ဇူလိုင်လ ၂၅ ရက်
၁၇ ကြိမ်မြောက် သာမန် တနင်္လာနေ့ ၂၀၂၂
တမန်တော်ကြီး ရှင်ယာကုတ် ပွဲနေ့
ပထမကျမ်း။ ၂ကော်ရိန်သု ၄း ၇-၁၅
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၂၀း ၂၀-၂၈
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ထို့နောက်ဇေဘေဒေးဦးသားများ၏မိခင်သည်မိမိသားတို့နှင့်အတူအထံတော်သို့ချဉ်းကပ်၍ပျပ်ဝပ်လျက်ကိုယ်တော့်ထံမှဆုကျေးဇူးကိုတောင်းလျှောက်လေ၏။ကိုယ်တော်ကလည်းမည်သည့်အရာကိုသင်အလိုရှိသနည်းဟုမေးတော်မူလျှင်သူမကကိုယ်တော်၏နိုင်ငံတော်တွင်ကျွန်မ၏သားဤသူနှစ်ယောက်တို့သည်ကိုယ်တော်၏လက်ယာဘက်၌တစ်ယောက်၊ကိုယ်တော်၏လက်ဝဲဘက်၌တစ်ယောက်ထိုင်ခွင့်ရစေရန်အမိန့်ရှိတော်မူပါဟုတောင်းလျှောက်လေ၏။
သို့သော်ယေဇူးကသင်တို့တောင်းသောအရာကိုသင်တို့မသိကြ။ငါသောက်လတ္တံ့သောခွက်ကိုသင်တို့သောက်နိုင်ကြသလောဟုမေးတော်မူလျှင်သူတို့ကသောက်နိုင်ပါ၏ဟုကိုယ်တော်အားပြန်လျှောက်ကြ၏။ကိုယ်တော်ကလည်းငါ၏ခွက်ကိုသင်တို့သောက်ကြရလိမ့်မည်မှန်၏။သို့သော်ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တွင်ထိုင်ရသောအခွင့်ကိုမူကားငါပေးပိုင်ခွင့်မရှိ။ဤအခွင့်သည်ငါ၏ခမည်းတော်ပြင်ဆင်ထားပြီးသောသူတို့အတွက်သာဖြစ်သည်ဟုသူတို့အား မိန့်တော်မူ၏။
တပည့်တော်ဆယ်ပါးတို့သည်ဤအကြောင်းကိုကြားကြလျှင်ထိုညီအစ်ကိုနှစ်ယောက်အပေါ်အမျက်ထွက်ကြ၏။သို့သော်ယေဇူးကသူတို့ကိုအထံတော်သို့ခေါ်၍မိန့်တော်မူသည်မှာလူမျိုးခြားတို့၏ဘုရင်တို့သည်တိုင်းသူပြည်သားများအပေါ်အနိုင်အထက်ပြုတတ်ကြသည်ကိုလည်းကောင်း၊အကြီးအကဲဖြစ်သူတို့သည်မိမိတို့လက်အောက်ခံများအပေါ်အာဏာဖြင့်ဖိနှိပ်တတ်ကြသည်ကိုလည်းကောင်းသင်တို့သိကြ၏။သင်တို့တွင်ထိုသို့မဖြစ်စေရ။သင်တို့ထဲတွင်ကြီးမြတ်လိုသောသူသည်သင်တို့၏အစေခံဖြစ်ရမည်။သင်တို့တွင်အကြီးအမှူးဖြစ်လိုသောသူသည်သင်တို့၏ကျွန်ဖြစ်ရမည်။လူသားသည်သူတစ်ပါးကိုစေခိုင်းခြင်းငှာမဟုတ်ဘဲအစေခံခြင်းငှာလည်းကောင်း၊မိမိ၏အသက်ကိုစွန့်၍လူအများကိုကယ်တင်ခြင်းငှာလည်းကောင်းကြွလာတော်မူသည်ဟုမိန့်တော်မူ၏။
***ထောက်ရှုချက်***
ဧဝံဂေလိကျမ်းစာတော်မြတ်၌ရှင်ယောဟန်နှင့်ရှင်ယာကုတ်တို့၏မိခင်သည်ဘာသာရေးအတ္တရှိသောသူအဖြစ်ဖော်ပြခြင်းခံရပြီးကျွန်ုပ်တို့အများစုသည်လည်းသူမကဲ့သို့အတ္တမျိုးကိုပိုင်ဆိုင်ထားကြသည်ကိုသတိပေးနေပါသည်။အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့ဆုတောင်းကြသောအခါကျွန်ုပ်တို့လိုချင်သည်အရာကိုသာတောင်းလျှောက်တတ်ကြပြီးကိုယ်တော်၏အလိုတော်ကိုလိုက်ဖို့ကိုတော့မတောင်းဆိုတတ်သလိုကိုယ်တော်စိတ်ချမ်းသာဖို့ထက်မိမိစိတ်ချမ်းသာဖို့ကိုသာတောင်းလျှောက်တတ်သောကြောင့်ကျွန်ုပ်တို့၏စိတ်ကိုသိမြင်တော်မူသောကိုယ်တော်သည်ကျွန်ုပ်တို့ကိုမည်သည့်အရာကိုအလိုရှိသနည်းဟုမေးလေ့ရှိတတ်သည်။
ကျွန်ုပ်တို့တောင်းလျှောက်သည်အရာများသည်ကိုယ်တော်အတွက်ကျွန်ုပ်တို့ဘာလုပ်ပေးရမလဲဆိုခြင်းထက်ကိုယ်တော်ကိုဒါလုပ်ပေးပါဟိုဟာလုပ်ပေးပါဆိုပြီးခိုင်းနေသလိုပါပဲ။ဉပမာအိုအဖတပည့်တော်ကိုကောင်းကြီးပေးတော်မူပါကဲ့သို့သောစကားလုံးများသည်မိမိ၏အတ္တကိုရှေ့တန်းတင်လွန်းနေပြီးမိမိလိုချင်တာကိုဘုရားသခင်အားလုပ်ခိုင်းရာကြနေပါသည်။ဘုရားသခင်ကိုကျွန်ုပ်တို့ကောင်းကြီးပေးခိုင်းနေစရာမလိုအပ်ပေ။ကိုယ်တော်သည်ကျွန်ုပ်တို့ကိုအမြဲကောင်းကြီးပေးနေသောသူဖြစ်ပြီးကျွန်ုပ်တို့ကသာထိုကောင်းကြီးတော်ဖြင့်ရှင်သန်ရမှာဖြစ်တယ်။ထိုကြောင့်ဘုရားသခင်ကသင်တို့တောင်းသောအရာကိုသင်တို့မသိကြဟုကျွန်ုပ်တို့ကိုသတိပေးနေခြင်းဖြစ်သည်။ကျွန်ပ်တို့အမှန်တကယ်ပြောရသည်မှာ“အိုအဖတပည့်တော်သည်ကိုယ်တော်၏ကောင်းကြီးမင်္လာအားဖြင့်ကိုယ်တော်၏အလိုတော်အတိုင်းအသက်ရှင်ရသောသူဖြစ်စေတော်မူပါ။ကိုယ်တော့်အတွက်လည်းကောင်း၊ကိုယ်တော်၌လည်းကောင်း၊ကိုယ်တော်နှင့်တူလျှောက်လှမ်းရသောဘဝအသက်တာကိုပိုင်ဆိုင်နိုင်ပါစေဟုဆုတောင်းကြရပါမယ်။ကျွန်ုပ်တို့၏ဆုတောင်းမှုများတွင်အတ္တပါနေလျှင်ခရစ်ယာန်၏အသက်တာ၊ချစ်ခြင်းမေတ္တာနှင့်ဆုတောင်းရခြင်း၏သဘောကိုနားမလည် မသိသောသူများသာဖြစ်နေသေးသည်ကိုထောက်ပြနေပါသည်။
ကျွန်ုပ်တို့၏အတ္တကိုချိုးဖျက်နိုင်အောင်သခင်ခရစ်တော်သည်ကျွန်ုပ်တို့တို့ကိုသူတစ်ပါးအားစေခံတတ်အောင်၊မိမိကိုယ်တိုင်သည်သူတစ်ပါး၏အစေကိုခံရန်ကြွလာခြင်းမဟုတ်ဘဲသူတစ်ပါးကိုအစေခံဖို့ကြွလာသူအဖြစ်သက်သေပြတော်မူသည်။မိမိ၏အတ္တထက်လက်ဝါးကားတိုင်ကိုပိုမိုချစ်မြတ်နိုးဖို့မိမိ၏အသက်ကိုပင်အများကောင်းကျိုးအတွက် စတေးရဲသောစိတ်ဓါတ်ကိုသင်ပေးတော်မူသည်။
တမန်တော်ကြီး၁၂ပါးတွင်ရှင်ယာကုတ်သည်အများပြည်သူများရှေ့တွင်ကြောက်ရွံ့ခြင်းမရရှိဘဲရဲဝံ့စွာဟောပြောနိုင်ခဲ့သူဖြစ်သည်။ရှင်ယာကုတ်သည်သမ္မာတရားကိုအားနဲ့မာန်နဲ့ထိထိမိမိဟောကြားသောကြောင့်တမန်တော်ကြီး၁၂ပါးထဲတွင်ပထမဆုံးဟေရုဒ်မင်းကြီးသည်၏သတ်ခြင်းကိုခံခဲ့ရသောတမန်တော်ကြီးဖြစ်သည်။(တမန်တော်၁၂း၂) အစပိုင်း၌ရှင်ယာကုတ်သည်အလွန်ကြောက်ရွံ့ပြီးပိဋိပက္ခများကိုရှောင်ပြေးသောသူတစ်ဦးသာဖြစ်ခဲ့ပြီးဝိညာဉ်တော်ဘုရားဆင်းသက်သောပင်တကော့နေပြီးမှသာသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝကာသူတွေ့ကြုံခဲ့ရသောသခင်ယေဇူး၏အကြောင်းများကိုမပြောရမနေနိုင်အောင်ပင်စိတ်အားထက်သန်လာသူဖြစ်လာသည်။(တမန်တော်၄း၂၀)ရှင်ယာကုတ်၏မိခင်သည်သူမ၏သားအသတ်ခံရလိုက်တဲ့အခါမှာသူမတောင်းနေတဲ့ဆုဟာကိုယ်ကျိုးအတွက်မဟုတ်ဘဲဘုရားသခင်နှင့်တစ်ခြားသူများအတွက်ဖြစ်ကြောင်း၊သူမနားလည်သဘောပေါက်ခဲ့ရသည်။
ကျွန်ုပ်တို့သည်လည်ရှင်ယာကုတ်ကဲ့သို့ယုံကြည်ခြင်းနှင့်သမ္မာတရားအတွက်မိမိ၏အသက်ဆုံးရှုံးရမည်ကိုပင်ကြောက်ဝံ့ဘဲခက်ထန်ကြမ်းတမ်းသည့်မကောင်းမှုများကိုတွန်းလှန်ရင်ဆိုင်ရသောတိုက်ပွဲများကိုသန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွန်အားပေးမှု၌ရှင်သန်ကြရပါမည်။ကျွန်ုပ်တို့ဆေးကြောခြင်းစက္ကရာမင်းတူးနှင့်ခရစ္စမားအားပေးခြင်းစက္ကရာမင်းတူးမှရရှိခဲ့သောဝိညာဉ်တော်ကျေးဇူးတော်၇ပါးကိုတိုးပွားစေပြီးကျွန်ုပ်တို့ထံမှသီးပွင့်ဝေဆာနေသောဝိညာဉ်တော်အသီးအပွင့်၁၂ပါးကိုကျွန်ုပ်တို့နှင့်နီးစပ်သူများအကျိုးခံစားနိုင်ကြစေရန်ကြိုးစားသွားကြပါစို့။