင်စားတယ်။ သူများအကြောင်းတွေးရင်းနဲ့ ဘ၀ရဲ့ အချိန်တော်တော်များများက ကုန်သွားတတ်ကြတယ်။ဒါကြောင့်မို့ မိမိနဲ့ ဘုရားနဲ့ ပတ်သက်ဆက်နွယ်မှုက ပိုလို့ အဓိကကျပါတယ်။ကိုယ့်ဘ၀နဲ့ကိုယ် ကိုယ့်တရားနဲ့ ကိုယ် ရှင်သန်နိုင်ကြပါစေ။