အပြစ်ကင်းစင်တဲ့ ဓမ္မအာဇာနည် ကလေးငယ်လေးများပွဲနေ့ကို ကက်သလစ်သာသနာတော်က ဒီနေ့မှာ ကျင်းပစေပါတယ်။ မင်းပညာရှိများသည် မိမိအား လှည့်စားသွားကြကြောင်းကို ဟေရုဒ်မင်းကြီးသိသောအခါ ပြင်းစွာ အမျက်ထွက်လေ၏။ ထိုအခါ သူသည် မင်းပညာရှိတို့ထံမှ မိမိမေးမြန်းထားခဲ့သောကြယ် ပေါ်ထွန်းသည့် အချိန်ကာလကို ထောက်လျက် ဘက်သလင်ဟင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသရှိ ၂နှစ်အရွယ်နှင့် ၂နှစ်အောက် ယောကျ်ားလေးများကို သတ်စေ၏။ (ရှင်မာတေဦး ၂း ၁၆) သန့်ရှင်းသောအိမ်ထောင်စုဟာ အီဂျစ်ပြည်ကို တိမ်းရှောင်သွားပြီးဖြစ်လို့ သူငယ်တော်ယေဇူးလေးဟာ ဒီဘေးက လွှတ်မြောက်ခဲ့ရတယ်။ ဒါပေမယ့်လည်း အသတ်ခံခဲ့ရတဲ့ ကလေးငယ်လေးများကတော့ သွေးမြေကျခြင်းဖြင့် ကယ်တင်ရှင်ကို သက်သေခံခဲ့ကြတယ်။ မျက်မှောက်ခေတ်မှာလည်း ခေတ်သစ်ဟေရုဒ်မင်းတွေ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ သန္ဓေတည်စကနေ ကိုယ်ဝန် ရင့်မာတဲ့အထိ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်နေကြတယ်။ တချို့ကလေးကို ဝမ်းနဲ့လွယ်ထားရတဲ့ မိခင်ဆိုသူတွေတောင် ဒီအလုပ်ကို ရဲရဲရင့်ရင့် လုပ်နေကြတာကို အံ့သြစွာ ကြားနေရတယ်။ (မာတေဦး ၁၉း ၁၄ ) မှာ သခင်ယေဇူးက “ကလေးသူငယ်တို့ ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်သည်” လို့မိန့်မှာထားခဲ့ပါတယ်။ ဘုရားသခင်ကလည်း “လူ့အသက်ကို မသတ်ဖို့ (ထွက်မြောက်ရာကျမ်း ၂၀း ၁၃) မှာ ဖော်ပြထားတဲ့အတိုင်း ပညတ်တော် ၁၀ ပါးမှာလည်း ထည့်သွင်းထားပါတယ်။”အပြစ်မဲ့ကလေးငယ်လေးများကို ညှင်းဆဲအနိုင်ကျင့်ခြင်း၊ ဒုက္ခရောက်စေခြင်း စသဖြင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်အောင် ပြုသူများဟာ ဘုရားသခင်ရဲ့ အမျက်တော် ပြင်းစွာခံရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အပြစ်မဲ့ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ရှင်သန်နိုင်ကြဖို့၊အခွင့်အရေး ကူညီပေးဖို့ ကြိုးစားရင်း ဒီနေ့မှာ ချစ်စရာကလေးငယ်များ အားလုံးအတွက် တစ်ထူးတစ်ခြား ဆုတောင်းပေးကြပါစို့။
#စစ္စတာရ် မေရီ ဒိုရင်း (SFX)