ဇွန်လ ၂၀ ရက် (တနင်္လာနေ့)
ရှင်မာတေဦး (၇ : ၁- ၅)
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
လူတိုင်း လူတိုင်းက ကဲ့ရဲ့ခံရတာထက် ချီးမွမ်းခံရတာကိုပဲ ကြိုက်နှစ်သက်ကြတာပါ။ဒါပေမဲ့ ကိုယ်ကိုပြုမှုစေချင် တဲ့အတိုင်း သူတစ်ပါးကို ပြုမှုဖို့ကျတော့ ခက်ခဲလွန်းတတ်ပါတယ်။ကိုယ်က ချီးမွမ်းခံချင်ရင် သူတစ်ပါးကိုလည်း အသိ မှတ်ပြုပေးဖို့ လိုပါတယ်။ကိုယ်က အကဲ့ရဲ့ အပြစ်ဖို့ မခံချင်ရင် သူတစ်ပါးကိုလည်း နားလည် ခွင့်လွတ်တတ်ဖို့ လိုပါတယ်။ဒီအတွက်ကြောင့်လည်း ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင်က သူများကို မဆုံးဖြတ်ကြဖို့ ရှင်မာတေဦး (၇ : ၁- ၅) မှာ ဆုံးမသွန်သင်ထားတော်မူခဲ့ပါတယ်။ခရစ်တော်ဘုရားရှင်က အပြစ်ဖို့ ဝေဖန် အပုပ်ချခြင်း၊ သူတစ်ပါးကို စီရင်ဆုံးဖြတ်ခြင်းကို ရှောင်ရှားကြဖို့အတွက် မိန့်မှာထားခဲ့ပါတယ်။တစ်ယောက်ကို တစ်ယောက် စီရင်ဆုံးဖြတ်ခြင်း မပြုလုပ်သင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ အတိုင်းအဆမဲ့ သနား ကရုဏာတော်နဲ့ ဆုံးဖြတ်စီရင်ခြင်းသာလျှင် စစ်မှန်တဲ့ ဆုံးဖြတ်စီရင်ခြင်းဖြစ်တဲ့ အတွက်ကြောင့်ပါ။လူတွေရဲ့ စီရင်ဆုံးဖြတ်ခြင်းမှာ မေတ္တာတရားထက် အပြစ်ရှာတာက များတတ်ပါတယ်။ဘုရားရဲ့ ဆုံးဖြတ်ခြင်းကတော့ အပြစ်မမြင်၊ချစ်ချင်တာပဲသိတဲ့ ကရုဏာပါတဲ့ဆုံးဖြတ်ခြင်းပါ။လူက လူတစ်ယောက်ကို အပြစ်ရှာ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ ဘုရားကတော့ မေတ္တာနဲ့ သုံးသပ်နေပါတယ်။ အပြစ်ရှာ၊ မေတ္တာမပါတော့ ချစ်ရာမရောက် သစ္စာဖောက်သလို ဖြစ်သွားတတ်ပါတယ်။စီရင်ဆုံးဖြတ်ခြင်းဆိုတာ ဘုရားနဲ့ပဲ သက်ဆိုင်ပါတယ်။သူများကိုဘယ်တော့မှ မဆုံးဖြတ်ပါနဲ့။ဒါဆိုရင် သင်လည်းပဲ စီရင်ခံရမှာ မဟုတ်ဘူး။သင်ကိုယ်တိုင်က ဆုံးဖြတ်စီရင်ခြင်းကို မခံယူချင်ဘူးဆိုရင် သူတစ်ပါးကို အဘယ်တွက်ကြောင့် ဆုံးဖြတ်နေရတာလဲ။မိမိကိုယ်ကို အရင်ဆုံး ဆန်းစစ်ကြည့်မြင်ပြီးမှ သူတစ်ပါးကို ကြည့်မယ်ဆိုရင် အနီးအနားက သူငယ်ချင်းကို အလွယ်တကူ ဆုံးဖြတ်စီရင်ဝံ့မှာ မဟုတ်ပါဘူး။ကိုယ့်ရဲ့ မျက်စိထဲက သစ်တုံးကြီးကို မမြင်ဘဲ ဘာကြောင့် သူများရဲ့ မျက်စိထဲက သစ်သားစကို ထုတ်ပေးပါရစေလို့ ပြောရဲရတာလဲဆိုပြီး ဘုရားက သာဓကလေးနဲ့ ပညာပေးဆုံးမခဲ့ခြင်းပဲ ဖြစ်ပါတယ်။သူတစ်ပါးကို ဆုံးဖြတ်စီရင်ဖို့ထက် ပိုပြီးအရေးကြီးတာက သူတစ်ပါးကို ချစ်ခြင်းမေတ္တာ ထားရှိခြင်း၊နားလည် ခွင့်လွှတ်ပေးခြင်းနဲ့ ဆုတောင်းအားပေးခြင်းတို့ပဲ ဖြစ်ပါတယ်။အမှားကို မဖြစ်မနေထောက်ပြဖို့ လိုအပ်တယ်ဆိုမှသာ မေတ္တာတရားနဲ့ အပြုသဘောဆောင် ထောက်ပြကူညီ ပေးရမှာပါ။ လူတိုင်းကို နေရာတိုင်းမှာ ဘယ်တော့ ဘယ်တော့မှ မဆုံးဖြတ်လိုက်ပါနဲ့။ဘာကြောင့်လဲဆိုတော့ မိမိတိုင်းတဲ့ ပေတံအတိုင်း ကိုယ်ကိုတိုင်လည်း ပြန်လည် တိုင်းတာ ဆုံးဖြတ်ခံ ရမှာပါ။ ဓမ္မမိတ်ဆွေ အပေါင်း တစ်ဦးနဲ့ တစ်ဦး အပြစ်ဖို့ ဆုံးဖြတ်ခြင်းနဲ့ ကင်းဝေးပြီး မေတ္တာထား ခွင့်လွှတ်နိုင်ကြပါစေ။