ဇူလိုင်လ ၁၉ ရက်
၁၆ ကြိမ်မြောက် သာမန် အင်္ဂါနေ့ ၂၀၂၂
ပထမကျမ်း ။ မိက္ခာ ၇း၁၄-၁၅၊၁၈-၂၀
ဧဝံဂေလိကျမ်း ။ ရှင်မာတေဦး ၁၂း ၄၆-၅၀
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ကိုယ်တော်သည်လူအစုအဝေးကိုဟောပြောနေတော်မူစဉ်ကိုယ်တော်၏မယ်တော်နှင့်ညီအစ်ကိုတို့သည်ကိုယ်တော်နှင့်စကားပြောလို၍အပြင်တွင်ရပ်နေကြ၏။ထိုအခါလူတစ်ဦးကကိုယ်တော်၏မယ်တော်နှင့်ညီအစ်ကိုတို့သည်ကိုယ်တော်နှင့်စကားပြောလို၍အပြင်ဘက်၌ရပ်နေကြပါသည်ဟုလျှောက်လေ၏။သို့သော်ကိုယ်တော်ကငါ၏အမိနှင့်ငါ၏ညီအစ်ကိုများကားမည်သူတို့နည်းဟုမိမိအားပြောသောသူကိုမေးတော်မူပြီးလျှင်၊တပည့်တော်များဘက်သို့မိမိလက်တော်ကိုဆန့်တန်းလျက်ဤသူတို့ကားငါ၏အမိနှင့်ငါ့ညီအစ်ကိုများပေတည်း။အကြောင်းမူကားကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူဟူသမျှသည်ငါ၏ညီအစ်ကို၊ငါ၏နှမနှင့်ငါ၏အမိဖြစ်သတည်းဟုမိန့်တော်မူ၏။
***ထောက်ရှုချက်***
ပထမကျမ်းစာတော်မြတ်ထဲ၌ကျွန်ုပ်ကြားနာခဲ့ရသည်မှာဘုရားသခင်သည်အားလုံးစုံကိုသိမြင်တော်မူသောအနန္တကရုဏာတော်ရှင်ဖြစ်တော်မူပြီးကျွန်ုပ်တို့ကျူးလွန်းခဲ့သောအပြစ်များအတွက်ဘယ်သောအခါမျှအမျက်တော်မထွတ်ဘဲသည်းခံတတ်သောဘုရားသခင်ဖြစ်ကြောင်း၊ကျွန်ုပ်တို့၏အပြစ်တွေကိုနောင်တရ၍ကိုယ်တော်ထံပြန်လာလျှင်ကျွန်ုပ်တို့ကျူးလွန်မိခဲ့သောအပြစ်များကိုတေးမှတ်ထားတော်မမူဘဲခွင့်လွတ်တော်မူသည့်ဘုရားသခင်ဖြစ်တော်မူကြောင်းကြားနာရသည်။အားလုံးစုံကိုတတ်နိုင်တော်မူသောတန်ခိုးအာဏာနှင့်ပြည့်စုံတော်မူသောဘုရားသခင်ဖြစ်တော်မူသော်လည်းကိုယ်တော်သည်လူသားများနှင့်ရင်းနှီးစွာဆက်ဆံသောဘုရားသခင်ဖြစ်တော်မူသည်။ကိုယ်တော်သည်အံ့ဩဖွယ်ရာတန်ခိုးလက္ခာတို့ကိုပြသတော်မူ၍လူသားများကိုကိုယ်တော်ထံပြန်လာရန်ကိုယ်တော်ကိုသစ္စာရှိရန်မိမိကိုယ်ကိုဗျာဒိတ်ပေးဖော်ပြပေးသောကရုဏာရှင်ဘုရားဖြစ်တော်မူသည်။
ကျွန်ုပ်တို့သည်အရာအားလုံးကိုသိမြင်တော်မူသောအရာအားလုံးကိုတတ်နိုင်တော်မူသောဘုရားသခင်ကိုယုံကြည်ကြပါလျှက်ဘုရားသခင်သည်မကောင်းမှုဒုစရိုက်များကိုဘာဖြစ်လို့ခွင့်ပြုထားတာလဲ၊ဘာဖြစ်လို့မကောင်းမှုဒုစရိုက်များကိုလောကမှမဖယ်ရှားသည့်အပြင်၊ကျွန်ုပ်တို့ကိုမကောင်းမှုများ၌ကျရောက်ပျက်စီးအောင်သွေးဆောင်သောနတ်ဆိုးကိုမဖယ်ရှားတာလဲဆိုသည့်အတွေးမျိုးကျွန်ုပ်တို့တွေးတတ်တာလူသဘာဝပါ။အထူးသဖြင့်လူပေါင်းမျးစွာသေကြေပျက်စီးရတဲ့သဘာဝဘေးအန္တရာယ်များ၊စစ်ပွဲကြီးများနှင့်တရားမမျှတမှုတွေကြောင့်အကြမ်းဖက်သတ်ဖြတ်ခဲ့ရမှုများကိုကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့ကြရလျှင်ထိုမကောင်းမှုများ၌ဘုရားသခင်ဘယ်မှာရှိနေလဲဘာလုပ်နေလဲလို့ကျွန်ုပ်တို့တစ်တွေတွေးမြင်တတ်ကြပါတယ်။ထိုမကောင်းမှုတွေနဲ့ကျွန်ုပ်တို့ရင်ဆိုင်ကြရတဲ့အခါမှာဘုရားသခင်သည်နောက်ကွယ်ကနေဘာလုပ်နေသလဲဆိုတာသေသေခြာခြာကျွန်ုပ်တို့မသိနိုင်ကြပါဘူး။ဒါပေမဲ့သေခြာတာကတော့ဘုရားသခင်သည်ကျွန်ုပ်တို့ကိုအံ့ဩဖွယ်ရာအမှတ်လက္ခဏာများကိုပြသပြီးကိုယ်တော်သည်ကျွန်ုပ်တို့ကိုသနာကရုဏာထားကာကျွန်ုပ်တို့အပြစ်ရှိတယ်လို့ခံစားရနေမှုများကိုနှစ်သိမ့်ဖြေလွတ်ပေးပြီးကိုယ်တော်၏သစ္စာရှိခြင်းနှင့်ကျေးဇူးတော်များကိုဖော်ပြလျက်ရှိတယ်။
သခင်ခရစ်တော်သည်ပင်ဘုရားသခင်၏အံ့ဩဖွယ်အမှတ်လက္ခဏာဖြစ်တော်မူသည်။ကိုယ်တော်၏လက်ဝါးကားတိုင်သည်မကောင်းမှုအပြစ်များကိုအောင်မြင်သောထာဝရအသက်သုခချမ်းသာလမ်းဖြစ်တော်မူသည်။မကောင်းမှုဒုစရိုက်များ၌ရှင်သန်ရသော်လည်းမိမိကိုယ်တိုင်အပြစ်သို့မကျရောက်ဘဲ အပြစ်တွေအတွက်အသက်ပေးကာထာဝရအသက်ရှင်ခြင်းကိုပြသပေးခဲ့သောကြီးမြတ်လှသည်နမိတ်လက္ခဏာပင်ဖြစ်သည်။ကိုယ်တော်သည်ကျွန်ုပ်တို့သမားရိုးကျထင်မြင်လက်ခံထားမှုများကိုပိုမိုနက်နဲသည်အဓိပ္ပါယ်ဖြင့်လက်ခံနိုင်အောင်သင်ကြားပေးတော်မူသည်။ဤကနေ့ဧဝံဂလိကျမ်းစာတော်မြတ်၌လည်းကိုယ်တော်သည်ကျွန်ုပ်တို့အားဘုရားသခင်သည်ကျွန်ုပ်တို့နှင့်ရင်းနှီးစွာဆက်ဆံတော်မူသောဘုရားသခင်ဖြစ်ကြောင်းဘုရားသခင်၏အလိုတော်ကိုလိုက်သောသူများသည်ကိုယ်တော်၏ညီအစ်ကိုမောင်နှမများဖြစ်ကြကြောင်းကိုယ်တော်၏မိခင်ကိုလည်းကျွန်ုတို့အားလုံး၏မိခင်ဖြစ်ကြောင်းပြောကြားတော်မူသည်။ကျွန်ုပ်တို့သည်ဆေးကြောခြင်းစက္ကရာမင်တူးအားဖြင့်သမားရိုးကျမဟုတ်သောပိုမိုနက်နဲသောအဓိပ္ပါယ်ပြည့်ဝသောညီအစ်ကိုမောင်နှမများဖြစ်လာကြသည်။ကျွန်ုပ်တို့သည်ဆေးကြောခြင်းမင်္လာတော်မြတ်မှရရှိခဲ့သောလက်ဆောင်မွန်များကိုတန်ဖိုးထားခြင်းဖြစ်ဘုရားသခင်၏သားသမီးများဖြစ်ရခြင်း၌ဂုဏ်ယူကြရမှာဖြစ်တယ်။ဆေးကြောခြင်းစက္ကရာမင်းတူးသည်ကျွန်ုပ်တို့ကိုခရစ်တော်သခင်၏ရဟန်းအဖြစ်တော်၊ဘုရင်အဖြစ်တော်နှင့်ပရောဖက်အဖြစ်တော်၌ဖြစ်ရခွင့်ကိုရကြသည့်အပြင်လောက၏အလင်း၊အမှောင်ကိုအလင်းပေးနိုင်သောသူ၊သန့်ရှင်းစင်ကြယ်ခြင်းကိုခေါ်တော်မူခြင်းခံရသူများဖြစ်ကြသည်ကိုသတိပြု၍ကိုယ်တော်၏မိဘညီအစ်ကိုမောင်နှမများဖြစ်ကြသည်ကိုတန်ဖိုးထားနိုင်ကြပါစေ။