ဇူလိုင်လ ၂၄ ရက်
၁၇ ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့ ၂၀၂၂
ပထမကျမ်း။ ကမ္ဘာဦးကျမ်း ၁၈း ၂၀-၃၂
ဒုတိယကျမ်း။ ကော်လောဆေ ၂း ၁၂-၁၄
ဧဝံဂေလိကျမ်း။ ရှင်လုကာ ၁၁း ၁-၁၃
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ကိုယ်တော်သည်တစ်နေရာ၌ဆုတောင်းပတ္ထနာပြုလျက်ရှိတော်မူ၏။ဆုတောင်း၍ပြီးဆုံးသောအခါကိုယ်တော်၏တပည့်တော်တစ်ဦးကသခင်ဘုရား၊ယောဟန်သည်သူ၏တပည့်များကိုဆုတောင်းရန်သင်ပေးသကဲ့သို့တပည့်တော်တို့ကိုလည်းသင်ပေးတော်မူပါဟုလျှောက်ထားလေ၏။ကိုယ်တော်ကလည်းသင်တို့ဆုတောင်းသောအခါရွတ်ဆိုကြရမည်ကား၊အိုအဖ၊ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော်။ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်။တစ်နေ့တာလိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အားနေ့စဉ်ပေးသနားတော်မူပါ။အကျွန်ုပ်တို့ကိုထိခိုက်ကျူးလူသောသူတို့၏အပြစ်ကိုအကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ၊မကောင်းသောအမှုအရာမှလည်းကယ်နှုတ်တော်မူပါဟုဆုတောင်းကြလော့ဟုမိန့်တော်မူ၏။ထို့နောက်ကိုယ်တော်ကသင်တို့တွင်တစ်စုံတစ်ယောက်၌မိတ်ဆွေရှိ၍သူသည်ထိုမိတ်ဆွေထံသို့ညသန်းခေါင်ယံအချိန်၌သွားပြီးလျှင်အဆွေ၊အကျွန်ုပ်အားပေါင်မုန့်သုံးလုံးချေးငှားပါ။အကြောင်းမူကားအကျွန်ုပ်၏ဧည့်သည်တစ်ယောက်သည်ခရီးဝေးမှရောက်လာ၍အကျွန်ုပ်၌သူ့ကိုတည်ခင်းဧည့်ခံစရာမရှိပါဟုဆိုလျှင်၊အိမ်ရှင်ကငါ့ကိုမနှောက်ယှက်ပါနှင့်။ယခုတံခါးပိတ်ထားလေပြီ။ငါ၏သားသမီးတို့သည်လည်းငါနှင့်အတူအိပ်ရာဝင်ကြကုန်ပြီ။ငါသည်အိပ်ရာမှထ၍သင့်အားမည်သည့်အရာကိုမျှမပေးနိုင်ပါဟုအိမ်အတွင်းမှပြန်ဖြေလိမ့်မည်။
သို့သော်သင်တို့အားငါဆိုသည်ကားထိုသူသည်သူ၏မိတ်ဆွေဖြစ်ခြင်းကြောင့်အိမ်ရှင်သည်အိပ်ရာမှထ၍သူ့ကိုတစ်စုံတစ်ခုပေးမည်မဟုတ်သော်လည်းထိုသူ၏ထပ်တလဲလဲတောင်းခံမှုကြောင့်အိမ်ရှင်သည်အိပ်ရာမှထ၍ထိုသူအလိုရှိရာမှန်သမျှကိုသူ့အားပေးလိမ့်မည်။
ထို့ကြောင့်သင်တို့အားငါဆိုသည်ကားတောင်းကြလော့။တောင်းလျှင်သင်တို့အားထိုအရာကိုပေးလိမ့်မည်။ရှာကြလော့။ရှာလျှင်သင်တို့တွေ့ကြလိမ့်မည်။ခေါက်ကြလော့။ခေါက်လျှင်သင်တို့အားဖွင့်ပေးလိမ့်မည်။အကြောင်းမူကားတောင်းသောသူတိုင်းရ၏။ရှာသောသူသည်လည်းတွေ့၏။တံခါးခေါက်သောသူအားလည်းဖွင့်ပေးလိမ့်မည်။
သင်တို့တွင်မည်သည့်ဖခင်သည်မိမိ၏သားကငါးကိုတောင်းလျှင်မြွေကိုပေးမည်နည်း။သားဖြစ်သူကကြက်ဥကိုတောင်းလျှင်မည်သည့်ဖခင်သည်ကင်းမြီးကောက်ကိုပေးမည်နည်း။သို့ဖြစ်၍ဆိုးမိုက်သောသင်တို့ပင်လျှင်ကောင်းသောအရာများကိုသင်တို့၏သားသမီးများအားပေးတတ်ကြပါကကောင်းကင်ဘုံရှင်၊သင်တို့၏အဖသည်မိမိထံတောင်းလျှောက်သူတို့အားဝိညာဉ်တော်မြတ်ကိုပို၍ပင်ပေးတော်မူမည်မဟုတ်လောဟုမိန့်တော်မူ ၏။
***ထောက်ရှုချက်***
တစ်ခါတစ်လေကျွန်ုပ်တို့၏ဆုတောင်းခြင်းများသည်ဘုရားသခင်နှင့်ဆက်သွယ်စကားပြောနေခြင်းထက်မိမိ၏ဖြစ်တည်ခြင်းကိုမကြိုက်မနှစ်လို့သို့မဟုတ်မိမိကိုယ်ကိုမိမိမနှစ်မြို့ခြင်းကြောင့်ဖြစ်ပေါ်လာသောခံစားချက်များကိုပုံဖော်ထုတ်ပြနေခြင်း(Projection)နှင့်တူပေသည်။ဥပမာပြရလျှင်ပထမကျမ်းစာတော်မြတ်၌အာဗြာဟံသည်သောဒုံမြို့နှင့်ဂေါမောရမြို့သားတို့၏အပြစ်များအတွက်ခွင့်လွတ်ခြင်းကိုကြားဝင်တောင်းလျှောက်သောအခါမိမိသည် မြေမှုန့်နှင့်ပြာသက်သက်သာဖြစ်သောလူသားတစ်ဦးဖြစ်သောကြောင့်ဘုရားသခင်နှင့်စကားပြောကြားဝင်တောင်းလျှောက်ခြင်းသည်မထိုက်တန်လှသည်ကိုရေရွတ်လေသည်။ထို့နောက်သူ၏ဆုတောင်းခြင်း၌သူကိုဘုရားသခင်ကစိတ်ရှည်ပေးဖို့၊စိတ်မဆိုးဖို့“အိုဘုရားရှင်၊အမျက်ထွက်တော်မမူပါနှင့်”“စိတ်ရှည်တော်မူပါ”(ကမ္ဘာဦး၁၈း၃၀)ဟုဘုရားသခင်သည်သည်းမခံတတ်သောဘုရား၊ဒေါသကြီးသောဘုရားကဲ့သို့သူသည်မိမိ၌ဖြစ်နေသောခံစားချက်များကိုဘုရားသခင်အားပုံဖော်၍(Projection)လုပ်လေသည်။အမှန်တကယ်ဆိုလျှင်အာဗြာဟံသည်သောဒုံမြို့နှင့်ဂေါမောရမြို့သားတို့အားအလွန်ပင်စိတ်ပျက်လျက်ရှိနေပြီးထိုမြို့တို့တွင်ရှိသောသူတို့သည်ဘုရားသခင်၏ ခွင့်လွတ်ခြင်းနှင့်မထိုက်တန်တော့ဘဲဘုရားသခင်သည်မကယ်တင်တော့ဘူးဟုတွေးထင်ကာဘုရားသခင်ကိုစျေးဆစ်သလိုတောင်းလျှောက်တိုင်းဘုရားသခင်သည်အပြစ်မရှိသူထိုမြို့တို့၌ရှိလျင်ကယ်တင်မည်ဟုပြန်ဖြေသဖြင့်အာဗြာဟံသည်ဘုရားသခင်၏ဖြေကြားခြင်းကိုစိတ်မရှည်သဖြင့်ဘုရားသခင်သည်သူ၏ခံစားချက်အတိုင်းဖြစ်လေမလားထင်မှတ်ကာအိုဘုရားရှင်၊အမျက်ထွက်တော်မမူပါနှင့်”“စိတ်ရှည်တော်မူပါ”မိမိ၏ခံစားချက်ကိုဘုရားသခင်ထံပုံချ နေခြင်းဖြစ်သည်။ကျွန်ုပ်တို့ဆုတောင်းခြင်းပြုသည့်အခါကျွန်ုပ်တို့မိမိကိုယ်ကိုမနှစ်မြို့တဲ့အရာတွေ၊ပြဿနာတွေ၊မိမိတို့၏အားနည်းချက်အကန့်အသတ်ရှိမှုတွေအတိုင်းဘုရားသခင်ကိုပုံဖေါပြီးဘုရားသခင်ကပဲကိုယ်တွေခံစားရသလိုခံစားတတ်တဲ့ဘုရားလိုလိုဆုမတောင်းသင့်ပါဘူး။ကျွန်ုပ်တို့ဆုတောင်းသည့်အခါမိမိကိုယ်ကိုခံယူရမည်ကကျွန်ုပ်တို့သည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊သန့်ရှင်းစင်ကြယ်ခြင်းနှင့်မြင့်မြတ်ခြင်းတို့အားပုံဖေါ်ခြင်း(projection)ခံရသူများဖြစ်ကြတယ်လို့သိမှတ်ရပါမယ်။သို့မှသာကျွန်ုပ်တို့ဆုတောင်းသည့်အခါမိမိတို့သည်ဘုရားသခင်ကိုပြောင်းလဲနေခြင်းမျိုးမဟုတ်တော့ဘဲဘုရားသခင်ကသာကျွန်ုပ်တို့ကိုပြောင်းလဲပေးနိုင်သူအဖြစ်လက်ခံလာမည်ဖြစ်သည်။(prayer can change everything)ဆိုတဲ့ဆုတောင်းခြင်းသည်အရာရာကိုပြောင်းလဲနိုင်ခြင်းကဘုရားသခင်ကို ပြောင်းလဲနေခြင်း(ဥပမာကိုယ်ကောင်းစား၊အသာစံနေရတဲ့အချိန်မှာဘုရားသခင်ကကောင်းမြတ်တော်မူတဲ့ဘုရားလို့ ခံယူပြီး၊ကိုယ်အခက်အခဲရှိနေရင်ဘုရားသခင်ကမိမိကိုစိတ်ဆိုးလို့မိမိအပြစ်တွေကိုဒဏ်ခတ်တဲ့ဘုရားလို့မိမိရဲ့ခံစားချက်ပေါ်မူတည်ပြီးပြောင်းလဲနေတဲ့ဘုရား)မဟုတ်ဘဲမိမိသာလျှင်ဘုရားသခင်၏တည်မြဲ၍မပြောင်းလဲတတ်သော ကောင်းမြတ်တော်မူခြင်းများသို့သာ မိမိ၏ ဘဝကို ပြောင်းလဲလာရခြင်းဖြစ်သည်။
ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးကျွန်ပ်တို့ကိုသင်ကြားပေးသောဆုတောင်းမေတ္တာ၌ပင်“ကောင်းကင်ဘုံ၌ကိန်းဝပ်တော်မူသောကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်။ကောင်းကင်ဘုံ၌ဖြစ်သကဲ့သို့မြေကြီးပေါ်၌လည်းကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေသော်။”(မာတေဦး ၆း၉-၁၀)ဟုကျွန်ုပ်တို့သည်သာဘုရားသခင်၏(projection)အလိုတော်များကိုပြည့်စုံစေသူများဖြစ်ကြပြီး၊ကျွန်ုပ်တို့၏အလိုကိုဘုရားသခင်ကပြည့်စုံစေခြင်းမဟုတ်သည်ကိုသတိပေးနေခြင်းဖြစ်သည်။စိန်သောမတ်စ်အကွိုင်းနက်ထောက်ပြပြောဆိုသည်မှာ“ကိုယ်တော်သင်ကြားတော်မူသောဆုတောင်းမေတ္တာသည်ဆုတောင်းမေတ္တာတကာတို့တွင်အကောင်းဆုံးဖြစ်သည်။၄င်းဆုတောင်းမေတ္တာတွင်ကျွန်ုပ်တို့အမှန်တကယ်လိုအပ်သောအရာများကိုသာမကအစဉ်လိုက်ဦးစားပေးရမည့်လိုအပ်မှုကိုတောင်းဆိုခြင်းဖြစ်သည်။အရာ၀တ္ထုပစ္စည်းများကိုသာတောင်းရန်မသင်ပေးဘဲဘယ်လိုအဆင့်အတန်းဖြင့်ဆန္ဒပြုတောင်းဆိုရမည်ကိုသင်ပေးခြင်းဖြစ်သည်။”(ကက်သလစ်မြတ်သောအယူဝါဒ ၂၇၆၃)
သခင်ယေဇူးကျွန်ုပ်တို့ကိုသင်ကြားပေးသလိုဆုတောင်းနိုင်ရန်ကျွန်ုပ်တို့သည်ဘုရားသခင်ကိုကျွန်ုပ်တို့၏ချစ်ရပါသောဖခင်အဖြစ်မြင်ရန်ပုံဖော်နိုင်ရပါမည်။ကျွန်ုပ်တို့ခံယူရမည့်ဘုရားသခင်၏ပုံရိပ်သည်ကရုဏာတော်ရှင်ချစ်ခြင်းမေတ္တာတော်နှင့်ပြည့်ဝသောခမည်းတော်ဘုရားဖြစ်သည်ကိုသခင်ယေဇူးကကျွန်ုပ်တို့ကိုဦးစွာပထမသင်ပေးခြင်းဖြစ်သည်။“ကိုယ်တော်၏နိုင်ငံတော်သည်ရောက်ပါစေသော်”ဟူ၍လောက၌အသက်ရှင်ရခြင်းသည်နောင်ဘဝကောင်းကင်နိုင်ငံထာဝရသုခချမ်းသာရရန်ဖြစ်ကြောင်း၊“ကောင်းကင်ဘုံ၌ဖြစ်သကဲ့သို့မြေကြီးပေါ်၌လည်းကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေသော်”ဟူ၍ကိုယ်တော်၏အလိုတော်အတိုင်းလောက၌ကိုယ်တော်၏ချစ်ခြင်းမေတ္တာကိုပုံဖော် နေကြသောသူများဖြစ်ကြသည်ကိုကျွန်ုပ်တို့အားသခင်ယေးဇူးသည်သင်ကြာပေးခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်တို့တစ်တွေအမြဲရွတ်ဆိုလေ့ရှိသောကောင်းကင်ဘုံ၌မေတ္တာကိုလေးလေးနက်နက်တန်ဖိုးထား၍မိမိ၏ဆုတောင်းခြင်းများကိုပြန်လည်သုံးသပ်ဆင်ခြင်းကြပါစို့။