ဇွန်လ (၇) ရက်၊ အင်္ဂါနေ့
ရှင်မာတေဦး ၅း ၁၃-၁၆
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
သင်တို့သည် လောက၏ ဆားဖြစ်ကြ၏။ဆားမူကား ၎င်း၏ အရသာကင်းမဲ့ခဲ့လျှင် ထိုအငံဓာတ်ကို မည်ကဲ့သို့ပြန်လည်ရရှိနိုင်မည်နည်း။၎င်းသည်မည်သို့မျှ အသုံးမဝင်တော့ဘဲ အပြင်သို့ပစ်လိုက်၍ လူတို့နင်းခြေခြင်းခံရရုံသာရှိပေတော့မည်။သင်တို့သည်လောက၏ အလင်းဖြစ်ကြ၏။တောင်ပေါ်တွင်ထားသောမြိုကို ဝှက်ကွယ်ထား၍ မရနိုင်။မည်သူကမျှဆီမီးကိုထွန်း၍ တောင်းဇလားအောက် ၌ ထားလေ့မရှိ။၎င်းကိုဆီမီးခုံပေါ် ၌ သာတင်ကြသဖြင့်၎င်းသည် အိမ်သူအိမ်သား အားလုံးကို အလင်းပေးလေ၏။ဤနည်းတူပင်လူတို့သည်သင်တို့၏ ကောင်းသောအကျင့်များကိုမြင်ကြ၍ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဖ၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သင်တို့၏ အလင်းကိုလူတို့ ရှေ့တွင်ထွန်းလင်းစေကြလော့။ဘုရားသခင်ကသူဖန်းဆင်းထားတဲ့အရာရာတိုင်းကို သူ့ရည်ရွယ် ချက်နဲ့သူဖန်းဆင်းပေးထားခြင်းဖြစ်ပါတယ်။ဘယ်အရာကမှ အဓိပ္ပါယ်မဲ့ ဖြစ်တည်လာတာ၊ဖန်ဆင်းလိုက်တာမျိုး မရှိပါဘူး။ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်ဆင်းထားတာမို့ရည်ရွယ်ချက်အတိုင်း အသက်ရှင် နေရမှာဖြစ်ပါတယ်။သီးပင်စားပင်တွေလည်း သူ့အချိန်တန်ရင်သူသီးရမယ့်အသီးကိုသီးမှဖန်ဆင်းခံတာဝန်ကျေပွန်မှာပါ။လူကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ဖန်ဆင်းခဲ့တယ်။ကျေးဇူးတော်တွေပေးထား တယ်။ဒါကြောင့် ဘုရားဖန်ဆင်းထားတဲ့ရည်ရွယ်ချက်အတိုင်း လူကအသက်ရှင် နေထိုင်ဖို့လိုတယ်။အရိုးရှင်းဆုံး ဥပမာကိုပဲကြည့်ပါ။အိမ်မှာရှိတဲ့ မီးလုံးတွေ၊မီးချောင်းတွေဝယ်ပြီးတပ်ထားတာအိမ်ကို အလင်းရောင်ရစေချင်လို့ပဲ။အဲ့ဒီ မီးသီးမီးလုံးတွေက အလင်းမပေးနိုင်ရင်တော့ဖြုတ်ပြီးလွှင့်ပစ်လိုက်မှာပဲ။ခြံစည်းရိုး ခတ်ထားတာအိမ်ကို လုံခြုံစေချင်လို့။လုံခြုံမှုမပေးနိုင်ရင်တော့ ဖျက်ပြီး တစ်ခြား တစ်ခုအစား ထိုးရမှာပဲ။ပစ္စည်းတွေ တောင်သူ့ရည်ရွယ်ချက်နဲ့သူရှိတယ်။လူကိုလည်းပဲ ဘုရားသခင်က ရည်ရွယ်ရှိတယ်။သင်တို့သည် လောက၏ ဆားများဖြစ်ကြ၏။ဆားဆိုတာ အပုပ် အသိုးကိုတားဆီးနိုင်တယ်။အငံဓါတ်ကို ပေးတယ်။ဟင်းပွဲတွေကို အရသာရှိပြီးလေးနက်မှု ကိုဖြစ် စေတယ်။ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ဆားဖြစ်ပြီး အငံဓါတ်ပျောက်ရင်တော့ ဘာလို့သုံးတော့မှာလဲ။မြေကြီးပေါ်လွှင့်ပစ်လိုက်ကြမှာပဲ။နောက်တစ်ခုက သင်တို့သည် လောက၏ အလင်းများဖြစ်ကြ၏။အလင်းဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်။အမှောင်ထဲမှာ လူဟာ စမ်းတဝါးဝါးနဲ့ သွားလာလို့ ဘယ်လိုမှ အဆင်မပြေပါဘူး။အလင်းရှိမှ တန်းတန်းမတ်မတ် မထိမတိုက် ဘဲ သွားနိုင်မယ်။လုပ်စရာရှိတာ လုပ်နိုင်မယ်။လူ့ရဲ့ ဘဝကိုလမ်းပြပေးတာ အလင်းပဲ။ဒါကြောင့် ကျွနိုပ်တို့တွေဟာ သူများတွေရဲ့ ဘဝတွေကို လမ်းပြပို့ဆောင်ပေးနိုင်တဲ့ လောကရဲ့အလင်းတွေ ဖြစ်ရမယ် လို့ သခင်ယေဇူးက တရားပေးထားခြင်းဖြစ်ပါတယ်။သူများတွေအတွက် ဆားမဖြစ်ခင်၊ သူများတွေအတွက် အလင်းမဖြစ်ခင်၊အနည်းဆုံး ကိုယ့်ဘဝအတွက် ဘာတွေများ လေးလေးနက်နက် နဲ့ အကျိုးရှိအောင် နေထိုင်ပြုလုပ်ခဲ့ပြီလဲ။ဘဝအလင်း၊ညာဏ်အလင်း၊ဝိညာဉ်အလင်းတွေကြွယ်ဝဖို့ ဘာတွေများ ကြိုးစား ဆည်းပူးအားထုတ်ခဲ့ပြီးပြီလဲ။သေချာစဉ်းစားပါ ဓမ္မမိတ်ဆွေတို့၊လောက အတွက် ဆားလည်းမဖြစ်၊အလင်းလည်း မပေးနိုင်ရင် အလကား ဆန်ကုန်မြေလေး အီးဘောလော ကြီးပဲ ဖြစ်နေပါလိမ့်မယ်။အနည်းဆုံး ကိုယ့်ရဲ့မိသားစု၊အသိုင်းဝိုင်း ပတ်ဝန်းကျင်အတွက် လုပ်နိုင်တာ လေးတွေလုပ်ပြီး အကျိူးပြုနေမှသာ လောကရဲ့ဆား ၊ လောကရဲ့ အလင်းတွေဖြစ်ကြမှာပါ။ ဒီယနေ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တရားတော်ကို နားယူပြီး ဆားကဲ့သို့ အလင်းကဲ့သို့ အများအတွက် အကျိုးပြုနိုင်သူများဖြစ်ကြပါစေ။