ဒီနေ့ ဧဝံဂေလိကျမ်းစာမှာ သခင်ယေဇူးသူငယ်တော်လေးကို ဗိမာန်တော်မှာ အပ်နှံပူဇော်တဲ့ အကြောင်းကို ဖတ်ရတယ်။ အဲ့ဒီမှာ စီမေအုံရဲ့ အခန်းကဏ္ဍာကို ဖော်ပြထားတာကတော့ သူဟာဖြောင့်မတ်ပြီး ဘုရားတရား ကြည်ညို တယ်။ ၀ိညာဉ်တော်မြတ်ဟာလည်း သူ၌တည်ရှိတယ်။ ဘုရားသခင်ရဲ့ ခရစ်တော်ကို မဖူးရခင် သေခြင်းသို့ မရောက်ရဘူးလို့ ဗျာဒိတ်တော် ရရှိထားသူလည်း ဖြစ်ပါတယ်။ စီမေအုံဟာ သူငယ်တော်လေးကို လက်နဲ့ပွေ့ချီလိုက်တာနဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတော့တာဘဲ။ “ကျွန်ုပ်၏ မျက်စိများသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ဖူးမြင်ရပြီ”လို့ မြွတ်ဆိုလိုက်တယ်။ သူငယ်တော်ရဲ့ မိခင်နဲ့ဖခင်တို့ဟာ စီမေအုံရဲ့ ပြောစကားတွေကို ကြားပြီး အံ့သြခဲ့ရတယ်။ ဒါတင်မကသေးဘူး ကောင်းကြီးပေးပြီးတော့ “ဤသူငယ်သည် အီဇရာအဲလ်လူမျိုးတွင် လူအများ၏ ပျက်စီးခြင်းအတွက်၄င်း၊ ဆန့်ကျင်ဘက် ပြုခြင်းခံရသည့် အမှတ်လက္ခဏာ အဖြစ်၄င်း၊ ခန့်ထားခြင်း ခံသောသူဖြစ်၏။ ဤသို့ဖြင့် များစွာသောသူတို့၏ စိတ်နှလုံးအတွင်းမှ အကြံအစည်များသည် ဖော်ထုတ်ပြသခြင်း ခံရလိမ့်မည်။ သင်၏နှလုံးကိုလည်း သံလျက် ထိုးဖောက်လိမ့်မည်” ဟု မယ်တော်ကို ရည်ညွန်း ပြောဆိုခဲ့ပါတယ်။ (သံလုကား ၂း ၃၄ - ၃၅) ကက်သလစ်ဘာသာဝင်တိုင်း ဘာသာဝင်အစမှာ ဆေးကြောခြင်း စက္ကမင်တူး ခံကြရပါတယ်။ ကလေးငယ်လေးဘဝ ဘာမှမသိခင် ဆေးကြောခြင်း ခံရတဲ့သူတွေ အတွက်တော့ မိဘများကကိုယ်စား ကတိဝန်ခံချက်တွေ ပြုလုပ်ပေးတယ်။ သူငယ်တော်ယေဇူးလေးလို အနာဂတ်ဟောချက်တွေ ကြိုတင်မသိရပေမဲ့လည်း ကက်သလစ်ဘာသာဝင် တစ်ယောက်ရဲ့ ပြုကျင့်လိုက်နာရမဲ့ တာဝန်ဝတ္တရားတွေက အလိုလိုရရှိပြီးသား ဖြစ်နေပါပြီ။ မိဘများကလည်း မိမိတို့ သားသမီးလေးတွေ လိမ္မာရေးခြားရှိပြီး လူတော်လူကောင်းလေးတွေ ဖြစ်လာဖို့ ဆုတောင်းပေးခြင်းနှင့် လမ်းပြသွန်သင်ရမှာ ဖြစ်ပါတယ်။ အဖသံဇူဇယ်နဲ့ မိခင်မာရီးယားလို ဘုရားတရား ကြည်ညိုပြီး ရိုးသားကြိုးစားတဲ့ မိဘများအဖြစ် သားသမီးတွေကို ပုံစံနမူနာပြရင်း ကလေးများအတွက် လှပတဲ့အနာဂတ်ကို ပြုစုပျိုးထောင် ပေးကြပါစို့။
#စစ္စတာရ် မေရီ ဒိုရင်း (SFX)