ဇူလိုင်လ ၂၁ ရက်
၁၆ ကြိမ်မြောက် သာမန် ကြာသာပတေးနေ့ ၂၀၂၂
St. Lawrence of Brindisi
ပထမကျမ်း ။ ယေရမိ ၂း၁-၃၊၇-၈၊၁၂-၁၃
ဧဝံဂေလိကျမ်း ။ ရှင်မာတေဦး ၁၃း၁၀-၁၇
ဖာသာရ်စောကော့ကော်(SJ)
P0sted by Sr.Sabina Hla Yee Win, ISR
ထိုအခါတပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်ကြ၍ကိုယ်တော်သည်အဘယ်ကြောင့်ထိုသူ့တို့ကိုပုံဥပမာများဖြင့်ဟောတော်မူသနည်းဟုမေးလျှောက်ကြလျှင်၊ကိုယ်တော်ကသူတို့အားပြန်ဖြေတော်မူသည်ကားသင်တို့သည်ကောင်းကင်နိုင်ငံတော်၏နက်နဲသောအကြောင်းအရာများကိုသိခွင့်ရကြ၏။ထိုသူတို့မူကားသိခွင့်မရကြ။အကြောင်းမူကားရှိသောသူအားထပ်မံ၍ပေးသဖြင့်သူ့၌အလျှံပယ်ရှိလိမ့်မည်။မရှိသောသူထံမှမူကားသူ့၌ရှိသမျှကိုပင်ရုပ်သိမ်းလိမ့်မည်။သူတို့အားပုံဥပမာများဖြင့်ငါပြောရသည့်အကြောင်းမှာသူတို့သည်ကြည့်လျက်နှင့်မမြင်၊နားထောင်လျက်နှင့်မကြား၊နားလည်းမလည်ကြသောကြောင့်ဖြစ်၏။ပရောဖက်အီဇာယ၏ဟောထားချက်သည်ထိုသူတို့၌ပြည့်စုံခြင်းသို့ရောက်လေ၏။ဟောထားချက်မူကားသင်တို့သည်ကြားကြရသော်လည်းမည်သည့်အခါမျှနားလည်ကြလိမ့်မည်မဟုတ်။ထို့အတူသင်တို့သည်မြင်ကြရသော်လည်းမည်သည့်အခါမျှသဘောပေါက်ကြလိမ့်မည်မဟုတ်။အကြောင်းမူကားဤလူမျိုးသည်မိမိတို့၏မျက်စိတို့ဖြင့်မြင်၍နားတို့ဖြင့်ကြားရပြီးစိတ်နှလုံးဖြင့်နားလည်ကြသောအခါမိမိတို့၏အနာရောဂါပျောက်ကင်းစေခြင်းငှာငါ့ထံသို့ပြန်လာရမည်ကိုစိုးရိမ်သောကြောင့်မိမိတို့၏စိတ်နှလုံးကိုထိုင်းမှိုင်းစေကြပြီးနားတို့ကိုလေးစေကြလျက်မျက်စိတို့ကိုလည်းပိတ်ထားကြ၏ဟုလာသတည်း။သင်တို့၏မျက်စိတို့သည်မြင်၍သင်တို့၏နားတို့သည်လည်းကြားကြသောကြောင့်မင်္ဂလာရှိ၏။သင်တို့အားငါအမှန်ဆိုသည်ကားများစွာသောပရောဖက်တို့နှင့်ဖြောင့်မတ်သောသူတို့သည်သင်တို့ကိုမြင်ရသောအရာများကိုမြင်လိုကြသော်လည်းမမြင်ခဲ့ကြရ။သင်တို့ကြားရသောအရာများကိုကြားလိုကြသော်လည်းမကြားခဲ့ကြရ။
***ထောက်ရှုချက်***
ပထမကျမ်းစာတော်မြတ်၌ကျွန်ုပ်တို့၏ဒုစရိုက်နှစ်ပါးကိုဘုရားသခင်ဖေါ်ပြတော်မူသည်။ထိုအရာကိုဥပမာပေးကာပြောကြားသည်ကာ“ငါ၏လူတို့သည်အသက်စမ်းရေတွင်းတည်းဟူသော၊ငါ့ကိုစွန့်ပစ်၍၊ရေမလုံပျက်စီးနေသောရေတွင်းပျက်တို့ကိုတူးသောအားဖြင့်ဒုစရိုက်နှစ်ပါးကိုပြုကြပြီဟုမိန့်တော်မူသည်။(ယေရမိ၂း၁၃)ကျွန်ုပ်တို့တို့ပုံဥပမာကိုဘယ်လိုနားလည်ကြရမည်နည်း။
ကျွန်ုပ်တို့၏ဘဝရှင်သန်နေမှုတိုးတက်ခြင်းများသည်ရေတွင်းကိုတူးဖေါ်ခြင်းနှင့်သဏ္ဍာန်တူဆက်စပ်နေကြသည်။ရေသည်ကျွန်ုပ်တို့အသက်ရှင်သန်နိုင်ရေးအတွက်မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သလိုဘုရားသခင်သည်ကျွန်ုပ်တို့ဘဝ၏ထာဝရရှင်သန်ရေးအရင်းအမြစ်ဖြစ်သည်ကိုလူတို့၏လက်တွေ့ကျကျနားလည်နိုင်သောရေကိုဥပမာပေးထားခြင်းဖြစ်သည်။ရေရနိုင်သည်တွင်းကိုတူးခြင်းသည်ထာဝရအသက်ရှင်ခြင်းကိုရရန်ယုံကြည်ခြင်းကိုတည်ဆောက်ခြင်းနှင့်တူသည်။ကျွန်ုပ်တို့သည်ယုံကြည်ခြင်းကိုတည်ဆောက်ခြင်း၊အသက်စမ်းရေတွင်းကိုတူးခြင်းထက်ဘုရားသခင်ကိုယုံကြည်ခြင်းကိုစွန့်လွတ်ကာထာဝရအသက်မရှိတောတွင်း၊လောကစည်းစိမ်ဖြစ်တဲ့ရေမရှိတဲ့တွင်းတွေကိုသာတူကြခြင်းဖြင့်ထာဝရအသက်ဆုံးရှုံးရခြင်းဒုစရိုက်ကိုပြုကြသည်ကိုသရုပ်ဖော်ဆုံးမထားခြင်းဖြစ်သည်။ကျွန်ုပ်တို့တစ်တွေအသက်စမ်းရေဖြစ်တော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုမိမိတို့၏ဘဝထဲ၌ရရှိပိုင်ဆိုင်ထားကြပြီလား။သက်စမ်းရေတွင်းကိုတူးဖော်နေကြပြီလား။ဆိုလိုသည်ကသင်ယေဇူးကိုသင်ဘဝထဲ၌ရရှိပိုင်ဆိုင်ပြီးလားလို့မေးနေတာပါပဲ။သင်သခင်ယေဇူး၌ယုံကြည်ခြင်းဖြင့်ဘဝကိုတည်ဆောက်နေပြီးလား။ဒါမှမဟုတ်လောက၏အသက်တာမျှသာရှိသောအရာအစားဥစ္စာပစ္စည်းတွေနဲ့ပဲသင်ဘဝကိုယုံကြည်ပုံအပ်ထားနေသလား။ကျွန်ုပ်တို့ခရစ်ယာန်တွေသည်ဆေးကြောခြင်းစက္ကရာမင်းတူး(နှစ်ခြင်းခံခြင်း)အားဖြင့်သခင်ယေဇူးကိုရရှိပိုင်ဆိုင်ထားသူများဖြစ်သည်ကိုသတိပြုကြပါ။သင့်၌သက်စမ်းရေတွင်းရှိနေသည်ကိုမမေ့ကြပါနဲ့။သက်စမ်းရေတွင်းကိုစွန့်ပစ်ပြီးရေမရှိတဲ့လောကစည်းစိမ်တွင်းတွေကိုလောဘတကြီးတူးရင်းတဲ့တွင်းပျက်အထဲမှာဘဝပျက်မည့်အဖြစ်ကိုသတိပြုဆင်ခြင်နိုင်ပါစေ။ကျွန်ုပ်တို့ခံယူရရှိထားသောဆေးကြောခြင်းမင်္ဂလာရေဟာကျွန်ုပ်တို့ကိုယုံကြည်ခြင်း၊မျှော်လင့်ခြင်း၊ချစ်လေးမြတ်ခြင်းတိုးပွားအောင်လို့ကျေးဇူတော်လက်ဆောင်မွန်ကိုဘုရားသခင်၏ချစ်ခြင်းမေတ္တာလက်ဆောင်မွန်အဖြင့်ကျွန်ုပ်တို့ရရှိထားကြတာဖြစ်တယ်။ဘုရားသခင်ကိုယုံကြည်တယ်၊ချစ်တယ်ဆိုရင်ဘုရားသခင်ပေးတဲ့လက်ဆောင်ကိုတန်ဖိုးထားရမှာဖြစ်တယ်ဆိုတာကိုသတိပြုမိနိုင်ကြပါစေ။
ဧဝံဂေလိကျမ်းစာတော်မြတ်၌ကြားရသည်ကား“သူတို့အားပုံဥပမာများဖြင့်ငါပြောရသည့်အကြောင်းမှာသူတို့သည်ကြည့်လျက်နှင့်မမြင်၊နားထောင်လျက်နှင့်မကြား၊နားလည်းမလည်ကြသောကြောင့်ဖြစ်၏။”သခင်ယေဇူးကိုယ်တော် ပုံဥပမာကိုပေး၍ကျွန်ုပ်တို့ကိုကောင်းကင်နှင့်ဆိုင်ရာနက်နဲဖွယ်ရာများကိုဖော်ပြပေးခြင်းဖြင့်ဘုရားသခင်ကိုကျွန်ုပ်တို့၏ဖြစ်တည်နေသောဘဝထဲမှပင်သိရှိနားလည်နိုင်အောင်ကိုယ်တော်ကိုရှာဖွေတွေ့ရှိယုံကြည်အားကိုးသစ္စာရှိရန်ဖြစ်သည်။ဘုရားသခင်သည်ကျွန်ုပ်တို့နှင့်ဝေးကွာစွာရှိနေတော်မူတဲ့သူစိမ်းဆန်သောဘုရားကျွန်ုပ်တို့တစ်တွေလုံးဝနားမလည်မသိနိုင်သောဘုရားသခင်မဟုတ်ကြောင်းကျွန်ုပ်တို့ဘဝထဲ၌ပင်ရှင်သန်နေတော်မူသောဘုရား၊ကျွန်ုပ်တို့နှင့်အတူနေတော်မူသောဘုရားဧမာနွေလဖြစ်တော်မူသည်။ထိုကြောင့်ကိုယ်တော်၏ပုံဥမမာဖြင့်ပြောသောနှုတ်ကပါတ်တော်များကိုနှလုံးသွင်းထောက်ရှုဆင်ခြင်သုံးသပ်ခြင်းဖြင့်ကျွန်ုပ်တို့ဘဝ၌ယုံကြည်ခြင်းအမြစ်တွယ်ကာကျေးဇူးတော်များတိုးပွားပြီးကောင်ကင်နိုင်ငံနှင့်ဆိုင်ရာလောကုတ္တရာအသီးအပွင့်များဖူးပွင့်ဝေဆာသောဘဝကိုပိုင်ဆိုင်ကြရမည်ဖြစ်သည်။သခင်ယေဇူးနှင့်အတူ၊သခင်ယေဇူ၌၊သခင်ယေဇူးအားဖြင့်အသက်ရှင်နေထိုင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။