ဇူလိုင်လ ၁၆ ရက်
၁၅ ကြိမ်မြောက် သာမန် စနေနေ့ ၂၀၂၂
ပထမကျမ်း။ မက္ခာ ၂း ၁-၅
ဧဝံဂေလိကျမ်း ။ ရှင်မာတေဦး ၁၂း၁၄-၂၁
ဖာသာရ်စောကော့ကော်(SJ)
Posted By Sr.Sabina Hla Yee Win, ISR
ဖာရီဇေးဦးတို့သည်လည်းထွက်သွားကြ၍ကိုယ်တော့်ကိုမည်ကဲ့သို့လုပ်ကြံနိုင်မည့်အကြောင်းတိုင်ပင်ကြ၏။ယေဇူးသည်ကားဤအကြောင်းကိုသိသောအခါထိုအရပ်မှထွက်ခွာသွားတော်မူ၏။များစွာသောလူတို့သည်လည်းနောက်တော်သို့လိုက်ကြသဖြင့်ကိုယ်တော်သည်ထိုသူတို့၌ရှိသမျှသောရာဂါဝေဒနာများကိုပျောက်ကင်းစေတော်မူ၍၊မိမိ၏သတင်းတော်ကိုမပျံ့နှံ့စေရန်သူတို့အားမိန့်မှာတော်မူ၏။ဤအကြောင်းအရာသည်ကားပရောဖက်အီဇာယ၏ဟောထားချက်ပြည့်စုံစေမည့်အကြောင်းတည်း။ဟောထားချက်သည်ကားငါရွေးကောက်သောငါ၏အစေခံ၊ငါအလွန်နှစ်သက်၍ချစ်မြတ်နိုးရသောသူကိုကြည့်လော့။သူ့အပေါ်၌ငါ၏ဝိညာဉ်တော်ကိုသက်ရောက်စေသဖြင့်သူသည်တရားစီရင်တော်မူခြင်းအကြောင်းကိုလူမျိုးခြားတို့အားဟောကြားလိမ့်မည်။သူသညငြင်းခုံခြင်းနှင့်ဟစ်အော်ခြင်းတို့ကိုပြုလိမ့်မည်မဟုတ်။သူ၏အသံကိုလည်းလမ်းမများ၌မည်သူမျှကြားရလိမ့်မည်မဟုတ်။သူသည်တရားမျှတမှုစိုးမိုးလာသည့်တိုင်အောင်ကြေနေသည့်ကျူပင်ကိုမချိုး၊တငွေ့ငွေ့လောင်နေသောမီးစာကိုလည်းငြှိမ်းသတ်လိမ့်မည်မဟုတ်။လူမျိုးခြားတို့သည်လည်းသူ၏နာမတော်၌မျှော်လင့်အားထားကြလိမ့်မည်ဟူ၍လာသတည်း။
***ထောက်ရှုချက်***
လောကီရေးရာအဖြာဖြာတွေမှာလူတစ်ဦးနဲ့တစ်ဦးလိမ်လည်လှည့်ဖြား၊ကောက်ကျစ်၊ခေါင်းပုံဖြတ်အနိုင်ကျင့်ခြင်းတွေဟာသံတရာလည်နေပြီးမိုးထိအောင်မြင့်သောသူတို့၏လောဘရဲတိုက်ကြီးကိုတည်ဆောက်နေကြသလားအောက်မေ့ရပါတယ်။လူတွေဟာဆင်းရဲသူတွေကိုအနိုင်ထက်ပြု၍ဖယ်ရှားကာမတရားသောစီရင်မှုတွေကိုပိုမိုလုပ်ဆောင်ရန်အားပေးတတ်ကြသည်။ထိုအချင်းအရာအဖြစ်အပျက်တွေကိုဘုရားသခင်ဒီအတိုင်းလွတ်ထားနေသလားထင်မှတ်ရလောက်အောင်ပင်သခင်ယေဇူးလောက၌ရှိတော်မူစဉ်ကပင်ကိုယ်တော်ကိုယ်တိုင်နဖူးတွ့ဒူးတွေ့ခံထမ်းတော်မူခဲ့သည်။ကိုယ်တော်သည်လောကီရေးရာမကောင်းမှုတို့ကိုဖယ်ရှားရန်လူအဖြစ်ကိုယူတော်မူခဲ့ခြင်းမဟုတ်ပေ။ ကိုယ်တော်ယူဆောင်လာသောအရာသည်လောကနှင့်မသက်ဆိုင်သောကောင်းကင်နိုင်ငံနှင့်သာဆိုင်သောထာဝရသုခချမ်းသာကိုကျွန်ုပ်တို့ရရှိပိုင်ဆိုင်နိုင်ဖို့ရန်ဖြစ်သည်။ကိုယ်တော်သည်ဟေရှယမြွက်ကြားသောဗျာဒိတ်တော်အတိုင်းဒုက္ခဝေဒနာကိုခံထမ်းသောအစေခံကဲ့သို့ပင်မကောင်းမှုကြံစည်သူများအလယ်တွင်ငြင်းခုံခြင်းနှင့်ဟစ်အော်ခြင်းမပြု၊တိတ်ဆိတ်စွာပင်မတရားစီရင်ခြင်းကိုခံတော်မူ၍လက်ဝါးကားတိုင်ပေါ်တွင်အသက်တော်ကိုစွန့်သည့်တိုင်အောင်မကောင်းမှု၊မတရားမှုများကိုခေါင်းငုတ်ငြိမ်ခံအရှုံးပေးနေသည့်အလားထင်မှတ်ရလောက်အောင်ပင်လောက၏သေခြင်းတရားကိုရင်ဆိုင်ခဲ့သည်။သို့သော်လည်းကိုယ်တော်သည်သေခြင်းတရားနှင့်လောကကိုရှုံးနိမ့်ခဲ့သူမဟုတ်ဘဲတရားမျှတမှုစိုးမိုးလာသည့်တိုင်အောင်ကြေနေသည့်ကျူပင်ကိုမချိုး၊တငွေ့ငွေ့လောင်နေသောမီးစာကိုလည်းငြှိမ်းသတ်လိမ့်မည်မဟုတ်သောသူအဖြစ်သာကိုယ်တော်သည်ကျွန်ုပ်တို့အားလောကနှင့်မသက်ဆိုင်ကြောင်းကိုသိမှတ်ယုံကြည်စေရန်သက်သေပြခဲ့ခြင်းဖြစ်သည်။
ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည်လောကနှင့်သေခြင်းတရားကိုအောင်မြင်သောတစ်ခုတည်းသောထာဝရသုခချမ်းသာကိုပိုင်ဆိုင်နိုင်သောလောကုတ္တရာလမ်းဖြစ်ကြောင်းသက်သေတည်လျှက်ရှိသည်။ကိုယ်တော်၏ဒုတိယအကြိမ်ကြွလာတော်မူမည့်တိုင်အောင်ဤလောကမှအနာကျနေပြီဖြစ်သောကျူပင်ကဲ့သို့သောမကောင်းမှုကြောင့်ပျက်စီးနေကြသူများကိုအပြစ်ဒဏ်မခတ်။ထို့အပြင်လောဘဒေါသ၊မောဟကိလေသာရမ္မက်လောင်ကျွမ်းနေသောသူများကိုသက်သာအောင်ငြိမ်သက်ခြင်းမပေးဘဲရှိနေလိမ့်မည်ဖြစ်သည်။ကျွန်ုပ်တို့သည်လည်းလောက၌ထိုမကောင်းမှုပြုသူများ၊လိမ်လည်လှည့်ဖျားကောက်ကျစ်စဉ်းလဲသူတွေကြား၊ခေါင်းပုံဖြတ်လောဘကြီးသူများ၏သံသရာ၌နေကြရသည်ကိုသတိပြုမိပြီးထိုသံသရာမှလွတ်ကင်းအောင်ဤလောက၌သခင်ယေဇူးကိုယုံကြည်အားကိုး၍လေကုတ္တရာရေးရာများကိုကျင့်ကြံကျိုးကုပ်အားထုတ်ကြရပါမယ်။ယ္ခုလိုကပ်ရောဂါထူပြောပြီးနိုင်ငံရေးမတည်ငြိမ်သောခေတ်အခါသမယမှာမကောင်းမှုများစွာဖြစ်ပျက်နေကြတာကိုကျွန်ုပ်တို့မျက်ဝါးထင်ထင်ကြုံတွေ့နေကြရပါတယ်။လူပေါင်းများစွာမကောင်းမှုရက်စက်ကြမ်းကြုတ်မှုများရဲ့သားကောင်းဖြစ်နေကြရပါတယ်။ကျွန်ုပ်တို့သည်ထိုစိတ်ပျက်စရာအဖြစ်အပျက်များ၌စိတ်အားငယ်နေမည့်အစားထိုသံသရာမှလွတ်ကင်းနိုင်မည့်လောက္ကတရာရေးရာများကိုအာရုံပြုပြီးကောင်းကင်နိုင်ငံသတင်းကောင်းကိုယေဇူးခရစ်သခင်ကိုယုံကြည်အားကိုး၍သက်သေခံကာကိုယ်တော်ရှင်၏တရားမျှတသောစီရင်ခြင်းနေ့ရက်ကိုရဲဝံ့စွာမယိုင်လဲဘဲစောင့်မျှော်ကြပါစို့။