ယေဇူးရွှေနှလုံးတော်ပွဲနေ့ ရှင်
လူကား ၁၅း ၃-၇
ဖာသာရ် ပါစကားသီကိုရှင်း (SDB)
Posted by Sr. Sabina Hla Yee Win (ISR)
ကိုယ်တော်ကလည်းသူတို့အားဤပုံဥပမာကိုမိန့်တော်မူ၏။သင်တို့တွင်မည်သူသည်သိုးအကောင်တစ်ရာရှိ၍၎င်းတို့ ထဲမှသိုးတစ်ကောင်ပျောက်ဆုံးသွားလျှင်ကိုးဆယ့်ကိုးကောင်ကိုတော၌ထားခဲ့ပြီးမှပျောက်သောသိုးတစ်ကောင်ကို တွေ့သည့်တိုင်အောင်သွား၍မရှာဘဲနေမည်နည်း။သူသည်ထိုသိုးကိုတွေ့သောအခါဝမ်းမြောက်ဝမ်းသာဖြင့်၎င်းကိုပခုံး ထက်တွင်တင်လေ၏။ထို့နောက်သူသည်အိမ်သို့ပြန်ရောက်လျှင်မိတ်ဆွေများနှင့်အိမ်နီးချင်းများကိုခေါ်၍ငါနှင့်အတူ ဝမ်းမြောက်ကြလော့။အကြောင်းမူကားပျောက်သောသိုးကိုငါပြန်တွေ့ပြီဟုသူတို့အားဆိုလိမ့်မည်။ထိုနည်းတူသင်တို့အားငါဆိုသည်ကားနောင်တရရန်မလိုအပ်သောဖြောင့်မတ်သူကိုးဆယ်ကိုးယောက်တို့ထက်နောင်တရလာသောအပြစ်သားတစ်ယောက်အတွက်ကြောင့်ကောင်းကင်ဘုံ၌ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ထောက်ရှုချက်***ဒီနေ့ကျနော်တို့နှလုံးသားတစ်ခုကိုဂုဏ်ပြုနေကြပါတယ်။ရိုးရိုးနှလုံးသားမဟုတ်ပါဘူး။ရွှေရောင်နှလုံးသား၊မွန်မြတ်သောနှလုံးသားဖြစ်တဲ့ယေဇူးရွှေနှလုံးတော်ပွဲကိုကျင်းပကြပါတယ်။ဒီပွဲဟာဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတော်၊သနားကရုဏာတော်ကိုမိုင်ကုန်ဖော်ပြပေးလိုက်တဲ့ပွဲတစ်ခုဖြစ်ပါတယ်။ဘုရားသခင်ကချစ်လို့သခင်ယေဇူးအားဖြင့်သူ့ရဲ့နှလုံးတော် သံလျက်ထိုးဖောက်ခံပြီးသူကိုသူလုံးဝအပ်နှံပေးဆပ်ခဲ့ပါတယ်။နှလုံးတော်ကနေသွေးနဲ့ရေဟာစီးကျလာပြီးလောက ကယ်တင်ခြင်းအတွက်အမွန်မြတ်ဆုံးပူဇော်ပေးလိုက်ပါတယ်။သခင်ယေဇူးရဲ့နှလုံးတော်ဟာဒဏ်ရာတွေရခဲ့တယ်။ အဲ့ဒီဒဏ်ရာတွေကြားကနေကိုယ်ကျိုးစွန့်အပူဇော်ခံတဲ့ချစ်ခြင်းမေတ္တာတွေလည်းစိးဆင်းခဲ့ပါတယ်။သခင်ယေဇူးက လက်ဝါးကားတိုင်ပေါ်မှာအသေခံအသက်စွန့်တော်မူတဲ့အချိန်ဟာပါစကားပွဲကျင်းပဖို့အစပြုနေချိန်ဖြစ်ပါတယ်။ဂျူးလူမျိုးတွေကသူတို့ရဲ့အရေးကြီးဆုံးဘာသာရေးပွဲတော်တစ်ခုကို ပါစကားသိုးကို သတ်ပြီးကျင်းပဖို့ပြင်ဆင်နေချိန်မှာခရစ်တော်ကတံကျင်ထက်ကားစင်တင်ခံရတယ်။ဂျူးလူမျိုးတွေကပါစကားပွဲအတွက်သိုးသတ်ဖို့ပြင်နေချိန်လောကအပြစ်ကိုကယ်ချွတ်ဖို့ဘုရားရဲ့သိုးငယ်တော်ကကားစင်ပေါ်မှာသွေးသွန်းခံလိုက်ရပါပြီ။လူတွေရဲ့ကယ်တင်ခြင်းအတွက်နှလုံးတော်ကနေစီးကျလာတဲ့သွေးကိုပူဇော်ပေးခဲ့ပါတယ်။သခင်ခရစ်တော်ဟာသူ့ရဲ့နှလုံးတော်နဲ့သူ့ရဲ့အချစ်၊သူ့ရဲဘုရားအဖြစ်ကိုဖော်ပြပေးလိုက်ပါတယ်။သခင်ခရစ်တော်ရဲ့ကားစင်ပေါ်အသေခံအသက်စွန့်ခြင်း၊သူ့ရဲ့အသွေးတော် အားဖြင့်ကျနော်တို့အားလုံးဟာအပြစ်ကနေသန့်စင်ခြင်းခံရပါတယ်။လူတွေအပြစ်ကနေသန့်စင်စေဖို့ဘုရားသခင်ဟာသူ့နှလုံးသားကိုထိုးဖောက်ခံပြီးသွေးနဲ့ဆေးကြောပေးခဲ့ပါတယ်။နှလုံးတော်ကနေကျနော်တို့အတွက်ဘုရားရှင်ရဲ့မတ္တာ တော်တွေယိုစီးနေပါတယ်။ကဗျာတွေစာတွေထဲမှာမကြာခဏကြားဖူးပါတယ်။နှလုံးသားချင်းစကားပြောတာတို့၊နှလုံးသားရဲ့ဘာသာစကားကိုနှလုံးသားကပဲဘာသာပြန်တတ်တယ်ဆိုတာတို့ကြားဖူးပါတယ်။နှလုံးသားကပြောတဲ့သတင်းစကားကိုနှလုံးသားနဲ့ပဲကြားနိုင်ပါတယ်။ဘုရားသခင်ကသူ့ရဲ့နှလုံးသားကနေသူ့ရဲ့အတုမဲ့မေတ္တာတော်အကြောင်းကိုပြောပြနေပါတယ်။ဒါကိုကျနော်တို့ကလည်းနှလုံးသားနဲ့ခံယူဖို့လိုပါတယ်။ဒါကြောင့်ခရစ်တော်ရဲ့နှလုံးသားကကျနော်တို့ရဲ့နှလုံးသားတွေကိုထိတွေ့ဖို့၊ပြောင်းလဲဖို့၊စကားပြောဖို့အတွက်အခွင့်ပေးလိုက်ပါ။နှလုံးသားကနှလုံးသားကိုစကားပြောပါစေ။နှလုံးသားကနှလုံးသားကိုပြောင်းလဲပေးပါစေ။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ကျနော်တို့ရဲ့နှလုံးသားတွေဘဝတွေဟာပြောင်းလဲမှုမရှိဘူးဆိုရင်တော့ရွှေနှလုံးတော်မှာသဒ္ဓါကြည်ညိုခြင်းရှိနေကြတာဟာအပေါ်ယံသက်သက်ပဲဖြစ်နေမှာပါ။ခရစ်တော်ရဲ့နှလုံးတော်ကချစ်တတ်သလို၊ကြင်နာတတ်သလို၊ခွင့်လွှတ်တတ်သလိုပဲကျနော်တို့နှလုံးသားတွေကလည်းချစ်ခင်၊ကြင်နာခွင့်လွတ်တတ်ဖို့လိုပါတယ်။