ဇူလိုင်လ ၂၃ ရက်
၁၆ ကြိမ်မြောက် သာမန် စနေနေ့ ၂၀၂၂
St. Bridget of Sweden
ပထမကျမ်း။ ယေရမိ ၇း ၁-၁၁
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၃း ၂၄-၃၀
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ကိုယ်တော်သည်အခြားသောပုံဥပမာဖြင့်သူတို့အားမိန့်တော်မူသည်မှာကောင်းကင်နိုင်ငံတော်အားမိမိ၏လယ်၌ကောင်းသောမျိုးစေ့ကိုကြဲသောသူနှင့်ခိုင်းနှိုင်းနိုင်၏။သို့သော်လူတို့အိပ်ပျော်နေချိန်တွင်သူ၏ရန်သူသည်လာ၍တောမျိုးစေ့များကိုဂျုံစပါးအလယ်၌ကြဲ၍ထွက်သွားလေ၏။အပင်များပေါက်လာပြီးအနှံထွက်သည့်အချိန်တွင်ပေါင်းများသည်လည်းပေါ်ထွက်လာလေ၏။ထိုအခါအစေခံတို့သည်လယ်ပိုင်ရှင်ထံလာ၍သခင်၊ကောင်းသောမျိုးစေ့ကိုသခင်၏လယ်၌ကြဲခဲ့သည်မဟုတ်ပါလော။သို့ဖြစ်လျှငပေါင်းပင်တို့သည်မည်သို့ရောက်လာသနည်းဟုမေးကြ၏။လယ်ပိုင်ရှင်ကရန်သူသည်ဤအမှုကိုပြုခဲ့ပြီဟုသူတို့အားဆို၏။အစေခံတို့ကလည်းဤသို့ဆိုလျှင်အကျွန်ုပ်တို့သွား၍၎င်းတို့ကိုစုသိမ်းရန်သခင်အလိုရှိပါသလောဟုမေးမြန်းကြ၏။သို့သော်လယ်ပိုင်ရှင်ကငါအလိုမရှိ၊ပေါင်းပင်တို့ကိုစုသိမ်းရာတွင်သင်တို့သည်၎င်းတို့နှင့်အတူဂျုံစပါးတို့ကိုလည်းနုတ်မိမည်ကိုစိုးရိမ်ရ၏။ဂျုံစပါးရိတ်သည့်ကာလတိုင်အောင်နှစ်မျိုးစလုံးကြီးထွားပါစေ။ရိတ်သိမ်းချိန်၌ပေါင်းပင်တို့ကိုဦးစွာနုတ်၍မီးရှို့၍စည်းထားကြလော့၊ဂျုံစပါးကိုမူငါ၏ကျီထဲလှောင်ထားကြလော့ဟုရိတ်သိမ်းသူတို့အားငါမှာထားမည်ဟူ၍မိန့်တော်မူ၏။
***ထောက်ရှုချက်***
ပထမကျမ်းစာတော်မြတ်၌ကျွန်ုပ်တို့ကြားနာရသည်မှာ“ငါ၏နာမဖြင့်သမုတ်သောဤအိမ်တော်၌၊ငါ့ရှေ့မှာဝင်၍ရပ်လျက်၊ဤရွံရှာဘွယ်သောအမှုအလုံးစုံတို့ကိုပြုသောကြောင့်၊အကျွန်ုပ်တို့သည်ကယ်နှုတ်တော်မူခြင်းကျေးဇူးတော်ကိုခံရပါပြီဟုလျှောက်ရကြမည်လော။”တဲ့
ကျွန်ုပ်တို့ကက်သလစ်ဘာသာတူတို့သည်ဘုရားသခင်၏ပညတ်တော်၁၀ပါးကိုတနင်္ဂနွေနေ့မစ္ဆားတရားတော်မြတ်မစမီအမြဲရွတ်ဆိုလေ့ရှိကြတယ်။သို့သော်လည်းကျွန်ုပ်တို့ထဲမှတစ်ချို့သည်ဘုရားကျောင်း၌ရွတ်ဆိုခဲ့သောပညတ်တော်၁၀ပါးကိုရွတ်ဆိုရုံသက်သက်ဟုသဘောရသောအပြုအမူမျိုးဖြင့်ဘုရားကျောင်းထဲ၌ပဲရွတ်ခဲ့ပြီးအိမ်ပြန်ရောက်တဲ့အခါပညတ်တော်တို့ကိုကျင့်ကြံဖို့မေ့လျှော့နေတတ်ကြကာဘဝကိုဖြစ်သလိုတွေ့ကြုံရာအခြေအနေတွေကိုလိုက်ပြီးမိမိ၏မကောင်းသောအကျင့်အကြံကိုဆက်လက်ပြုလုပ်နေခြင်းအားဖြင့်မုသာသက်သေကိုခံနေကြခြင်းကိုသတိမမူဂူမမြင်ဘဝကိုဖြတ်သန်းနေတတ်ကြသည်။အထူးသဖြင့်အခုခေတ်လူငယ်တစ်ချို့သည်ဘုရားစကားများကိုဆက်လက်လေ့လာမှုအားနည်းကာဂလိုဘယ်လိုက်ဇေးရှင်းရဲ့လွမ်းမိုးမှု၊အင်တာနက်မီဒီယာများ၏လွမ်းမိုးမှုကြောင့်အယူအဆအမှားများစွာကိုမျက်ကန်းတစေကဲ့သို့လိုက်ကျင့်ကြံတွေးတောချင်တတ်ကြသည်။
ဥမမာအနောက်နိုင်ငံတွေမှာကျင့်သုံးနေတဲ့မိမိ၏ချစ်သူရည်းစားနှင့်အတူတူအိပ်တာအခုခေတ်မှာလူတိုင်းလုပ်နေတာ ဘာမှမဖြစ်ဘူးဆိုတဲ့ထင်မြင်ယူဆချက်မျိုး၊ဘဝကိုရင့်ကျက်အောင်လို့လက်မထက်ခင်အတူနေတာကပြဿနာမဟုတ်ဘူး၊လိင်မှုရေးရာကအဓိကမဟုတ်ဘူးတစ်ယောက်ကိုတစ်ယောက်နားလည်မှုရအောင်တစ်သက်လုံးလက်တွဲရမယ့်သူကိုယ်ရဲ့ခင်ပွန်း၊ဇနီးလောင်းနဲ့လက်မထပ်ခင်သေခြာအောင်လို့အရင်အတူနေပြီးမှမိသားစုဘဝကိုတည်ဆောက်တာပိုကောင်းတယ်လို့ထင်မြင်ယူဆတဲ့အမှားတွေကပညတ်တရားဖြစ်တဲ့ဆဌမနှင့်နဝမပညတ်ချက်ကိုအလေးမထားသောမုသာသက်သေခံနေခြင်းဖြစ်တယ်။ပိုလို့ဆိုးဝါတာကထိုပညတ်တော်နှစ်ပါးကိုမကျင့်ကြံဘဲအပတ်တိုင်းမစ္ဆားတရားတော်မြတ်မှာကိုယ်တော်မြတ်စက္ကရာမင်းတူးကိုအာပတ်ဖြေခြင်းစက္ကရာမင်းတူးကိုမခံယူဘဲမထိုက်မတန်ပင့်ယူတတ်ကြတာမျိုးပါ။
ထို့အတူလက်ထပ်ထိန်းမြားခြင်းစက္ကရာမင်းတူးကိုခံယူကြပြီးမိသားစုဘဝခေါ်တော်မူခြင်းကိုလျှောက်လှမ်းနေကြတဲ့ ဇနီးမောင်နှံတို့ဟာလည်းလွဲချော်ကာထင်မြင်မှုအမှားကိုလုပ်လေ့ရှိတာကကလေးအများကြီးမယူချင်လို့သန္ဓေတားခြင်းကိုသဘာဝနည်းလမ်းမဟုတ်သောဆေးဝါးနည်းပညာများဖြင့်တားစီးတာမျိုးကိုသာမန်ဘာမှမဖြစ်သလိုအပြစ်မရှိသလိုလုပ်ဆောင်နေကြတတ်တယ်။အတူတူတော့အများကြီးနေချင်တယ်ဒါပေမဲ့ကလေးတော့အများကြီးမလိုချင်ဘူး။အခုခေတ်ကအရင်ကလိုမဟုတ်တော့ဘူးကလေးတွေရဲ့စရိတ်ကနည်းတာမဟုတ်ဘူးလို့ဆင်ခြေပေးကာသန္ဓေတားဆေးများသုံးခြင်း၊သားကြောဖြတ်ခြင်းကွန်ဒုံးသုံးခြင်းတွေကိုအပြစ်ရှိကြောင်းသိသိကြီးနဲ့တစ်မျိုး၊မသိချင်ယောင်ဆောင်ခြင်းနဲ့တစ်ဖုဘာမှမဖြစ်ပါဘူးဟုထင်မြင်ယူဆချက်အမှားတွေကိုကျင့်ကြံတတ်ကြတယ်။တစ်ချို့လူငယ်မောင်မယ်တွေကြားမှာငါတို့ကလက်ထပ်ကြပြီးရင်ကလေး၃ယောက်အများဆုံးပဲယူမယ်ဆိုတဲ့ကလေးကိုကိုယ်လိုချင်သလောက်ပဲယူမယ်၊အခုခေတ်ကဆေးဝါးနည်းပညာဒီလောက်တိုးတက်နေတာကလေးမယူချင်တာလွယ်လွယ်လေးဖြေရှင်းလို့ရတယ်ဆိုတဲ့လွဲမှားတဲ့ထင်မြင်ယူဆချက်အမှားတွေနဲ့ပညတ်တရားနဲ့မညီတဲ့ကိုယ်ကျင့်တရားကိုကျင့်ကြံခြင်းအားဖြင့်ပညတ်တရားကိုရွတ်ဆိုပြီးမုသားသက်သေကိုခံနေတယ်ဆိုတာကိုသတိပြုမိနိုင်ကြပါစေ။
ထိုအပြင်ဆေးကြောစက္ကရာမင်းတူကိုခံယူထားခဲ့ပြီးလို့ကက်သလစ်ဖြစ်တာနဲ့သခင်ယေဇူးကိုယုံကြည်ခြင်းတစ်ခုတည်းနဲ့ကောင်းကင်နိုင်ငံရောက်ပြီးပညတ်တွေကိုကျင့်ကြံစရာမလိုဘူး။သခင်ယေဇူးကလက်ဝါးကားတိုင်မှာငါတို့ရဲ့အပြစ်တွေအတွက်အသေခံခဲ့ပြီးပြီဘယ်သူမှငရဲမကျတော့ဘူးလို့ထင်မှတ်အမှားတွေဟာအခုခေတ်ရဲ့လူငယ်မောင်မယ်တွေကြားမှာရေပန်းစားနေတဲ့ကိုယ်ကျင့်တရားပျက်ပြားမှုတွေလို့ပြောရင်မမှားပါဘူး။
ကျွန်ုပ်တို့သည်ကိုယ်တော်၏နှုတ်ကပါတ်တော်ပညတ်တရားများကိုမိမိတို့၏ကိုယ်ကျင့်တရားများအဖြင့်ကျင့်ကြံနေထိုင်ကြဖို့ကိုကျွန်ုပ်တို့၏မကောင်းသောအကျင့်ဆိုးများကိုပြင်ဆင်ကြဖို့သတိပေးနေပါတယ်။ပညတ်တရားများကိုရွတ်ဆိုနေပြီးမုသားသက်သေမခံကြဖို့မကောင်းမှုကိုမြင်ပြီးနောင်တရပြင်ဆင်ဖို့ဖိတ်ခေါ်နေပါတယ်။ထင်မြင်ယူဆချက်သည်ဘုရားသခင်၌မျှော်လင့်ခြင်းကိုဆန့်ကျင်သောအပြစ်ဖြစ်သည်။အဘယ်ကြောင့်ဆိုသောလူတစ်ယောက်သည်နောင်တမရ၊မပြောင်းလဲဘဲဘုရားသခင်၏ခွင့်လွတ်ခြင်းကိုမျှော်လင့်သောကြောင့်ဖြစ်သည်။(ကက်သလစ်မြတ်သောအယူဝါဒ CCC.၂၀၉၁-၂၀၁၉၂)
ကျွန်ုပ်တို့ဧဝံဂေလိကျမ်းစာတော်မြတ်၌ကြားနာရသည်ကားကိုယ်တော်သည်ဂျုံစပါးခင်း၌ပေါက်နေသောပေါင်းပင်များကိုချက်ခြင်းရှင်လင်းပစ်ရန်အလိုမရှိသေးကြောင်းရိတ်သိမ်းချိန်ရောက်မှာသာပေါင်းပင်များကိုသတ်သတ်ခွဲ၍မီးရှို့ဖျက်စီးပြီးဂျုံစပါးများကိုသာမိမိကျည်၌ထည့်မည်ဖြစ်ကြောင်းကြားသိရသည်။ထိုဥပမာသည်လယ်ကွင်းပြင်သည်ဤလောကကြီးဖြစ်ပြီးဂျုံစပါးသည်ဘုရားသခင်၏သားသမီးများဖြစ်ပြီးပေါင်းပင်များသည်နတ်ဆိုး၏သားသမီးများဖြစ်ကြသည်။ဘုရားသခင်၏သားသမီးများသည်နတ်ဆိုး၏သားသမီးများနှင့်အတူတူယှဉ်တွဲရှင်သန်နေရပြီးနောက်ဆုံးသောနေ့၌သာတရားစီရင်ခြင်းခံရမည်ဖြစ်သည်။
ကိုယ်တော်သည်မကောင်းမှုလုပ်သူများနှင့်ကျွန်ုပ်တို့ကိုနေစေရခြင်းမှာကျွန်ုပ်တို့အားဖြစ်မကောင်းမှုပြုသူများနောင်တရ၍ပြောင်းလဲလာနိုင်စေရန်ရည်ရွယ်ထားသော်လည်းကျွန်ုပ်တို့သည်မကောင်းမှုပြုသူအဖြစ်လည်းပြောင်းလဲနိုင်သည်ကိုပထမကျမ်းစာတော်မြတ်၌ပရောဖက်ယေရမိကကျွန်ုပ်တို့သည်မကောင်းမှုကြားမှာရှင်သန်ရသဖြင့်ဂျုံစပါးပင်ရိုင်းဖြစ်ကာပေါင်းပင်ကဲ့သို့ဖြစ်နိုင်သည်ကိုလည်းသတိပြုမိရန်ဖော်ပြနေပါသည်။ကျွန်ုပ်တို့သည်မိမိကိုယ်ကိုဆန်းစစ်၍နောင်တရပြောင်းလဲလာနိုင်အောင်ဘုရားသခင်၏ကျေးဇူးတော်များကိုမိမိဘဝ၌တိုးပွားလာအောင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတည်ဆောင်နိုင်သောအထောက်အကူဖြစ်သည့်ပညတ်တရားများအတိုင်းကျင့်ကြံအားထုတ်ကြပါစို့။