ဇူလိုင်လ ၂၂ ရက်
၁၆ ကြိမ်မြောက် သာမန် သောကြာနေ့ ၂၀၂၂
St. Mary Magdalene
ပထမကျမ်း ။ ၂ကော်ရိန်သု ၅း ၁၄-၁၇
ဧဝံဂေလိကျမ်း ။ ရှင်ယောဟန် ၂၀း ၁-၂၊ ၁၁-၁၈
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ရက်သတ္တပတ်၏ပထမနေ့နံနက်စောစောမှောင်နေဆဲအချိန်တွင်မာရိယာမာဒလေးနာသည်သင်္ချိုင်းတော်သို့လာ၍ကျောက်တုံးသည်သင်္ချိုင်းဂူဝမှရွှေ့ထားလျက်ရှိသည်ကိုမြင်၏။သို့ဖြစ်၍သူမသည်ပြေး၍စီမွန်ပေတရုနှင့်ယဇူးချစ်တော်မူသောတပည့်တော်ထံသို့သွားပြီးလျှင်ထိုသူတို့သည်သခင်ဘုရားကိုသင်္ချိုင်းဂူမှဆောင်ယူသွားကြပါပြီ။ကိုယ်တော့်ကိုသူတို့အဘယ်မှာထားကြသည်ကိုကျွန်မတို့မသိပါဟုတပည့်တော်တို့အားဆို၏။
မာရိယာမူကားသင်္ချိုင်းဂူအပြင်၌ငိုကြွေးလျက်ရပ်နေလေ၏။သူမသည်ငိုကြွေးနေစဉ်သင်္ချိုင်းဂူအတွင်းသို့ငုံ့လျှိုး၍ကြည့်လိုက်ရာ၊ဖြူစင်သောအဝတ်ကိုဝတ်ဆင်ထားသောကောင်းကင်တမန်တော်နှစ်ပါးသည်ယေဇူး၏အလောင်းတော်ထားခဲ့သည့်နေရာတွင်ခေါင်းရင်း၌တစ်ပါး၊ခြေရင်း၌တစ်ပါးထိုင်လျက်ရှိသည်ကိုမြင်လေ၏။ကောင်းကင်တမန်တော်တို့ကအချင်းအမျိုးသမီး၊အဘယ်ကြောင့်ငိုကြွေးသနည်းဟုသူမကိုမေးကြလျှင်သူမကကျွန်မ၏အရှင်သခင်ကိုထိုသူတို့ယူဆောင်သွားကြပါပြီ။ကိုယ်တော်အားသူတို့မည်သည့်နေရာတွင်ထားသည်ကိုကျွန်မမသိပါဟုဆိုလေ၏။
ဤသို့ဆိုပြီးနောက်သူမသည်လှည့်ကြည့်လိုက်ရာယေဇူးရပ်နေသည်ကိုမြင်လေ၏။သို့သော်ထိုသူသည်ကိုယ်တော်ဖြစ်ကြောင်းကိုသူမမသိချေ။ယေဇူးကအချင်းအမျိုးသမီး၊အဘယ်ကြောင့်ငိုကြွေးသနည်း။မည်သူ့ကိုသင်ရှာဖွေသနည်းဟုမေးတော်မူလျှင်မာရိယာသည်ကိုယ်တော်အားဥယျာဉ်စောင့်ဟုထင်မှတ်၍သခင်၊သူ၏အလောင်းကိုသခင်ယူဆောင်သွားခဲ့ပါလျှင်မည်သည့်နေရာ၌ထားသည်ကိုကျွန်မအားပြောပါ။သူ့ကိုကျွန်မယူဆောင်သွားပါမည်ဟုဆိုလေ၏။
ယေဇူးကမာရိယာဟုသူမအားခေါ်တော်မူလျှင်သူမသည်နောက်သို့လှည့်၍ဟေဗြေဦးဘာသာဖြင့်ရာဘောနီဟုကိုယ်တော်အားခေါ်လေ၏။(ရာဘောနီ၏အဓိပ္ပာယ်ကားဆရာဟုဆိုလိုသတည်း။)ယေဇူးကငါ့ကိုမထိနှင့်။အကြောင်းမူကားငါသည်ခမည်းတော်ထံသို့တက်ကြွမသွားရသေး။သင်မူကားငါ၏ညီအစ်ကိုများရှိရာသို့သွားပြီးလျှင်ငါသည်ငါ၏ ခမည်းတော်တည်းဟူသောသင်တို့၏ခမည်းတော်၊ငါ၏ဘုရားသခင်တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော်သို့ တက်ကြွမည့်အကြောင်းကိုပြောကြားလော့ဟုမိန့်တော်မူ၏။ထိုအခါမာရိယာမဒလေးနာသည်သွား၍ကျွန်မသည်သခင်ဘုရားကိုဖူးမြင်ခဲ့ရပြီဟုတပည့်တော်တို့အားဆိုလျက်မိမိအားကိုယ်တော်မိန့်တော်မူခဲ့သောအကြောင်းအရာများကိုသူတို့အားပြောပြလေ၏။
***ထောက်ရှုချက်***
ကိုယ်တော်သည်လူအပေါင်းတို့အတွက်အသေခံခဲ့သဖြင့်လူတို့သည်မိမိတို့ကိုယ်တိုင်အတွက်အသက်ရှင်ခြင်းမဟုတ်တော့ဘဲမိမိတို့အကျိုးအလို့ငှာအသေခံ၍ရှင်ပြန်ထမြောက်တော်မူခဲ့သောအရှင်အတွက်အသက်ရှင်ကြရမည်ဖြစ်၏။(၂ကော်ရိန်သု ၅း၁၅)
လူတွေအတော်များများမိမိတို့၏ဘဝအသက်တာကိုမိမိတို့ကောင်းစားရေးအတွက်သာကိုယ်တိုင်ကြိုးစားရုန်းကန်နေရပြီး၊ကိုယ့်ရည်မှန်းချက်နဲ့ဘဝခရီးလမ်းကိုကိုယ့်ဖာသာကိုယ်တည်ဆောက်ကြရမယ်လို့ခံယူတွေးတောကြံဆကြတတ်ပါတယ်။အဲ့ဒီလိုခံယူပြီးမိမိ၏ရည်မှန်းချက်များကိုအောင်မြင်အောင်လျှောက်လှမ်းနေတဲ့သူတွေရဲ့ဘဝမှာခြောက်သွေ့ပြီးဟာတာတာဖြစ်နေတယ်လို့ခံစားတတ်ကြပါတယ်။အစမှာတော့သူတို့သည်ဒီလိုခြောက်သွေ့ပြီးဟာတာတာဖြစ်ရခြင်းဟာသူတို့ကိုယ်တိုင်ဖြစ်ချင်တဲ့အတိုင်းအရာရာမဖြစ်လာသေးလို့ဟုထင်မှတ်တတ်ကြသည်။အဲ့ဒါကြောင့်သူတို့ဟာမိမိဖြစ်ချင်တဲ့အရာကိုမိမိကိုယ်တိုင်အားသွန်ခွန်ဆိုက်ပိုမိုကြိုးစားကြခြင်းဖြစ်ပိုမိုဆိုးဝါးတဲ့ဘဝကိုရင်ဆိုင်လာရတတ်ပါတယ်။နောက်ပိုင်းမှမိမိသည်အဆက်မပြတ်မိမိ၏အတ္တ၊တစ်ကိုယ်ကောင်းဆန်မှုကိုသာမိမိဖာသာရိုက်သွင်းဦးနှောက်ဆေးခံနေရပြီးမိမိအချိန်ကုန်ကြိုးစားခဲ့တာတွေဟာမိမိကိုယ်ကိုမိမိဂျင်းကြီးကြီးထည့်မိထားတာလို့သံသယဖြစ်လာတတ်ကြပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့သူတွေကသခင်ယေဇူးမိန့်တော်မူခဲ့သည်စကား“မည်သူမဆိုငါ့နောက်သို့လိုက်လိုလျှင်မိမိကိုယ်ကိုငြင်းပယ်စေ။မိမိလက်ဝါးကပ်တိုင်ကိုလည်းနေ့စဉ်ထမ်းယူ၍ငါ့နောက်သို့လိုက်စေ”ကို ကြားလိုက်မိရုံဖြစ်ဖြစ်၊သတိရလိုက်လို့ပဲဖြစ်ဖြစ်အသိတရားနက်နက်ရှိုင်းရှိုင်းရလာကာသခင်ယေဇူး၏လက်ဝါးကားတိုင်တွင်ပေးဆပ်ခဲ့သည့်ချစ်ခြင်းမေတ္တာသည်စစ်မှန်ကြောင်း၊မိမိကိုယ်ကိုငြင်းပယ်ခြင်းသည်ပျော်ရွင်မှု၏အကြောင်းတရားနည်းလမ်းဖြစ်ကြောင်း၊ဘဝ၏ပြည့်ဝသည်အဓိပ္ပါယ်ဖြစ်ကြောင်းနှဖူးတွေ့ဒူးတွေ့နားလည်ခံစားတတ်လာကြသည်။ဘာဖြစ်လို့လည်းဆိုတော့ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။(ယောဟန်၁၄း၆)ကိုသူတို့ကောင်းကောင်းကြီးလက်ခံယုံကြည်သွားကြလို့ ဖြစ်သည်။
မာရိယာမာဒလေးနာသည်လည်းမိမိကိုယ်ကိုအားကိုယ်ပြီးမိမိကိုယ်ပိုင်ဘာမှမလုပ်နိုင်ဘူးဆိုတာကိုသိရှိခဲ့တဲ့သူတစ်ဦးဖြစ်ခဲ့တယ်။သူမဟာသူမဖြစ်ချင်ရာကိုပဲသူမပြုလုပ်ခဲ့တဲ့အခါနတ်ဆိုးရဲ့အသုံးချခြင်းကိုခံရပြီးမကောင်းမှုများကိုသာပြုလုပ်ခဲ့သူလို့ထင်မှတ်ရလောက်အောင်နတ်ဆိုး၇ကောင်ပူးခြင်းခံခဲ့ရသူဖြစ်တယ်။(လုကာ၈း၂)နောက်ဆုံးတော့သူမဟာသခင်ယေဇူးနှင့်တွေ့ဆုံခွင့်ရခဲ့ပြီးကိုယ်တော်ရဲ့ကယ်တင်ခြင်းအမှုတော်မှာကိုယ်တော့်အတွက်ဆက်ကပ်ဖို့ကိုယ်တော်၏ကားတိုင်အောက်မှာနှင့်ကိုယ်တော်၏သင်္ဂျိုင်းဂူမှာငိုကြွေးရသူဖြစ်ပါစေကိုယ်တော့်အတွက်အသက်ရှင်သူ ဖြစ်ခဲ့တယ်။သခင်ယေဇူးနှင့်အတူ၊သခင်ယေဇူး၌သူမဟာဘဝရဲ့အဓိပ္ပါယ်ကိုရှာတွေ့ခဲ့တယ်။သူမဟာအသက်ဖြစ်တဲ့သေခြင်းကိုအောင်မြင်သောသူနဲ့ရှင်ပြန်ထမြောက်သည့်သခင်ယေဇူးနဲ့တွေ့ဆုံခဲ့ရသူ၊တမန်တော်ကြီးများကိုသခင်ခရစ်တော်၏သတင်းကောင်းကိုကြားပြောပေးနိုင်ခဲ့သောတမန်တော်ကြီးများ၏တမန်တော်မဖြစ်ရလောက်အောင်သခင်ယေဇူးကိုချစ်သောတပည့်တော်မတစ်ဦးဖြစ်ခဲ့တယ်။
ကျွန်ုပ်တို့တစ်တွေလည်းမာရိယာမာဒလေးနာကဲ့သို့မိမိရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အတ္တရဲ့ကျော့ကွင်းမှသခင်ယေဇူးကိုပိုင်ဆိုင်ခြင်းအားဖြင့်ရုံးထွက်နိုင်သူဖြစ်အောင်မိမိကိုယ်ကိုငြင်းဆန်ပြီးသခင်ယေဇူးနောက်လိုက်သောသူများဖြစ်အောင်မိမိတို့ရဲ့ဘဝအသက်တာကိုမိမိတို့ကိုယ်တိုင်အတွက်အသက်ရှင်ခြင်းမဟုတ်တော့ဘဲမိမိတို့အကျိုးအလို့ငှာအသေခံ၍ရှင်ပြန်ထမြောက်တော်မူခဲ့သောသခင်ယေဇူးအတွက်အသက်ရှင်ကြပါစို့။
သင်ယေဇူးကိုသင်ဘဝထဲမှာရရိုပိုင်ဆိုင်နေပြီလား။သင်ယေဇူးအတွက်ဘာလုပ်ခဲ့ပြီးပြီလဲ။အခုကောယေဇူးအတွက်သင်ဘာလုပ်နေသလဲ။နောင်ကောယေဇူးအတွက်သင်ဘာတွေထပ်လုပ်မှာလဲ။