ဇွန်လ ၁၄ ရက်နေ့
ရှင်မာတေဦး ၅း၄၃-၄၈
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
သင် နှင့် နီးစပ် သော သူ ကိုချစ်လော့။သင်၏ ရန်သူကိုမုန်းလော့ ဟူသောပညတ်စကားရှိ သည် ကိုသင်တို့ကြားခဲ့ရလေပြီ။သို့ သော်သင်တို့အား ငါဆိုသည်မှာသင်တို့ ၏ ရန်သူ တို့ကို ချစ်ကြလော့။သင်တို့ကို နှိပ်စက်ညှဉ်းဆဲသော သူတို့ အတွက် ဆုတောင်းပေး ကြလော့။သို့မှသာ သင်တို့သည် ဆိုးသူနှင့် ကောင်းသူတို့အပေါ် ၌ မိမိ ၏ နေကိုထွက်စေတော်မူ ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ် သူတို့အပေါ် သို့ မိုးကိုရွာစေ တော်မူ သော၊ ကောင်းကင် ဘုံ ၌ ရှိ တော်မူ သည့် သင်တို့အဖ ၏ သားသမီး များ ဖြစ်ကြ လိမ့်မည်။အကြောင်း မူကား သင်တို့ သည် မိမိ တို့ အား ချစ် သော သူ များ ကိုသာ ချစ်ကြပါမူ အဘယ် အကျိုး ကို ခံစား ရမည်နည်း။ အခွန်ခံ သော သူ များ ပင် လျှင် ထိုနည်းတူ ပြုမူကြသည် မဟုတ်လော။သင်တို့ ၏ ညီအစ်ကို များ ကိုသာ သင်တို့ နှုတ်ဆက်ကြ လျှင် သင်တို့ သည် အခြားသူ များ ထက်မည် သည့် ထူးခြားချက်ကို ပြုသနည်း။လူမျိုးခြားတို့ပင် လျှင် ထိုနည်းတူ ပြုမူကြ သည် မဟုတ် လော။ထို့ကြောင့် ကောင်းကင် ဘုံ ၌ ရှိသော သင်တို့ ၏ အဖ သည် ကောင်းမွန် ပြည့်စုံ တော်မူ သည့် နည်းတူ သင်တို့ သည် လည်း ကောင်းမွန် ပြည့်စုံ ခြင်း ရှိ ကြလော့။ ထောက်ရူချက်“ရန်သူကို ချစ်ပါ”ဆိုတဲ့ ဒီပညတ်ချက်က ရုတ်တရက်ကြည့်ရင် မဖြစ်နိုင်တဲ့ အရာကို သွန်သင်နေ သလိုပါပဲ။ဒီအချိန်မှာ ဒီတရားကို မဟောချင်သေးပါဘူး။ချစ်ရတာ မလွယ်လှပါဘူး။ လူပဲ အသွေးအသားနဲ့ ခံစားချက်နဲ့ နားကျည်းချက်တွေနဲ့။လင်မယားတွေ ရန်ဖြစ်ကြရင် ပြောလေ့ရှိကြတယ်။ငါ့အသားကို မထိနဲ့နော် နင် ငါ့အသားကို နာကျင်အောင်လုပ်ရင် ငါ့လည်း နင်ကို ပြန်လုပ်ရမှာ ကျေနပ်မှာ ဆိုတဲ့စကားမျိုး။ ချစ်လို့ ပေါင်းနေတဲ့ လင်မယားတွေတောင် အမုန်းတွေ ၀င်လာရင် သိပ်ကို နာကျည်းသွားတတ်တယ်။ဒါတောင် ချစ်ဖူးတဲ့ လင်မယားတွေနော်။ တစ်ခါမှလည်း မချစ်ဖူးဘဲ ကိုယ့်အပေါ် ရက်ရက်စက်စက်ယုတ်မာတဲ့သူတွေ၊ဒုက္ခပေးတဲ့သူတွေကို ချစ်ဖို့ ဆိုတာ တကယ် မလွယ်ပါဘူး။ပါးတစ်ဖက်ကို ရိုက်ရင် ပါးတစ်ဖက်ကို ပေးဦးလော့တဲ့၊ဒါက သွန်သင်ချက်။တကယ်လက်တွေ့မှာက ပါးတစ်ချက်ရိုက်ရင် ဆယ်ချက်လောက် ပြန်ရိုက်ပစ်ချင်လောက်အောင် အမုန်းတရားတွေ ကြီးနေတတ်တယ်။မေတ္တာမရှိရင် ခွင့်လွှတ်ဖို့လည်း မလွယ်ပါဘူး။ဒါကြောင့် ချစ်ခြင်းမေတ္တာ ထားရှိဖို့ ယေဇူးဘုရားက သွန်သင်နေတာပါ။ချစ်ပါ လို့ ဆိုရတာ အပြောလွယ်သလောက် လက်တွေ့မှာ သိပ်ခက်လွန်းတယ်။ချစ်တယ်ဆိုတာ အပေါ်ယံ ခံစားချက်သက်သက်ပဲမဟုတ်ဘူး။ တကယ်ချစ်ရင် နာကျင်ရစမြဲပဲ။ခရစ်ယာန်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ အရင်ဆုံး ရတဲ့ ဆုကျေးဇူးတော်က ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာပဲ။ဘုရားရှင်ရဲ့ မေတ္တာတော်ကြောင့် လူဖြစ်လာကြတယ်။ပြီးတော့ ဘုရားရဲ့ အသက်တာမှာ ပါ၀င်ခွင့်ရတယ်။ဒါတင်မကသေး ဘုရားရဲ့ သားသမီးတွေလည်း ဖြစ်လာကြတယ်။ဘုရားရဲ့ သားသမီးတွေဖြစ်လာတာနဲ့အညီ အဖဘုရားရှင်ကဲ့သို့ ရှင်သန်ရမယ့်အရာတွေ ရှိလာတယ်။ဘုရားက ဆိုးတဲ့သူ၊ကောင်းတဲ့သူ မခွဲခြားဘဲ နေကို ထွက်စေတယ်။၀သန်မိုးကို ရွာစေတယ်။စားစရာတွေ ဖန်တီးပေးတယ်။လုံခြုံမှုတွေ ပေးနေတယ်။ဘုရားရဲ့ ကောင်းမြတ်ခြင်းက လူတွေရဲ့ ကောင်းမြတ်ခြင်းနဲ့ ယှဉ်တွဲထားတာမဟုတ်ဘူး။လူတွေက ဘုရားအချစ်နဲ့ ထိုက်တန်လွန်းလို့ ကျေးဇူးတော်တွေ သွန်းလောင်းပေးတာမဟုတ်ဘူး။ဒီအတွက်ကြောင့် မေတ္တာကင်းတဲ့နေရာမှာ မေတ္တာတွေ ပေးဝေနိုင်တဲ့သူတွေဖြစ်ဖို့ သနားကြင်နာတော်မူသော ဘုရားသခင်ဆီမှာ ဆုကျေးဇူးခွန်အား တောင်းခံကြရအောင်ပါ။