ဇွန်လ ၂၁ ရက် (အင်္ဂါနေ့)
မာတေဦး ၇း ၆၊ ၁၂-၁၄
ဖာသာရ် သီကိုရှင်း (SDB)
Posted By Sr.Benedeth Myat Hnin New (ISR)
သန့်ရှင်းမွန်မြတ်သောအရာများကို ခွေးတို့အား မပေးကြနှင့်။ သင်တို့၏ ပုလဲရတနာများကိုလည်း ဝက်တို့၏ ရှေ့တွင် ပစ်ချမထားကြနှင့်။ ထိုသို့ပြုခဲ့လျှင်၎င်းတို့သည် ထိုအရာများကို ခြေဖြင့်နင်းခြေပြီးနောက်လှည့်၍ သင်တို့ကို ရန်ပြုကြလိမ့်မည်။သင်တို့အား သူတစ်ပါးတို့ပြုမူစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အားပြုမူကြလော့။ဤသည်ကား ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့ပင်ဖြစ်သတည်း။ကျဉ်းမြောင်းသော တံခါးမှဝင်ကြလော့။အကြောင်းမူကား ပျက်စီးခြင်းသို့ပို့ဆောင်သောလမ်းသည်လိုက်ရန်လွယ်ကူ၍ တံခါးသည်လည်း ကျယ်ဝန်းသဖြင့် ထိုလမ်းမှ ဝင်ရောက်သောသူတို့သည် များပြားလှ၏။သို့သော် ထာဝရအသက်သို့ပို့ဆောင်သောလမ်းသည် ခက်ခဲ၍ တံခါးသည်လည်း ကျဉ်းမြောင်းသဖြင့်ထိုလမ်းကိုတွေ့ရှိသောသူတို့သည် နည်းကြ၏။
ထောက်ရူချက်***မြန်မာစကားမှာ ဆိုရိုးတစ်ခုရှိပါတယ်။ ကျားကြီးရင်ခြေရာကြီးတယ်တဲ့။ ဆိုလိုချင်တာက တစ်စုံတစ်ခုကတန်ဖိုးသိပ်ကြီးရင် ထိန်းသိမ်းရတဲ့ တာဝန်ကလည်းကြီးတယ်။တောင်းဆိုမှုများတယ်။ဒီနေ့ခရစ်တော်ဘုရားရှင်ကပုလဲရတနာကို ဝက်တို့ ရှေ့မှာချမထားနဲ့လို့ သတိပေးဆုံးမထားပါတယ်။ဘဝကတန်ဖိုးကြီးတယ်။ ရတနာတစ်ခုကိုမြေအိုးထဲမှာ ထည့်သိမ်း ထားသလိုပဲ။ သတိထားပြီး မထိန်းသိမ်းတတ်ရင် ကွဲလွယ်၊ ထိလွယ်။ ပျက်စီးလွယ်တယ်။ဒါကြောင့် သတိကြီးကြီးထားပြီး မိမိဘဝကို ထိန်းထိန်းသိမ်းသိမ်းနေရမယ်။ ဘဝက တန်ဖိုးရှိတယ်။ တန်ဖိုးကြီးတော့ တောင်းဆိုမှုများတယ်။ တန်ဖိုးရှိတဲ့အရာကို တန်ဖိုးထားပြီးထိန်းသိမ်းရမယ်။ဘဝဆိုတာပုလဲရတနာလိုပဲအဖိုးကြီးလွန်းပါတယ်။ထိန်းသိမ်းကာ စောင့် ရှောက်မှ သူ့တန်ဖိုးမြင့်သထက်မြင့်လာမယ်။ ကိုယ့်တန်ဖိုးကို ပိုမြင့်စေချင်ရင်ပြခန်းထဲမှာ ထားပြီး အလှကြည့်ရုံပဲ ပိတ်ထားလို့မရဘူး။ဘုရားရှင်ပေးထားခဲ့တဲ့နည်းလမ်း ၂ ခုရှိပါတယ်။ပထမနည်းလမ်းက ရွှေပညတ်တော်ဖြစ်ပါတယ်။ ကိုယ်၌ပြုစေသလို သူများကိုလည်းပြုမှုပေးရမယ်။ပုံမှန်အားဖြင့် ကျွန်ုပ်တို့ကသူတစ်ပါး ပြုမှုတဲ့အတိုင်းပြန်လည် တုန့်ပြန်တတ်ကြတယ်။မလုပ်နဲ့ဆိုတဲ့အရာကိုမလုပ်ရုံနဲ့မပြီးသေးဘူး။လုပ်သင့်တဲ့အရာကိုလည်းသူများအတွက် လုပ်ဆောင်ပေးမှသာ တန်ဖိုးအရှိန်တက်လာလိမ့်မယ်။ ဒုတိယနည်းလမ်းကကျဉ်းမြောင်းတဲ့ တံခါးကနေ ဝင်းခြင်းဖြစ်ပါ တယ်။ ဘဝကို စည်းကမ်းတကျဟန်ချက်ညီညီ အသက်ရှင်ခြင်းသည် မိမိတန်ဖိုးကိုမြင့်တင်ခြင်းဘဲဖြစ်ပါတယ်။နှင်းဆီးပန်းကလှတယ်။ ဒါပေမဲ့ သူ့မှာသူအလှကိုကာကွယ်ဖို့ဆူးတွေရှိတယ်။ဘဝကလှတယ်။အဲ့ဒီဘဝအလှကို ကာကွယ်ဖို့ဆူးနဲ့တူတဲ့အခက်အခဲတွေ ၊ ရုန်းကန်ခြင်းတွေ ရှိပါတယ်။ ဘယ်အရာမှ အလကားမရပါဘူး။တန်ဖိုးကြီးတဲ့ အရာဟူသမျှက ခက်ခဲရုန်းကန်ခြင်းကနေ ဖြစ်တည်ဆင်းသက်လာရတာပဲဖြစ်ပါတယ်။ဘုရားပေးထားတဲ့ ဘဝရတနာကို တန်ဖိုးမြင့်ချင်ရင် သူတစ်ပါးအား မိမိကိုယ်ကို ပြုစေချင်သလို သူတပါးတို့အား ပြုရပါမယ်။တန်ဖိုးရဲ့ အထိုက်အလျောက် တောင်းဆိုမှုကိုလည်း ကြိုးစားဖြည့်စည်းပေးရမယ်။ဓမ္မမိတ်ဆွေအပေါင်းမိမိတို့ဘဝကို တန်ဖိုးရှိရှိထိန်းသိမ်းရှင်သန် နိုင်ကြပါစေ။