”ထိုသူသည် ငါ့နောက်မှကြွလာသော်လည်း ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေပေးခြင်းငှါ ငါမထိုက်တန်ပါ“ (Jn 1: 27)
ယနေ့ကျမ်းစာတော်၌ သံယောဟန်ဗတ္တိစတားသည် ခရစ်တော်သခင်၏ ဘုန်းတန်းခိုးကြီးခြင်း၊ မြင့်မြတ်တော်မူခြင်း၊ ဘုန်းတန်ခိုးအရှိန်အဝါကို အထက်ပါကျမ်းချက်လေးဖြင့် ကွက်ကွက်ကွင်းကွင်း သက်သေပြထားပါသည်။ ထို့ပြင် သံယောဟန်ရဲ့ နှိမ့်ချခြင်း၊ ခရစ်တော်အပေါ်ချစ်ခြင်း၊ ရိုသေခြင်းကိုလည်း ကျွန်ုပ်တို့ထောက်ရှုမိပါသည်။ ရှင်ယောဟန်ဗတ္တိစတား မမွေးဖွားမီ ဇာခရိအား ကောင်းကင်တမန် ဂါဗြီအဲလ်မှ ရှင်ယောဟန်သည် ထာဝရဘုရားသခင် ရှေ့တော်၌ ကြီးမားသောသူ ဖြစ်လိမ့်မည်။ အမိဝမ်းထဲကပင် ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။ (Lk 1: 15) ဟု မြွတ်ဆိုခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ရှေ့၌ ကြီးမြတ်သောသူ ဖြစ်လင့်ကစား ခရစ်တော်ရှေ့၌ ဘာမျှမဟုတ်ပေ။ ကျွန်ုပ်တို့ကဲ့သို့ အပြစ်သားများကား ဆိုဖွယ်ရာ မရှိတော့ပေ။ သို့အတွက်ကြောင့် ကျွန်ုပ်တို့၌ ဝါကြွားရန်၊ မာန်မာနထောင်လွှားရန် မရှိ။ အပြစ်တင်ပိုင်ခွင့် မရှိ။ နှိမ့်ချသောစိတ်နှလုံးဖြင့် ဘုရားသခင်ထံတော်ပါး ချဉ်းကပ်ရန်သာ ရှိတော့သည်။ သို့သော် မဟာကရုဏာ သနားခြင်းရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏အမွေစားအမွေခံ သားသမီးအဖြစ်လည်းကောင်း၊ မိတ်ဆွေအဖြစ်လည်းကောင်း ခေါ်ယူတော်မူသည်။ အပြစ်များကို ခွင့်လွှတ်ကာ နောင်တဖြင့် ပြန်လာသူကို ထာဝရဘုန်းစည်းစိမ်တော်ကို ပါဝင်ခံစားခွင့်ပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မထိုက်တန်သော်လည်း နှိမ့်ချခြင်းဖြင့် သခင့်ရင်ခွင်၌ ခိုလှုံချဉ်းကပ်ကာ ဘုရားသခင်ဘုန်းဂုဏ်တော်ကို သီဆိုချီးကျူးကြပါစို့။
အိုဘုရားသခင် ကိုယ်တော်၏ဘုန်းဂုဏ်တော်သည် ကာလအဆက်ဆက် ကြီးမြတ်လှပေ၏။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)