ဒီနေ့ဖတ်ရတဲ့ ဧဝံဂေလိကျမ်းစာမှာတော့ ပရောဖက်မ အာနားနဲ့ သူငယ်တော်ယေဇူးလေးနဲ့ ဆက်စပ်မှု ရှိပုံလေးကို ဖော်ပြထားပါတယ်။ အာနားနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ သူမဟာ အာရှဲအမျိုးအနွယ်ဝင် ဖြစ်တယ်။ သူ့ရဲ့ အဖေက ဖာနူအဲလ် ဖြစ်တယ်။ သူမပျိုရွယ်ချိန်တုန်းက အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့ ခုနှစ်နှစ် ပေါင်းသင်းခဲ့တယ်။ အခုအသက် (၈၄)နှစ်တိုင်အောင် မုဆိုးမဘဝနဲ့ နေထိုင်ခဲ့တယ်။ သူမဟာ ဗိမ္မာန်တော်ထဲမှာဘဲ နေပြီး အစာရှောင်တယ်၊ ဆုတောင်းတယ်။ ဒီနေ့ သံဇူဇယ်နဲ့ မာရီးယားတို့ ဗိမ္မာန်တော်မှာ ပူဇော်အပ်နှံဖို့ ရောက်ရှိလာကြတယ်။ ပရောဖက်မ အာနားလည်း သူမမျှော်လင့်ခဲ့ရတဲ့ သူငယ်တော်ယေဇူးလေးကို ကယ်တင်ရှင်ကို ဖူးမြင်ရလို့ အလွန်ဘဲ ပျော်ရွှင်ဝမ်းမြောက် နေတာပေါ့။ ဗိမ္မာန်တော်ထဲကို ဝတ်ပြုဖို့ ရောက်လာကြတဲ့ လူတိုင်းကို သူငယ်တော်လေးအကြောင်း မမောမပန်းနိုင်အာင် ပြောနေတော့တာဘဲ။ အခုလို ကယ်တင်ရှင်ကို ဖူးမြင်ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းလို့ မဆုံးနိုင်အောင်ပါဘဲ။ ယေဇူးခရစ်တော်ကို ယုံကြည်ပြီး သူ့ရဲ့တရားတော်ကို လိုက်နာစောင့်ထိန်းကြတဲ့ ကျွန်ုပ်တို့လည်း ပရောဖက်မအာနား နည်းတူ အတုယူလိုက်ကျင့် သင့်ပါတယ်။ မိမိတို့ ယုံကြည်ခြင်းကို လူအများကြားမှာ အခွင့်အရေးရရင် ရသလို သက်သေခံဖို့ မနှောင့်နှေးသင့်ပါဘူး။ ခရစ်တော်ရဲ့ သွန်သင်ချက် တရားတော်များကိုလည်း မိမိတို့နှလုံးသွင်း ကျင့်ကြံသလို လူအများကြားသိစေဖို့ နေ့စဉ်အပြောအဆို၊ အပြုအမှုအားဖြင့် လက်တွေ့ပြသရမှာ ဖြစ်ပါတယ်။ ဘုရားရှင်အား ဆုတောင်းခြင်း၊ ၀ါရှောင် ခြိုးခြံခြင်းများဖြင့် နေ့ညမပျက် ဝတ်ပြုကိုးကွယ်တဲ့ ပရောဖက်မအာနား ကဲ့သို့ ဘုရားတရား ကြည်ညို၍ ယုံကြည်ခြင်းကို အကျင့်ဖြင့် ပြသနိုင်သူများ ဖြစ်နိုင်ရအောင် ကြိုးစားကြပါစို့။
#စစ္စတာရ် မေရီ ဒိုရင်း (SFX)