ဇွန်လ ၂၁ ရက် (အင်္ဂါနေ့)
မာတေဦး ၇း ၆၊ ၁၂-၁၄
Rev.Fr. Paschal Thi Ko Shin (SDB)
Posted by Sr.Benedetta Myat Hnin Nwe(ISR)
သန့်ရှင်းမွန်မြတ်သောအရာ များကို ခွေးတို့အား မပေးကြ နှင့်။သင်တို့ ၏ ပုလဲရတနာ များကိုလည်း ဝက်တို့၏ ရှေ့တွင်ပစ်ချမထားကြနှင့်။ထိုသို့ ပြုခဲ့လျှင် ၎င်းတို့သည် ထိုအရာများကို ခြေဖြင့်နင်းခြေ ပြီးနောက် လှည့်၍ သင်တို့ကို ရန်ပြုကြလိမ့်မည်။သင်တို့အား သူတစ်ပါးတို့ပြုမူစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုမူကြလော့။ဤ သည်ကား ပညတ်တရားကျမ်း နှင့် ပရောဖက် ကျမ်းတို့ပင်ဖြစ်သတည်း။ကျဉ်းမြောင်းသော တံခါး မှဝင် ကြလော့။အကြောင်းမူကား ပျက်စီခြင်း သို့ပို့ဆောင်သောလမ်း သည်လိုက်ရန် လွယ်ကူ၍ တံခါးသည်လည်းကျယ်ဝန်းသဖြင့် ထိုလမ်းမှဝင်ရောက်သော သူတို့သည် များပြလှ၏။သို့သော် ထာဝရအသက် သို့ပို့ဆောင်သောလမ်းသည် ခက်ခဲ၍ တံခါးသည်လည်း ကျဉ်းမြောင်း သဖြင့် ထိုလမ်းကို တွေ့ရှိသော သူတို့သည်နည်းကြ ၏။
ထောက်ရူချက်***မြန်မာစကားမှာ ဆိုရိုးတစ်ခု ရှိပါတယ်။ကျားကြီးရင် ခြေရာကြီးတယ်တဲ့။ဆိုလိုချင်တာက တစ်စုံတစ်ခုကတန်ဖိုးသိပ်ကြီးရင် ထိန်းသိမ်းရတဲ့ တာဝန်ကလည်း ကြီးတယ်။တောင်းဆိုမှုများတယ်။ ဒီနေ့ ခရစ်တော်ဘုရားရှင်ကပုလဲရတနာကို ဝက်တို့ရှေ့မှာ ချမထားနဲ့လို့ သတိပေး ဆုံးမထားပါတယ်။ ဘဝက တန်ဖိုးကြီးတယ်။ရတနာတစ်ခုကို မြေအိုးထဲမှာ ထည့်သိမ်းထားသလိုပဲ။သတိထားပြီး မထိန်းသိမ်းတတ်ရင် ကွဲလွယ်၊ ထိလွယ်။ပျက်စီးလွယ်တယ်။ ဒါကြောင့် သတိကြီးကြီးထားပြီး မိမိဘဝကို ထိန်းထိန်းသိမ်းသိမ်းနေရမယ်။ ဘဝက တန်ဖိုးရှိတယ်။ တန်ဖိုးကြီးတော့ တောင်းဆိုမှုများတယ်။ တန်ဖိုးရှိတဲ့ အရာကို တန်ဖိုးထားပြီး ထိန်းသိမ်းရမယ်။ဘဝဆိုတာ ပုလဲရတနာလိုပဲ အဖိုးကြီးလွန်းပါတယ်။ထိန်းသိမ်းကာ စောင့်ရှောက်မှ သူ့တန်ဖိုး မြင့်သထက် မြင့်လာမယ်။ကိုယ့်တန်ဖိုးကို ပိုမြင့်စေချင်ရင် ပြခန်းထဲမှာ ထားပြီး အလှကြည့်ရုံပဲ ပိတ်ထားလို့မရဘူး။ ဘုရားရှင် ပေးထားခဲ့တဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ပထမနည်းလမ်းက ရွှေပညတ်တော် ဖြစ်ပါတယ်။ကိုယ်၌ ပြုစေသလိုသူများကိုလည်း ပြုမှုပေးရမယ်။ပုံမှန်အားဖြင့် ကျွန်ုပ်တို့က သူတစ်ပါး ပြုမှုတဲ့အတိုင်း ပြန်လည်တုန့်ပြန်တတ်ကြတယ်။မလုပ်နဲ့ဆိုတဲ့အရာကို မလုပ်ရုံနဲ့ မပြီးသေးဘူး။လုပ်သင့်တဲ့အရာကိုလည်း သူများအတွက်လုပ်ဆောင်ပေးမှသာ တန်ဖိုး အရှိန်တက်လာလိမ့်မယ်။ ဒုတိယနည်းလမ်းက ကျဉ်းမြောင်းတဲ့ တံခါးကနေ ဝင်ခြင်းဖြစ်ပါတယ်။ဘဝကို စည်းကမ်းတကျ ဟန်ချက်ညီညီ အသက်ရှင်ခြင်းကလည်း မိမိတန်ဖိုးကို မြင့်တင်ခြင်းပဲ ဖြစ်ပါတယ်။နှင်းဆီးပန်းတစ်ပွင့်က လှတယ်။ဒါပမေဲ့ သူ့မှာသူအလှကို ကာကွယ်ဖို့ ဆူးတွေရှိတယ်။ဘဝကလှတယ်။ အဲ့ဒီဘဝအလှကို ကာကွယ်ဖို့ ဆူးနဲ့ တူတဲ့ အခက်ခဲတွေ၊ရုန်းကန်ခြင်းတွေ ရှိပါတယ်။ဘယ်အရာမှ အလကားမရပါဘူး။တန်ဖိုးကြီးတဲ့ အရာဟူသမျှက ခက်ခဲရုန်းကန်ခြင်း တွေကနေ ဖြစ်တည်ဆင်းသက်လာကြတာပဲ ဖြစ်တယ်။ဘုရားပေးထားတဲ့ ဘဝရတနာကို တန်ဖိုးမြင့်ချင်ရင်သူတစ်ပါးအား မိမိကိုယ်ကို ပြုစေချင်သလိုသလို သူတစ်ပါးအတွက် ပြုပေးရမယ်။တန်ဖိုးရဲ့ အထိုက်အလျှောက် တောင်းဆိုမှုကိုလည်း ကြိုးစားဖြည့်ဆည်းပေးရမယ်။ဓမ္မမိတ်ဆွေအပေါင်းတို့ မိမိတို့ဘဝကို တန်ဖိုးရှိရှိထိန်းသိမ်းရှင်သန်နိုင်ကြပါစေ။