ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားပွဲနေ့ (C)
တိုလီမုတ်စဩဝါဒ (ယော ၁၆:၁၂-၁၅)
Rev. Fr. Bernardino Ne Ne
Posted by Sr. Benedetta Myat Hnin Nwe (ISR)
မိမိက တစ်စုံတစ်ယောက်ရဲ့ဓါတ်ပုံကို မကြာခဏကြည့်ပြီး သိကျွမ်းလာနိုင်ဖို့က မဖြစ်နိုင်ပါ။ယင်းဓါတ်ပုံပိုင်ရှင်နဲ့ မိတ်ဖွဲ့ဆက်သွယ်မှသာ ရင်းနှီးကျွင်းဝင်လာနိုင်ပါလိမ့်မယ်။လူမှုဆက်ဆံရေးမှာ အထက်ပါစကားက မှန်နေတယ်ဆိုရင် ဘုရားရှင်နဲ့ ရင်းနှီးကျွမ်းဝင်နိုင်ဖို့အတွက် ကိုယ်တော်ရှင်နဲ့ မေတ္တာသဟာယဆောက်တည်ဖို့က အရေးကြီးလိုအပ်လှပါတယ်။ကနေ့ပွဲရှင်ဖြစ်တဲ့ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားမြတ်ရဲ့အကြောင်းဟာ ဖြေရှင်းစရာ ပုစ္ဆာတစ်ပုဒ်သာ မဟုတ်ပါ၊ ပိုင်းခြားစိပ်ဖြာစရာ သီအိုရီတစ်ရပ်လည်း မဟုတ်ရပါ။ မိမိတို့ မိတ်သဟာယဆောက်တည်အပ်သော အရှင်မြတ်သာ ဖြစ်ပါတယ်။ ပုဂ္ဂိုလိသုံးပါးတစ်ဆူဘုရားမြတ်အကြောင်းကို အပြည့်အဝနားလည်ဖို့က ခက်ခဲနက်နဲလှပေမယ့် တစ်စိတ်တစ်ပိုင်းကို ခုလိုထောက်ရှုပြီး နားလည်ယုံကြည်နိုင်ပါတယ်။
(၁) ဘုရားဇာတိတော်
ကျွန်ုပ်တို့ယုံကြည်ပြီး ကိုးကွယ်သော ဘုရားက ဘုရားတစ်ဆူ၌ ပုဂ္ဂိုလ်မြတ်သုံးပါးတို့ ပါဝင်ပေါင်းစည်းနေပါတယ်။ ကျွန်ုပ်တို့ကက်သလစ်များဟာ တစ်ဆူတည်းသောဘုရားကိုသာ ယုံကြည်လက်ခံသူများ ဖြစ်တယ်။ ကနေ့ရဲ့ ဧဝံဂေလိကျမ်းစာမှာ လူသားများအား ကယ်တင်ခြင်းအမှုတော်မှာ ပုဂ္ဂိုလ်မြတ်သုံးပါးဟာ အတူတကွ ပေါင်းစည်းဆောင်ရွက်တော်မူကြောင်း ခရစ်တော်ရှင်က ဖော်ပြသွန်သင်ပေးထားပါတယ်။ ပုဂ္ဂိုလ်မြတ်သုံးပါးရှိပြီး ဘုရားတစ်ဆူတည်းသာရှိနေခြင်းကို အသင်းတော်ဖခင်ကြီးများရဲ့ ပုံခိုင်းနှိုင်းပြထားပေးတာက နေမင်းက ခမည်းတော်ဘုရားကို ကိုယ်စားပြုတယ်။ နေမင်းကြီးကနေ ဖြာထွက်လာတဲ့ ရောင်ခြည်ဟာ သားတော်ဘုရားဖြစ်ပြီး မိမိတို့ခံစားနိုင်တဲ့ အနွေး(အပူ)ဓါတ်ဟာ ဝိညာဉ်တော်မြတ်ဘုရားအဖြစ် ရည်ညွှန်းပုံဖော်ကြတယ်။ နေမင်းကြီး၊ နေရောင်ခြည်နဲ့ အပူဓါတ်တွေက သီးခြားရပ်တည်နေတာမျိုးမဟုတ်ဘဲ အတူပေါင်းစပ်တည်ရှိနေကြသလိုသုံးပါးတစ်ဆူမြတ်ဘုရားရဲ့ဇာတိတော်ကို ယှဉ်ထိုးလေ့လာကြည့်နိုင်ပါတယ်။ကနေ့ရဲ့ဒုတိယကျမ်းမှာလည်း ရှင်ပေါလူးက သားတော်ဘုရားယေဇူးရဲ့ အသေခံ၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်နဲ့ မိမိတို့ ပြန်သင့်မြတ်နိုင်တဲ့အခါ ဖြောင့်မတ်ခြင်းကို ရရှိခံစားနိုင်ကြောင်းနဲ့ ဝိညာဉ်တော်မြတ်ဟာ ကျွန်ုပ်တို့စိတ်နုလုံးများအတွင်းက ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ရှင်သန်ကြီးထွားစေကြောင်း မိန့်ကြားပေးပါတယ်။ ဆိုတော့က ကျွန်ုပ်တို့ယုံကြည်ကြတဲ့ တစ်ဆူတည်းသောဘုရားသခင်၌ အမှန်ပင် ပုဂ္ဂိုလ်မြတ်သုံးပါးအဖြစ် တည်ရှိနေတော်မူကြောင်း နားလည်လက်ခံနိုင်ပါတယ်။
(၂) ချစ်ခင်ပေါင်းစည်းခြင်း။
ပုဂ္ဂိုလ်မြတ်သုံးပါးတို့က ၎င်းတို့အကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာအားဖြင့် ပေါင်းစည်းဆက်နွယ်ပြီး အတူတည်ရှိရှင်သန်နေကြတယ်။ တစ်ဆူသုံးပါးမြတ်ဘုရားက ကျွန်ုပ်တို့ကို တစ်ဦးနဲ့တစ်ဦးအချင်းချင်း ပေါင်းစည်းညီညွတ်ကြဖို့ရာ သွန်သင်ပေးနေပါတယ်။ အကြောင်းရင်းက ကျွန်ုပ်တို့ရဲ့စိတ်နုလုံးများအတွင်းသို့ သွန်းလောင်းပေးထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် အချင်းချင်းချစ်ခင်ပေါင်းစည်းအပ်ကြောင်း ရှင်ပေါလူးက ထောက်ပြသွန်သင်ထားပါတယ်။ မိမိတို့ရဲ့ဘုရားက မိတ်သယာယဖွဲ့ခြင်းရဲ့ဘုရားရှင်ဖြစ်တော်မူတယ်။ ကျွန်ုပ်တို့ဟာ ဘုရားရှင်ရဲ့ပုံသဏ္ဌာန်တော်နဲ့အညီ ဖန်ဆင်းခံရကြတယ်။ ဒါကြောင့် ပိုင်းကန့်ခွဲခြားနေထိုင်ခြင်း၊ အထီးကျန်ဆန်တဲ့လုပ်ရပ်များ လုပ်ဆောင်ခြင်းတွေကို စွန့်လွတ်ရပါမယ်။ မျက်မှောက်ကမ္ဘာကြီးထဲမှာ၊ လူ့အသိုင်းအဝိုင်းကြားမှာ၊ မိသားစုထဲမှာ ချစ်ခင်စည်းလုံးပြီးနေထိုင်ကြရမယ်။ ခုလိုလုပ်ဆောင်နိုင်စေဖို့အတွက် မိမိတို့ရဲ့နုလုံးသားများကို ဝိညာဉ်တော်မြတ်ဘုရားရဲ့လမ်းညွှန်ပို့ဆောင်ပေးခြင်းကို ခွင့်ပြုကြရပါမယ်။ ညီအစ်ကိုချင်း ကြည်ညို၊မှီခိုကြဖို့ လိုအပ်ကြောင်းကို သိမှတ်ဝန်ခံကြရပါမယ်။
(၃) ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်။
ကျွန်ုပ်တို့ကက်သလစ်များရဲ့ ယုံကြည်ခြင်းအုတ်မြစ်က သုံးပါးတစ်ဆူဘုရားမြတ်ဘုရားသာ ဖြစ်တယ်။ ခမည်းတော်ဘုရားက ဖန်ဆင်းရှင်၊ သားတော်ဘုရားက ကယ်ချွတ်ရှင်၊ ဝိညာဉ်တော်ဘုရားက သန့်ရှင်းစေစေသောအရှင် ဖြစ်တော်မူတယ်။ မိမိတို့ဟာ ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်ဘုရားရဲ့ နာမတော်မြတ်၌ ဆေးကြောခြင်းမင်္ဂလာကို ခံယူခဲ့ကြတယ်၊ ယုံကြည်ကျင့်ကြံကြတယ်၊ ဆုတောင်းဝတ်ပြုကြတယ်။ ကနေ့ဝတ်ပြုခြင်းမှာ သုံးပါးတစ်ဆူဘုရားမြတ်နဲ့ မေတ္တာသဟာယဆောက်တည်ခြင်းအလို့ငှါ သုံးပါးမြတ်ဘုရားကို သိရှိဖို့၊ သိမှတ်ဝန်ခံဖို့၊ ယုံကြည်ပုံအပ်ဖို့ မိမိတို့အားလုံးကို ဖိတ်ခေါ်နေပါကြောင်း . . .