ဇူလိုင်လ ၂ ရက် ၁၃ ကြိမ်မြောက်သာမန်အပတ် စနေနေ့ ၂၀၂၂
ပထမကျမ်း ။ အာမုတ် ၉း ၁၁-၁၅
ဧဝံဂေလိကျမ်း။ မာတေးဦး ၉း၁၄-၁၇
ဖာသာရ်စောကော့ကော် (SJ)
Posted by Sr.Sabina Hla Yee Win (ISR)
ထိုအခါယောဟန်၏တပည့်တို့သည်ကိုယ်တော့်ထံသို့ချဉ်းကပ်၍အကျွန်ုပ်တို့နှင့်ဖာရီဇေးဦးတို့သည်ကြိမ်ဖန်များစွာအစာရှောင် ကြ၍ကိုယ်တော်၏တပည့်တော်တို့မူကားအဘယ်ကြောင့်အစာမရှောင်ဘဲနေကြပါသနည်းဟုမေးလျှောက်ကြ၏။ထိုအခါယဇူးကမင်္ဂလာဆောင်သတို့သား၏အပေါင်းအဖော်တို့သည်မိမိတို့နှင့်အတူသတို့သားရှိနေစဉ်ဝမ်းနည်းပူဆွေးကြပါမည်လော။သတို့သားကိုသူတို့ထံမှခေါ်ဆောင်သွားမည့်နေ့ရက်များရောက်လာသောအခါသူတို့သည်အစာရှောင်ကြလိမ့်မည်။မည်သူမျှအဝတ်ဟောင်းကိုပိတ်စအသစ်နှင့်ဖာထေးလေ့မရှိ။ထိုသို့ပြုလျှင်ပိတ်စသစ်သည်အဝတ်မှရုန်းသဖြင့်စုတ်ပြဲသည့်နေရာမှာပို၍ကျယ်လာတတ်၏။ထို့ပြင်မည်သူမျှစပျစ်ရည်သစ်ကိုသားရေဘူးဟောင်းတွင်ထည့်လေ့မရှိ။ထည့်ခဲ့ပါလျှင်သားရေဘူးပေါက်သဖြင့်စပျစ်ရည်ယိုဖိတ်ကာသားရေဘူးလည်းပျက်စီးတတ်၏။စပျစ်ရည်သစ်ကိုသားရေဘူးသစ်၌ထည့်သောအခါတွင်မူကားနှစ်မျိုးစလုံးမပျက်စီးဘဲရှိလိမ့်မည်ဟုမိန့်တော်မူ၏။
နှုတ်ကပါတ်တော်ထောက်ရှုချက်****သခင်ယေဇူးသည်မည်သူဖြစ်သနည်း။ကိုယ်တော်နောက်သို့လိုက်ခြင်းသည်မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း။သခင်ယေဇူးသည်အဟောင်းနှင့်အသစ်ကိုတန်ဖိုးထားသောသတို့သားဖြစ်တော်မူ၏။သခင်ယေဇူးသက်ရှိထင်ရှားရှိခဲ့စဉ်ကဂျူးလူမျိုးတို့၏ဘာသာရေးပညတ်ချက်တွင်အပြစ်ဖြေရာနေ့၌အစာရှောင်၍ဥပုသ်သီတင်းကိုစောင့်တည်ကျရသည်။ဖာရီဇေးဦးတို့သည်သီးတင်းတစ်ပတ်ကိုနှစ်ကြိမ်အစာရှောင်ဥပုသ်စောင့်ထိန်းကြရသည်။(ရှင်လုကာ၁၈း၁၂)ရှင်ယောဟန်ဘတ္တိဇံ၏နောက်လိုက်တပည့်များသည်လည်းဂျူးတို့၏ဘာသာရေးထုံစံအတိုင်းဥပုသ်စောင့်ထိန်းသူများကြသူများဖြစ်ကြကာသခင်ယေဇူးကိုလည်းဂျူးလူမျိုးတစ်ဦးဖြစ်ပြီးဘာသာရေးကိုဦးဆောင်သွန်သင်နေသူအဖြစ်မြင်ကာကိုယ်တော်နှင့်ကိုယ်တော်၏နောက်လိုက်တပည့်ဂျူးများသည်သူတို့လိုပညတ်တွေစောင့်ထိန်းပြီးနေထိုင်မှုမရှိသည့်အတွက်ကိုယ်တော့်ကိုလာရောက်မေးမြန်းကြခြင်းဖြစ်သည်။ကိုယ်တော်ပြန်လည်ဖြေကြားတော်မူသည့်စကားများကိုကြည့်မည်ဆိုလျင်ကိုယ်တော်သည်အစာရှောင်ဥပုသ်သီတင်းစောင့်ရခြင်းပညတ်တရားကိုဆန့်ကျင်နေခြင်းမရှိသည်ကိုရှင်းလင်းပြတ်သားစွာတွေ့မြင်ကြရပါသည်။ကိုယ်တော်အလေးထားပြောချင်သည့်စကားသည်လူအများလေးစားရသည့်တရားဝင်ဘာသာရေးဦးဆောင်သူတို့၏လွဲမှားသော ရှုထောင့်မှချမှတ်ပေးထားတဲ့အရာများကိုထောက်ပြခြင်းသာဖြစ်သည်။သာမညနှင့်အဓိကကိုခွဲခြားသိမြင်ရန်ဖြစ်သည်။အစာရှောင်ဥပုသ်စောင့်ခြင်းသည်ဘုရားသခင်နှင့်နီးစပ်ဖို့အပြစ်ကိုဖြေခြင်းဖြစ်သည်။ဥပုသ်စောင့်ခြင်းသည်သာမညဖြစ်ပြီးဘုရားသခင်နှင့်နီးစပ်ခြင်းသည်အဓိကဖြစ်သည်။ဘာသာရေးခေါင်းဆောင်တို့ကဥပုသ်စောင့်တည်ခြင်းပညတ်သည်အဓိကဖြစ်ပြီးဘုရားသခင်နှင့်နီးစပ်ခြင်းသည်သာမညဟု လွဲမှားစွာ ဥပုသ်စောင့်နေသော်ငြားလည်းဘုရားနှင့်နီးစပ်မှုမရရှိတာကိုပင်ဥပုသ်စောင့်ကိုစောင့်ရမည်။ဘုရားသခင်နှင့်နီးစပ်မှုရှိနေသော်ငြားလည်းဥပုသ်စောင့်တည်ရမည်ဟုရှုမြင်ခြင်းကိုထောက်ပြတော်မူသည်။ကိုယ်တော်ကိုယ်တိုင်သည်တပည့်တော်တို့နှင်အတူရှိသောကြောင့်ဘုရားသခင်နှင့်နီးစပ်နေသဖြင့်တပည့်တော်တို့သည်အစာရှောင်ပုသ်စောင့်ရန်မလိုအပ်ပေ။ကိုယ်တော်သည်ဥပုသ်စောင့်တည်ခြင်းပညတ်ဟောင်းနှင့်ကိုယ်တော်အလေးထားစေချင်သည်ဥပုသ်စောင့်တည်ခြင်း၏အဓိကရည်ရွယ်ချက်ဖြစ်သည့်ဘုရားသခင်နှင့်ပိုမိုနီးစပ်မှုကိုပေါ်လွင်အောင်ပညတ်သစ်ကိုပါပေး၍တန်ဖိုးထားသောသတို့သားဖြစ်တော်မူသည်။
ထောက်ရှုရန်ဘဝအတွက်သင်ခန်းစာ****လူများသည်စစ်မှန်တဲ့ဘာသာရေး၏အနှစ်သာရကိုလက်တွေ့ကျကျကျင့်ကြံကြဖို့ထက်ဘာသာရေးမှအနှစ်သာရကိုရရှိဖို့ချမှတ်တောင်းဆိုထားသည်ကိုယ်ကွယ်မှုဆိုင်ရာဓလေ့နှင့်ပညတ်တရားများကိုသာအလွယ်လိုက်တတ်ကြသည်။သခင်ယေဇူးသည်ကျွန်ုပ်တို့ပြုလုပ်သောဘာသာရေးဆိုင်ရာဝိနည်းများကိုလုပ်ဆောင်ခြင်းတွင်ကျွန်ုပ်တို့သည်ဘုရားသခင်အပေါ်အမှန်တကယ်တုံ့ပြန်ရမည့်အရာ(သို့မဟုတ်)ဘုရားသခင်မှကျွန်ုပ်တို့အတွက်ဖော်ပြထားသည့်စစ်မှန်တဲ့ရည်ရွယ်ချက်တို့မဖြစ်မီ၊မပြည့်မီမှန်းသိလျက်နှင့်ပင်သိသိကြီးဖြင့်အလွယ်လိုက်တတ်သောစိတ်ထားကိုသိသောကြောင့်ကျွန်ုပ်တို့ကိုပညတ်တရားကအရေးကြီးသည်ထက်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကပိုအရေးကြီးကြောင်း၊ပညတ်တရားသည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုသိမြင်ဖို့ဖြစ်ကြောင်းပညတ်ထားခြင်းဖြစ်ကြောင်းကိုထောက်ပြီးသွန်သင်တော်မူသည်။ကိုယ်တော်၏သွန်သက်တော်မူခြင်းသည်အသစ်ဖြစ်သောကြောင့်ရှုမြင်မှုအသစ်ဖြင့်သာလက်ခံနိုင်မည်ဖြစ်ပြီးအရိုးဆွဲနေသောအကျင့်ဟောင်းကိုအကျင့်သစ်ဖြစ်ပြုပြင်ခြင်းသည်အချည်းအနှီးသာဖြစ်လိမ့်မည်ဖြစ်ကြောင်းကျွန်ုပ်တို့သတိထားကြရမည်ဖြစ်သည်။အကျင့်ဟောင်းကိုပညတ်ဟောင်းအဖြင့်ကျင့်ကြံပြီအကျင့်သစ်ကိုပညတ်သစ်အဖြစ်လက်ခံကျင့်ကြံခြင်းအားဖြင့်သာကျွန်ုပ်တို့သည်ပညတ်ဟောင်းနှင့်ပညတ်သစ်ကိုနားလည်မှုပြည့်ဝစုံလျင်စွာဖြင့်ကျင့်ကြံ နိုင်ကြမည်ဖြစ်သည်။