ဇွန်လ (၈) ရက်၊ ဗုဒ္ဓဟူးနေ့
ရှင်မာတေဦး ၅း ၁၇-၁၉
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
ပညတ်တရားကျမ်း နှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာငါလာ သည် ဟုမထင်ကြနှင့်။ပယ်ဖျက် ခြင်းငှာမဟုတ်၊ပြီးပြည့်စုံစေခြင်းငှာငါလာသတည်း၊သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးပျောက်ကွယ်သွား သည့်တိုင်အောင် အရာအားလုံး ပြီးပြည့်စုံခြင်း သို့ မရောက်မချင်းပညတ်တရားကျမ်းမှအငယ်ဆုံးသောစာလုံးတစ်လုံး၊အသတ်အလပ်တစ်ခုမျှ မကွယ်မပျောက်ရာ။ထို့ကြောင့်မည်သူမဆို ဤအငယ်ဆုံးသောပညတ်တို့တွင် တစ်ပါးပါးကိုကိုယ်တိုင် ကျူးလွန် ၍ အခြားသူတို့အား လည်း ထိုနည်း အ တိုင်း သွန်သင် လျှင် ထိုသူ သည် ကောင်းကင် နိုင်ငံတော် တွင် အသိမ်ငယ်ဆုံး သော သူ ဟုအ ခေါ် ခံရ လိမ့်မည်။ သို့ ရာ တွင် မည်သူမဆို ပညတ်တော် များ ကို ကိုယ်တိုင်ကျင့် ၍ အခြားသူတို့အား လည်း ကျင့် ရန် သွန်သင် လျှင် ထိုသူ သည် ကောင်းကင် နိုင်ငံတော် တွင် ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။
ထောက်ရူချက်... ဒီယနေ့ ကြားနာရတဲ့ ကျမ်းစာတော်မြတ်က ဘုရားသခင်ရဲ့ ပညတ်ဥပဒေကျမ်းတွေရဲ့ အရေးကြီးပုံကို ထောက်ပြ နေပါတယ်။ ဓမ္မဟောင်းကာလမှာတုန်းက ပေးခဲ့တဲ့ တရားကျမ်းတွေကို ဖျက်သိမ်းဖို့အတွက် ခရစ်တော်က ဆင်းကြွလာခဲ့ တာ မဟုတ်ပါဘူး။ တရားကျမ်းတွေကို ပိုပြီး ပြည့်စုံဖို့အတွက် လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ခရစ်တော်ဟာ ဥပဒေကျမ်းတွေကို အစားထိုးဖို့ ဖျက်သိမ်းဖို့ လုပ်နေတယ်လို့ လူတွေကထင်ကြတယ်။ခရစ်တော်ဟာပညတ်ကျမ်းတွေကို ဖျက်သိမ်းဖို့လည်း မဟုတ်ဘူး။ပြောင်းလဲဖို့လည်းမဟုတ်ဘူး။ပညတ်ကျမ်းတွေကို မိမိကိုယ်တိုင် လိုက်ကျင့်ကြဖို့၊သူများကိုလည်း လိုက်ကျင့်ကြအောင် ဦးဆောင်လမ်းညွှန်မှုတွေပေးကြဖို့ ထပ်ပြီး ဖိတ်ခေါ်လိုက်ပါတယ်။ခရစ်တော်က ဥပဒေတရားနဲ့ပတ်သက်လာရင် သူကိုယ်တိုင်လိုက်နာဖြည့်ဆည်းနေထိုင် ပြခဲ့တယ်။ဥပုသ်နေ့မှာ ဗိမ္မာန်တော်သွားတာတို့အခွန်ဆက်သတာတို့၊ ပြဌာန်းထားတဲ့ ဥပဒေတွေကို လိုက်ကျင့်ခဲ့တယ်။ဥပဒေတွေကို ဘယ်လောက်ထိတန်ဖိုးထားလဲဆိုရင် စကားလုံးတစ်လုံးကို မပြောနဲ့ အသတ်အလတ်လေးတောင် အစားထိုးဖို့ ဆန္ဒမရှိခဲ့ဘူး။ အသေးအလေးကအစ လိုက်ကျင့် နေထိုင်ခဲ့တာပါ။ကျွန်ုပ်တို့မြန်မာနိုင်ငံမှာတော့ ဥပဒေနဲ့ပတ်သက်ရင် ဆွေးနွေးစရာတွေအမျာကြီး ရှိပါတယ်။တချို့ဥပဒေတွေက လူပုဂ္ဂိုလ်တစ်ယောက်အတွက်ပဲ ရည်ညွှန်းရေးဆွဲထားတာမျိုး ရှိတယ်။တချို့ဥပေဒေတွေကျတော့ သူများဖောက်ရင် ပြစ်မှုမြောက်ပေမဲ့ တချို့လူတွေအတွက် ဘယ်လို ပြစ်မှုတစ်စုံတစ်ရာတောင် မသက်ရောက်စေပါဘူး။လူတွေက ဥပဒေကို ဆွဲချင်သလို ဆွဲတယ်။ကိုယ်ကိုတိုင်တောင် မလိုက်ကျင့်ဘဲ သူများကိုပဲ အတင်းကျင့်ခိုင်းကြတယ်။ဒီယနေ့ ခရစ်တော်ဘုရားက ဥပဒေတွေကို တန်ဖိုးထားလိုက်ကျင့်ဖို့ လိုအပ်ကြောင်းကို ပြောပြသလို မိမိကိုယ်တိုင်လည်း ကျင့် သူတစ်ပါးကိုလည်း ကျင့်ကြံဖို့ တိုက်တွန်းရမယ်ဆိုတာကိုပါ မိန့်ကြားဆုံးမ ထားပါတယ်။ကျွန်ုပ်တို့အနေနဲ့ဘယ်လို စိတ်နေစိတ်ထားမျိုးတွေနဲ့ ဥပဒေတွေကိုလိုက်ကျင့်နေကြ လဲ။ ဥပဒေကတော့ အမျိုးမျိုးရှိမှာဘဲ။နိုင်ငံ့ဥပဒေ၊ဘာသာရေးပညတ်၊လူမှုရေးစည်းကမ်း စသဖြင့်ပေါ့။ဘာသာရေးပညတ်အရ တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့မှာ မစ္ဆားတရားကိုနာယူရမယ်လို့ ပြောထားတယ်။ဝတ္တရားရှိလို့ နာယူတာလား။ ဆုတောင်းမေတ္တာတွေကို စိတ်မပါဘဲ တာဝန်အရ ရွတ်ဆိုနေကြတာလား။ ဘယ်လိုမျိုး ခံယူထားကြလဲ။ ပညတ်ကို ဥပဒေသကြီးတစ်ခုလို့ မသတ်မှတ်ဘဲ ကိုယ့်ဘဝကို တည့်မတ်စေတဲ့ လမ်းညွှန်အဖြစ် ခံယူကြရပါမယ်။လိုလိုလားလားနဲ့ လိုက်နာစောင့်ထိန်းကြဖို့ လိုပါတယ်။ တချို့လူတွေက မိမိကိုယ်တိုင်လည်း လိုက်နာတယ်။သူတစ်ပါးကိုလည်း လိုက်နာဖို့ တိုက်တွန်းတယ်။ တချို့ကျတော့ သူများကိုပဲ တိုက်တွန်းတာ မိမိကိုယ်တိုင်က လိုက်နာဖို့ ပျက်ကွက်တတ်ကြပါတယ်။သူတစ်ပါးကို ပညတ်ချက်တွေ လိုက်နာစေချင်တယ်ဆိုရင် မိမိကိုယ်တိုင်က ဦးစွာစောင့်ထိန်း ဖို့ လိုပါတယ်။ဘုရားရဲ့ ပညတ်တော်ကို အသေးအမွှားလေးက အစ ကိုယ်တိုင်လိုက်ကျင့်တယ်။သူများကိုလည်း လိုက်နာအောင် လမ်းပြနိုင်တယ်ဆိုရင်တော့ ဒီလိုမျိုးလူပုဂ္ဂိုလ်ဟာ ကောင်းကင် နိုင်ငံတော်မှာ ကြီးမြတ်တဲ့သူ ဖြစ်ပါလိမ့်မယ်။ဘုရားရှင်ရဲ့ ပညတ်တော်တွေကို မိမိကိုယ် တိုင် စိတ်ပါကိုယ်ပါ လိုက်နာကြစို့။ဒါမှသာလျှင်တစ်ပါးသူကိုလည်း လမ်းပြခေါဆောင် နိုင်ပါလိမ့်မယ်။