ဝိညာဉ်တော်ဘုရားမြတ်ဆင်းသက်တော်မူသောပွဲနေ့ (C)ဤယနေ့ ဧဝံဂေလိကျမ်းစာက ဘုရားရှင်ယေဇူးဟာ တပည့်တော်အပေါင်းတို့အပေါ်မှာ မှုတ်တော်မူပြီး“ဝိညာဉ်တော်မြတ်ကို ခံယူလော့၊“လို့ မိန့်ဆိုခဲ့ကြောင်း ဖော်ပြပေးထားတယ်။ကိုယ်တော်ရှင်ရဲ့ ယခုကဲ့သို့လုပ်ဆောင်ချက်ဟာကမ္ဘာဦးကျမ်း(၂:၇)မှာဘုရားသခင်ကမြေကြီးဖြင့်ပထမဆုံးလူသားကိုဖန်ဆင်းရင်း သူရဲ့နှာခေါင်းထဲ ဇီဝအသက်ကို မှုတ်သွင်းလိုက်ရာ လူဟာ အသက်ရှင်တဲ့သတ္တဝါ ဖြစ်လာခဲ့ခြင်းဖြစ်ရပ်ကို ပြန်လည်မြင်ယောင်မိပါတယ်။အာဒံဟာဘုရားသခင်လက်တော်မှတဆင့်အသက်ရှင်ခြင်းကို ခံယူခဲ့ရသလိုတပည့်တော်များက ဘဝအသက်တာသစ်ကို ယေဇူးရှင်အားဖြင့် ရရှိခဲ့ကြတယ်။ဝိညာဉ်တော်ဘုရားမြတ်ရဲ့ ပထမဆုံးတာဝန်က ကျွန်ုပ်တို့နဲ့ အတူ အစဉ်ထာဝရရှိနေခြင်းပါ(ယော ၁၄:၁၆)။ရှင်ပေါလူးက ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာ ဝိညာဉ်တော်မြတ်ရဲ့ ဗိမာန်တော်ဖြစ်ကြောင်း (ပ-ကော ၆:၁၉) သွန်သင်ထားပါတယ်။ ဒါကြောင့် မိမိတို့ဟာ ဘယ်တော့အခါမှ အထီးကျန်ဖြစ်မနေပါဘူး။အဖော်ပြုပေးခြင်းကို ခံယူနိုင်ကြတယ်။သင်ဟာအထီးကျန်ဆန်နေသလို ခံစားနေခဲ့ရင် သင့်ကို နှစ်သိမ့်ပေးသောအရှင်ဖြစ်တဲ့ ဝိညာဉ်တော်မြတ်ကို သတိရချဉ်းကပ်လိုက်ပါ။ရှင်ဩဂတ်စတင်းနဲ့အတူ“အကျွန်ုပ်တို့ရဲ့နုလုံးသားဟာကိုယ်တော့်အတွက်ဖန်ဆင်းထားပြီးကိုယတော့်ထံပါးသို့ တိုးဝင်ခိုလှုံခြင်းမပြုသရွှေ့ မငြိမ်းအေးနိုင်ပါ“လို့ဝန်ခံကြရပါမယ်။ဒုတိယအချက်မှာ ဘုရားရှင်ယေဇူးက ဝိညာဉ်တော်မြတ်ကိုပါရာကလိတ် (Paraclete) အဖြစ် သရုပ်ဖော်ထားပါတယ်။ဒီခေါ်ဝေါ်သုံးနှုန်းမှုမှာ အဓိပ္ပါယ်များစွာ ရှိနေပြီး တိုက်တွန်းနိူးဆော်သူ၊နှစ်သိမ့်အားပေးသူ၊ ကူညီစောင်မသူ၊ကြားဝင်ရပ်တည်ပေးသူဖြစ်ခြင်း စတဲ့သဘောတရားတွေနဲ့ ပြည့်စုံနေပါတယ်။အထက်ပါအဓိပ္ပါယ်များနဲ့ အကျိုးရလာဒ်တွေဟာ တန်ဖိုးထားတတ်ကြသူများအတွက် မိမိတို့ရဲ့လမ်းကမ်းမှီရာမှာအမြဲတည်ရှိနေပါတယ်။တတိယအချက်မှာယေဇူးရှင်က“ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာအလုံးစုံတို့ကို သင်တို့အားသွန်သင်မည်ဖြစ်၍ ငါမိန့်မှာထားသမျှကို တစ်ဖန်ပြန်သတိရစေတော်မူလိမ့်မည်(ယော ၁၄:၂၆)”လို့ မိန့်ဆိုထားပေးတယ်။ဝိညာဉ်တော်မြတ်က ခရစ်တော်ရှင်ကို မယုံကြည်ခြင်းဆိုင်ရာအပြစ်၊ဖြောင့်မတ်ခြင်းတရားနဲ့တရားစီရင်ခြင်းအကြောင်းတွေကို သွန်သင်ရှင်းလင်းပေးလိမ့်မယ်လို့ ညွှန်းခဲ့လေတယ်။စတုတ္ထအချက်မှာ ဝိညာဉ်တော်မြတ်က သမ္မာတရားအကြောင်းအလုံးစုံကို(ယော ၁၆:၁၃)မိမိတို့အား သွန်သင်ပေးတော်မူလိမ့်မယ်။ဘုရားရှင်ရဲ့ သမ္မာတရားက မိမိတို့ကို လွတ်လပ်စေလိမ့်မယ်(ယော ၈:၃၂)။ပဥ္စမအချက်မှာ ရှင်ပေါလူးက ဝိညာဉ်တော်မြတ်အားဖြင့် အသက်ရှင်ကြပြီး ဝိညာဉ်တော်ဘုရားရဲ့ လမ်းညွှန်မူအတိုင်းအသက်ရှင်ကြခြင်းဖြင့် ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်းချမ်းခြင်း၊စိတ်ရှည်ခြင်း၊သနားခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာရှိခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊မိမကိုယ်ကို ချုပ်တီးခြင်း စတာတွေနဲ့ ပြည့်ဝရှင်သန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ဒါတွေအပြင် ကနေ့ဧဝံဂေလိကျမ်းမှာလည်း ဘုရားရှင်ယေဇူးက တပည့်တော်များကို ဝိညာဉ်တော်မြတ်ကို ခံယူစေပြီး နောက်ဆက်တွဲအကျိုးများအဖြစ် အပြစ်လွတ်ခြင်းနဲ့ ငြိမ်သက်ခြင်းကို မျှဝေခံစားစေပါတယ်။တနည်းအားဖြင့်တော့ နှလုံးသားတစ်ခုမှာ နာကျင်မှု၊ဒေါသစိတ်၊နာကျည်းစိတ်၊ကလဲ့စားချေလိုစိတ်တွေ ပြည့်နေရင် ဝိညာဉ်တော်မြတ်ရဲ့အသီးအပွင့်ဟာ ငုတ်လျှိုးပျက်သုန်းသွားနိုင်ကြောင်းသတိပြုမိစေပါတယ်။ဝိညာဉ်တော်မြတ်အသီးအပွင့်ဝေဆာစေနိုင်ဖို့ အချက်(၃)ချက်လိုအပ်ပါမယ်။ပထမအချက်မှာ ဘုရားရှင်ရဲ့နူတ်ကပတ်တော်ကို ကြားနာဆင်ခြင်ပြီး ယုံကြည်လက်ခံရပါမယ်။ကနေ့ရဲ့ ပ-ကျမ်းမှာ တစ်နေရာတည်းမှာ အတူတကွစုရုံးနေကြတဲ့ ယုံကြည်သူများအပေါ် ဝိညာဉ်တော်မြတ်ဆင်းသက်တော်မူခဲ့ကြောင်း ဖော်ပြပေးထားတယ်။တမန်တော်ကျမ်း (၁၀:၄၄)မှာလည်း ပေတရုရဲ့ ဟောပြောပေးနေစဉ်အတွင်း ဝိညာဉ်တော်မြတ်ဟာ ကြားနာနေကြသူများအပေါ်ဆင်းကြွတော်မူကြောင်း မှတ်တမ်းတင်ထားပါတယ်။ နူတ်ကပတ်တော်၌ တည်နေပြီး မိမိဘဝ၌ နူတ်ကပတ်တော်ကို တည်စေမှသာလျင် ဝိညာဉ်တောမြတ်ကို ခံယူပိုင်ဆိုင်ပါလိမ့်မယ်။ဝိညာဉ်တော်မြတ်ကို ခံယူရရှိနိုင်ဖို့ နောက်ထပ်လိုအပ်ချက်(၂)ချက်တွေက ချစ်ခြင်းမေတ္တာနဲ့ နာခံခြင်းတို့ ဖြစ်တယ်။“ငါ့ကိုချစ်လျင် ငါ့ပညတ်တော်က်ု စောင့်ထိန်းကြလိမ့်မည်။ကိုယ်တော်သည်လည်း သင်တို့နှင့်အတူ အစဉ်ထာဝရရှိနေမည့်ကူညီစောင်မသူနောက်တစ်ပါးဖြစ်သော သမ္မာတရား၏ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်(ယော ၁၄:၁၆)။” ယေဇူးရှင်မိန့်တဲ့ချစ်ခြင်းက လူကို ရှုးသွပ်ခံစားစေတတ်သော ရင်ခုန်စရာအချစ်မျိုးကို မဆိုလိုပါ။ဘုရားရှင်အပေါ်သစ္စာရှိခြင်း၊ မိတ်သဟာရဖွဲ့ခြင်းကိုအလေးထားခြင်း၊ပညတ်ဥပဒေများကို နာခံခြင်း စတာတွေနဲ့ပြည့်ဝသော ချစ်ခြင်းမေတ္တာကို သွန်သင်ညွှန်းဆိုလိုက်ခြင်းပါ။ အချစ်လည်းရှိပြီး အကျင့်တရားလည်းရှိကြရမှာ ဖြစ်တယ်။ဖတ်ရှုဆင်ခြင်သူတိုင်းအပေါ် ဝိညာဉ်တော်ဘုရားမြတ် ဆင်းသက်တည်နေပါစေသော်။