ဇူလိုင်လ ၁၄ ရက်
၁၅ ကြိမ်မြောက် သာမန် ကြာသာပတေးနေ့ ၂၀၂၂
ပထမကျမ်း။ ဟေရှယ ၂၆း၇-၉ ၊၁၁ ၊၁၆-၁၉
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၁း ၂၈-၃၀
ဖာသာရ်စောကော့ကော်(SJ)
Posted by Sabina Hla Yee Win, ISR
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ငါ့ထံသို့လာကြလော့။ငါသည်သင်တို့ကိုအားဖြည့်ပေးမည်။ငါ၏ထမ်းပိုးကိုယူ၍ထမ်းလျက်ငါ့ထံမှသင်ယူကြလော့။အကြောင်းမူကားငါသည်သိမ်မွေ့၍နှိမ့်ချသောစိတ်နှလုံးရှိ၏။သင်တို့၏စိတ်ဝိညာဉ်သည်လည်းသက်သာရာရလိမ့်မည်။အကြောင်းမူကားငါ၏ထမ်းပိုးသည်ထမ်းလွယ်၏။ငါ၏ဝန်သည်လည်းပေါ့၏ဟုမိန့်တော်မူ၏။
ထောက်ရှုချက်*****
ပရောဖက်ဟေရှာယမြွက်ဆိုသည်ကားဘုရားသခင်၏သားသမီးများသည်သားဖွားခါနီးနာကျင်စွာအော်ဟစ်ငိုကြွေး၍ဝေဒနာကိုပြင်းစွာခံစားရပြီးကာမှလေဥကိုသာမွေးဖွားခဲ့သောကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့်တူသည်ဟုဥပမာခိုင်းနှိုင်းကာကယ်တင်ခြင်းသည်ကျွန်ုပ်တို့ပင်ပန်းကြီးစွာကိုယ့်အားကိုကိုးပြီးလုပ်ယူခြင်းသည်အချည်းအနှီးသာဖြစ်ကြောင်းသတိပေးခြင်းဖြစ်သသည်။လူသားအားဖြင့်ကယ်တင်ခြင်းသည်မည်သို့မျှမအောင်မြင်နိုင်ပေ။မည်မျှပင်ကောင်းမှုကုသိုလ်များကိုပြုလုပ်စေကာမူကယ်တင်ခြင်းရရန်မဖြစ်နိုင်ပေ။အဘယ်ကြောင့်ဆိုသော်လူသားသည်မိမိကိုယ်ကိုမရွှေးနှုတ်နိုင်သကဲ့သို့မိမိရဲ့အပြစ်များအတွက်အဖိုးအခကိုဘုရားသခင်အားပြန်လည်မပေးဆပ်နိုင်ပေ။ကျွန်ုပ်တို့လူသားများသည်မိမိအားဖြင့်မစင်ကြယ်နိုင်သလိုမိမိ၏ကုသိုလ်ကောင်းမှုများအားဖြင့်မသန့်ရှင်းနိုင်ပေ။လူသားများသည်သစ်ရွက်ခြောက်ပမာညှိုးခြောက်၍မိမိတို့၏အပြစ်များသည်လေကဲ့သို့တိုက်ခြင်းဖြင့်လေ၌သာလွင့်ပါးကြရသည်။(ဟေရှာယ၆၄း၆)ထို့ကြောင့်သခင်ယေဇူးပွင့်ပွင့်လင်းလင်းမိန့်တော်မူသည်မှာသင်တို့သည်ငါနှင့်ကင်းကွာလျှင်မည်သည့်အရာကိုမျှမတတ်နိုင်ကြ။( ရှင်ယောဟန် ၁၅း၅)
ကျွန်ုပ်တို့သည်ကလေးသူငယ်ကဲ့သို့ပင်အရာရာ၌ဘုရားသခင်ကိုအားကိုးအားထားပြုကြရသည်။ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်ကျွန်ုပ်တို့၏သခင်ယေဇူးအားယုံကြည်ခြင်းကြောင့်ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းခံကြရသည်။ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်ကျွန်ုတို့ကိုယ်တိုင်ပြုလုပ်သောအမှုမဟုတ်ဘဲဘုရားသခင်၏ကျေးဇူးတော်သာဖြစ်ပြီး၊မည်သည့်ကြိုးစားအားထုတ်မှုကြောင့်မျှမဟုတ်ဘဲသခင်ယေဇူးအားဖြင့်ကိုယ်တော်သွန်သင်လမ်းပြမှုကိုကိုယ်တော်နှင့်အတူကိုယ်တော်၌ယုံကြည်လျှောက်လှမ်းရသောအသက်တာဖြစ်သည်။ထို့ကြောင့်ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးကကျွန်ုပ်တို့ကိုကိုယ်တော်ထံလာဖို့၊ကိုယ်တော်နှင့်နေဖို့၊ကိုယ်တော့်ထံမှာအနားယူဖို့၊ကိုယ်တော်ကိုယုံကြည်အားကိုးဖို့ဖိတ်ခေါ်နေတာဖြစ်တယ်။မစ္ဆားတရားတော်မြတ်၌ကိုယ်တော်၏အသွေးအသားဖြင့်ကျွန်ုတို့၏ကယ်တင်ခြင်းအတွက်ဝိညာဉ်အာဟာရကိုပေးနေတဲ့ကိုယ်တော်မြတ်ပင့်ကိုယူခြင်းဖြင့်ကိုယ်တော်နှင့်အတူ၊ကိုယ်တော်၌ကိုယ်တော်အားဖြင့်အသက်ရှင်ဖို့ကိုမေ့ထား၍မရပေ။
ကိုယ်တော်ထံလာပါဆိုတာကျွန်ုပ်တို့တစ်နေရာတည်းမှာပဲရပ်နေလို့မရဘူး။ကျွန်ုပ်စဉ်ဆက်မပြတ်ကိုယ်တော်ထံသို့သာတိုး၍လာနေရပါမယ်။ကိုယ်တော့်ထံမှလွဲလို့ဘယ်သူ့ထံကိုမသွားစရာမလိုပါဘူး။ကိုယ်တော့်ထံကိုသာချည်းကပ်ရပါမယ်။ကိုယ်တော်ထံကိုကျွန်ုပ်တို့ရောက်လာပြီဆိုလျှင်ကိုယ်တော်နှင့်အတူနေရပါမယ်။ကိုယ်တော်နှင့်အတူရှိနေပြီးနိုးကြားစွာရှိနေဖို့ကိုယ်တော်အလိုရှိတာပါ။ဟိုယောင်ဒီယောင်နဲ့တဖြည်းဖြည်းကိုယ်တော်အနားကနေထွက်သွားဖို့မဟုတ်ပါဘူး။ကျွန်ုပ်တို့၏နေစရာနေရာကိုကိုယ်တော်နှင့်ကိုယ်တော်၏စကား၌ပြုလုပ်ကြရပါမယ်။
ကျွန်ုပ်တို့ဟာကိုယ်တော်ထံသို့ရောက်လာပြီးကိုယ်တော်နှင့်အတူနေရုံဖြင့်မလုံလောက်သေးပါဘူး၊ကျွန်ုပ်တို့တွေဟာကိုယ်တော်အထံတော်၌အနားယူဖို့ကိုဆက်ပြီးကြိုးစားကြရပါမယ်။စိန့်ဩဂုတ်စတင်းပြောခဲ့သောစကား“ကျွန်ုပ်တို့၏နှလုံးသားများသည်ကိုယ်တော်ထံမှာမခိုလုံမဆည်းကပ်နိုင်သေးသ၍မငြိမ်မသက်ရောက်ရက်ခက်နေမှာဖြစ်တယ်”ဆိုတာကိုသတိရကြပါ။ကိုယ်တော်မိန့်တော်မူသည်ကားကိုယ်တော့်ထံ၌သာကျွန်ုပ်တို့၏စိတ်နှလုံးသားများသည်သက်သာရာလိမ့်မည်။ထို့ကြောင့်ကျွန်ုပ်တို့အသက်ရှင်နေသ၍သုခချမ်းသာသို့ဝင်ရောက်နိုင်ရန်ကြိုးစားအားထုတ်ကြရပါမယ်။လောကီရေးရာ၌စိုးရိမ်ကြောင့်ကြခြင်းနှင့်ချမ်းသာကြွယ်ဝမှုတို့၌သာယာခြင်းတို့ကကိုယ်တော်၏နှုတ်တော်ထွက်စကားကိုလွှမ်းမိုးပြီးကိုယ်တော်၏ ငြိမ်သက်ခြင်းကိုလုယူနေသည်ကိုကျွန်ုပ်တို့သတိထားကြရပါမယ်။
ကျွန်ုပ်တို့ကိုယ်တော်ထံရောက်ရှိခိုလုံအနားယူရပြီဆိုလျှင်ကျွန်ုပ်တို့ကိုယ်စီထမ်းရမယ့်ကားတိုင်တစ်ခုနဲ့တိုက်ခိုက်ရမယ့်တိုက်ပွဲတစ်ပွဲကိုသတိထားမိလာပါမည်။အဲ့ဒါကတော့ကိုယ်တော်၏နှလုံးသားသည်လူအပေါင်းတို့အားကယ်တင်ခြင်းခံရစေရန်နှင့်ပြောင်းလဲခြင်းရစေရန်အာရုံစိုက်လျက်ရှိပြီးသမ္မာတရားတော်ကိုလူအားလုံးသိနားလည်လာကြစေရန်အလိုရှိတော်မူခြင်းပင်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့ကိုယ်တော့်ကိုနာခံပြီးအမှုတော်ထမ်းဆောင်ကြရပါမယ်။ကျွန်ုပ်တို့ဟာသခင်ယေဇူး၏ရဲမက်များသဖွယ်မိမိကားတိုင်ကိုမိမိထမ်းပိုးပြီးရဲ၏ဝံ့စွာကိုယ်တော်၏ကယ်တင်ခြင်းအမူတော်ကိုကမ္ဘာလူသားတွေကြားဆက်လက်ပြီးစွန့်စားကာအမူတော်ထမ်းကြရပါမယ်။ထို့ကြောင့်ကျွန်ုပ်တို့ကိုယ်တော့်ကိုယုံကြည်အားကိုးဖို့လိုအပ်လှပါတယ်။ကိုယ်တော်ထံရောက်ရှိခိုလုံအနားယူပြီးယုံကြည်အားကိုးကြပါစို့။