ဇူလိုင်လ ၈ ရက် ၁၄ ကြိမ်မြောက် သာမန် သောကြာနေ့ ၂၀၂၂
ပထမကျမ်း။ ဟောရှေ ၁၄း ၂-၁၀
ဧဝံဂေလိကျမ်း။ မာတေဦး ၁၀း ၁၆-၂၃
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win (ISR)
ဝံပုလွေများအလယ်သို့သိုးများကိုစေလွှတ်သကဲ့သို့သင်တို့ကိုငါစေလွှတ်၏။ထို့ကြောင့်သင်တို့သည်မြွေတို့ကဲ့သို့ပါးနပ်လျက်ချိုးငှက်တို့ကဲ့သို့အပြစ်ကင်းစင်ကြလော့။လူတို့ကိုသတိပြုကြလော့။အကြောင်းမူကားသူတို့သည်သင်တို့ကိုတရားရုံး၌အပ်နှံကြ၍သူတို့၏တရားဇရပ်များ၌ရိုက်နှက်ကြလိမ့်မည်။သင်တို့သည်ငါ့အတွက်ကြောင့်မြို့ဝန်များနှင့်ရှင်ဘုရင်များရှေ့မှောက်သို့ဆွဲငင်ပို့ဆောင်ခြင်းခံကြရလိမ့်မည်။ဤသို့ဖြင့်သင်တို့သည်ထိုသူတို့နှင့်လူမျိုးခြားတို့ရှေ့တွင်သက်သေခံကြရလိမ့်မည်။ထိုသူတို့သည်သင်တို့ကိုအပ်နှံကြသောအခါသင်တို့မည်ကဲ့သို့ပြောဆိုရမည်၊မည်သည့်အရာကိုပြောဆိုရမည်ဟူ၍မစိုးရိမ်ကြနှင့်။အကြောင်းမူကားသင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်နာရီ၌ပင်သင်တို့သိရလိမ့်မည်။အဘယ့်ကြောင့်ဆိုသော်ပြောဆိုမည့်သူသည်သင်တို့မဟုတ်ဘဲသင်တို့အားဖြင့်ပြောဆိုတော်မူသောသင်တို့အဖ၏ဝိညာဉ်တော်ဖြစ်၏။ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေရန်အပ်နှံကြလိမ့်မည်။အဖသည်လည်းသားကိုသေစေခြင်းငှာအပ်နှံလိမ့်မည်။သားသမီးတို့သည်လည်းမိဘတို့ကိုဆန့်ကျင်ပုန်ကန်၍သူတို့ကိုသတ်စေကြလိမ့်မည်။သင်တို့သည်ငါ၏နာမအတွက်လူအပေါင်းတို့၏မုန်းတီးခြင်းကိုခံကြရလိမ့်မည်။သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်ခိုင်မြဲသောသူသည်ကယ်တင်ခြင်းခံရလိမ့်မည်။သူတို့သည်မြို့တစ်မြို့၌သင်တို့ကိုလိုက်လံညှဉ်းဆဲကြလျှင်အခြားတစ်မြို့သို့ထွက်ပြေးတိမ်းရှောင်ကြလော့။သင်တို့အားငါအမှန်ဆိုသည်ကားလူသားကြွလာတော်မူသည့် တိုင်အောင်အစ္စရာအဲလ်ပြည်မြို့ရှိသမျှသို့သင်တို့ရောက်ရှိကြလိမ့်မည်မဟုတ်။
ထောက်ရှုချက်****ဒီနေ့မစ္ဆာတရားတော်မြတ်၌ကျွန်ုပ်တို့ကြားနာရသည်နှုတ်ကပါတ်တော်တွင်ကျွန်ုပ်တို့ကိုဘုရားသခင်သည်အနှိုင်မဲ့ချစ်တော်မူသောကြောင့်ကျွန်ုပ်တို့သည်ကိုယ်တော်၏အဆုံးမဲ့ချစ်ခြင်းမေတ္တာကိုတုံ့ပြန်ရာ၌ကျွန်ုပ်တို့သည်မည်မျှပြင်ဒုက္ခဆင်းရဲခြင်းများဖြင့်ကြုံတွေ့နေရပါစေမတုန်မလှုပ်၊မပြောင်းလည်းဘဲကိုယ်တော်ကိုသစ္စာရှိစွာအားကိုးနေရမည်ဖြစ်ကြောင်းခွန်အားပေးနေပါတယ်။ပထမကျမ်းစာတော်မြတ်၌ပရောဖက်ဟောရှေသည်သူပေးသောသတင်းစကားကိုကျွန်ုပ်တို့ရကြရဲ့လားဟူသောအမေးမျိုးနှင့်စပ်ဆက်၍နိဂုံးချုပ်ထားပါတယ်။အဘယ်သူသည်ပညာရှိသနည်း။ထိုသူသည်ဤအရာတို့ကိုနားလည်လိမ့်မည်။အဘယ်သူသည်ဥာဏ်ကောင်းသနည်း။ထိုသူသည်ဤအရာတို့ကိုသိရလိမ့်မည်။အဘယ်သူသည်ဖြောင့်ကြ၏။ဖြောင့်မတ်သောသူတို့သည်လိုက်ကြလိမ့်မည်။အဓမ္မလူတို့မူကား၊ထိုလမ်းတို့၌ထိမိ၍လဲကြလိမ့်မည်။ကျွန်ုပ်တို့သည်လည်းထိုမေးခွန်းများကိုနှလုံးသွင်းထောက်ရှု၍မိမိတို့၏ဘဝရှင်သန်နေမှုများကိုဆန်းစစ်သုံးသပ်နိုင်ကြပါစေ။ပရောဖက်ဟောရှေအားဖြင့်ဘုရားသခင်မိမိကိုကိုယ်ဖော်ပြတော်မူခြင်းမှာကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်သည်ကျွန်ုပ်တို့အတွက်အနိုင်းမဲ့အဆုံးမဲ့ဖြစ်တော်မူကြောင်းပင်ဖြစ်သည်။ဘုရားသခင်သည်ပရောဖက်ဟောရှေအားဖောက်ပြန်တတ်သောအမျိုးသမီးနှင့်အိမ်ထောင်ဖက်ပြုခြင်းအတွေ့အကြုံအားဖြင့်ကျွန်ုပ်တို့ကိုဘုရားသခင်သည်မည်မျှချစ်တော်မူကြောင်း၊ကျွန်ုပ်တို့သည်မည်မျှပင်အပြစ်အားဖြင့်ဘုရားသခင်ပေါ်ဖောက်ပြန်နေကြပါမူကျွန်ုပ်တို့ကိုသည်းခံ၍ခွင့်လွတ်ကာချစ်တော်မူကြောင်းတို့ကိုပြသခဲ့သည်။ကျွန်ုပ်တို့တစ်တွေကိုယ်တော်ဘုရား၏ပြည့်ဝစုံလင်သော၊အနိုင်းမဲ့သော၊ထာဝရတည်မြဲသော၊မပြောင်းလဲသောချစ်ခြင်းမေတ္တာတော်ကိုယုံကြည်ခြင်းဖို့ကျေးဇူးတော်ကိုလက်ခံရရှိပြီးပြီလား။ဆေးကြောခြင်းစက္ကရာမင်းတူးကိုခံယူထားပြီးသောဘုရားသခင်၏သားသမီးများဖြစ်ကြသည့်ကျွန်ုပ်တို့တစ်တွေအားလုံးသည်အဖခမည်းတော်ဘုရား၏ချစ်ခြင်းမေတ္တာ၌မယိုင်လှဲသောမပြိုပျက်လုံခြုံစိတ်ချရခြင်းမျိုးရရှိပိုင်ဆိုင်ထားကြသည်ကိုသတိပြုမိပါစေ။ထိုယုံကြည်ခြင်းသည်ကျွန်ုပ်တို့ကိုစစ်မှန်သောလွတ်လပ်ခြင်းနှင့်နက်ရှိုင်းသောငြိမ်းချမ်းခြင်းကိုပေးသောအရာဖြစ်ပါစေ။ကျွန်ုပ်တို့သည်ဘုရားသခင်၏အနှိုင်းမဲ့ချစ်ခြင်းမေတ္တာကိုယုံကြည်ခြင်းရှိပါကမည်မျှပင်ဒုက္ခဆင်းရဲခြင်းနှင့်ရင်ဆိုင်နေရပါစေယောဘကဲ့သို့ပင်ဘုရားသခင်ကိုဘယ်သောအခါမျှမငြီးမညူအပြစ်မတင်ဘဲဘုရားသခင်၏နာမတော်မြတ်ကိုသာချီးမွမ်းနေမည်ဖြစ်သည်။ကျွန်ုပ်တို့သည်ဘုရားတရားကြည်ညို၍သခင်ခရစ်တော်၏မြင့်မြတ်သောဘဝမျိုးကိုပိုင်ဆိုင်အသက်ရှင်နေထိုင်လိုလျှင်ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနိုင်ဖို့ပြင်စဉ်စောင့်ကြိုနိုင်ရပါမည်။ဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးသည်ရှင်းလင်းပြတ်သားစွာမိန့်ကြားသောမူသည်မှာကျွန်ုပ်တို့သည်ခရစ်ယာန်ဘဝအသက်တာကိုကြိုးစားနေထိုင်ရာတွင်ညှန်းပန်းနှိပ်စက်ခြင်းများနှင့်မလွဲမတွေရင်ဆိုင်ရမှာဖြစ်တယ်။ညှင်းပန်းနှိပ်စက်ခြင်းခံရဖို့ဖြစ်နိုင်ခြေရှိတယ်ပြောခြင်းမဟုတ်ပါခံရဖို့သေခြာခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ကိုယ်တော်ကျွန်ုပ်တို့ကိုစေလွတ်သောနေရာသည်ဝံပုလွေများကြားသိုးသူငယ်များကဲ့သို့နေထိုင်ရန်ဖြစ်သောကြောင့်ဖြစ်သည်။ကောက်ကျစ်စဉ်းလဲသောသူများအကြားသန့်ရှင်းဖြူစင်စွာဘုရားသခင်၏နှိုင်းမဲ့ချစ်ခြင်းအကြောင်းကိုသက်သေခံရသောကြောင့်ဖြစ်သည်။အထူးသဖြင့်ဘုရားသခင်၏သားသမီးများဖြစ်ကြသည့်ကျွန်ုပ်တို့သည်မင်းမဲ့စရိုက်ဆန်သောနိုင်ငံရေးနှင့်လူမှုရေးအခြေနေများသကြောင့်အရက်စက်အကြမ်းကြုတ်ဆုံးသောဝံပုလွေများကြားတွင်ရှင်သန်ရုန်းကန်နေကြရပါသည်။ဝံပုလွေတွေကြားမှာနေရလို့ဝံပုလွေများအူသည့်အတိုင်းလိုက်အူနေလျှင်ကျွန်ုပ်တို့သည်လည်းသိုးရေခြုံထားသောဝံပုလွေများသာဖြစ်ပါလိမ့်မယ်။ရက်စက်ကြမ်းကြုတ်ခြင်းကိုသိုးသူငယ်ကဲသို့နူးညံ့သိမ်မွေ့စွာရင်ဆိုင်ခြင်းသာလျှင်အနှိုင်းမဲ့ချစ်ခြင်း၏သင်္ကေတဖြစ်သည်။အမှန်တရားအတွက်မိမိ၏အသက်ကိုသိုးသူငယ်ကဲ့သို့ကောက်ကျစ်ရက်စက်ကြမ်းကြုတ်သောသူများကြောင့်ပေးဆပ်ရခြင်းသည်မကောင်းမှုကိုအရှုံးပေးလိုက်ခြင်းမဟုတ်ပေ။မိမိယုံကြည်သောအနှိုင်းမဲ့အချစ်တော်မူသေဘုရားသခင်ကိုသက်သေခံခြင်းနှင့်ထာဝရအသက်ကိုပိုင်ဆိုင်သောမကောင်းမှုကိုအောင်မြင်ခြင်းသာဖြစ်သည်။(အို......အဖခမည်းတော်ဘုရားကိုယ်တော်ကိုတပည့်တော်အရာအားလုံးထက်ချစ်သောကြောင့် တပည့်တော်သည်အာဇာနည်သူရဲကောင်းတစ်ယောက်ဖြစ်လိုပါသည်။)