၁၇ ကြိမ်မြောက် သာမန် အင်္ဂါနေ့ ၂၀၂၂
Sts. Joachim & Anne
ပထမကျမ်း။ နိတိဒေသနာကျမ်း ၄၄း ၁၊၈၊၁၀-၁၅
ဧဝံဂေလိကျမ်း။ ရှင်မာတေးဦး ၁၃း ၁၆-၁၇
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
သင်တို့၏မျက်စိတို့သည်မြင်၍သင်တို့၏နားတို့သည်လည်းကြားကြသောကြောင့်မင်္ဂလာရှိ၏။သင်တို့အားငါအမှန်ဆိုသည်ကားများစွာသောပရောဖက်တို့နှင့်ဖြောင့်မတ်သောသူတို့သည်သင်တို့ကိုမြင်ရသောအရာများကိုမြင်လိုကြသော်လည်းမမြင်ခဲ့ကြရ။သင်တို့ကြားရသောအရာများကိုကြားလိုကြသော်လည်းမကြားခဲ့ကြရ။
***ထောက်ရှုချက်***
ထင်ပေါ်ကျော်ကြားသောလူများနှင့်ငါတို့၏ဘိုးဘေးများကိုယခုချီးမွမ်းကြကုန်စို့။သူတို့၏နောင်လာနောင်သားများနှင့်သားသမီးများသည်သူတို့ကြောင့်ပင်ပဋိညာဉ်တော်အပေါ်သစ္စာရှိစွာရပ်တည်ခဲ့ကြ၏။(နိတိဒေသနာ၁၊၁၂)ဒီနေ့ကျင်ပကြသည့်စိန့်အာနားနှင့်စိန့်ဂျော်ကင်းတို့သည်သခင်ယေဇူး၏အဘိုးအဘွားဖြစ်ကြနှင့်အညီကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဘိုးဘေးတို့ကိုအထူးတလည်သတိရဂုဏ်ပြုချီးမွမ်းကြဖို့ကိုအသင်းတော်ကြီးကအားပေးထားပါတယ်။ထို့အတူမြန်မာနိုင်ငံအသင်းတော်ကြီးမှလည်းမိဘများပွဲနေ့ကိုအထူးတလည်ဂုဏ်ပြုချီးမွမ်းခြင်းဖြင့်သာသနာအသီးသီးမှာမိဘများပွဲနေ့ကိုဒီကနေ့မှာကျင်းပကြဖို့တိုက်တွန်းထားပါတယ်။ကျွန်ုပ်တို့တစ်တွေအားလုံးကျွန်ုပ်တို့၏မိဘ၊ဘိုးဘွားများထံမှရရှိခံစားခဲ့ကြရသောကောင်းမွန်မြင့်မြတ်သည့်ယုံကြည်မှုအမွေအနစ်များနှင့်ယျဉ်ကျေးမှုအမွေအနစ်များကိုကိုထိန်းသိမ်းစောင့်ရှောက်ကာသူတို့အတွက်ကျေးဇူးတင်ချီးမွမ်းကာဆုတောင်းပေးကြပါစို့။
အခုခေတ်တစ်ချို့သောမိဘ၊ဘိုးဘွားတို့သည်သူတို့၏သားသမီး၊မြေးမြစ်တို့၏ဘာသာတရားပေါ့လျှော့မှုကိုတွေ့မြင်ကြရပြီးသူတို့ချပေးခဲ့သောမျိုးစေ့သည်မအောင်မြင်ဖြစ်ရသည်ကိုစိတ်မကောင်းဖြစ်နောင်တရကြရလေသည်။ထို့အတွက်ကြောင့်မိဘဘိုးဘွားတို့အားဘုရားသခင်ကအရင်ဆုံးအားပေးစကားပြော၍ဘုရားသခင်ကိုယ်တိုင်ပေးသောကတိတော်ကိုပေးတော်မူ၏။ထိုပဋိညာဉ်တရားဟူမူကား၊သင်၏အပေါ်မှာကျိန်းဝပ်သောငါ၏ဝိညာဉ်နှင့်သင်၏နှုတ်၌ငါထားသောစကားသည်၊ယခုမှစ၍ကာလအစဉ်အဆက်သင်၏နှုတ်၊သင့်အမျိုးအနွယ်၏နှုတ်နှင့်၊သင့်အမျိုးအနွယ်၏အမျိုးအနွယ်၏နှုတ်ထဲကမထွက်မပျောက်ရဟုထာဝရဘုရားမိန့်တော်မူ၏။(ဟေရှာယ၅၉း၂၁)ဆိုလိုသည်မှာမိဘဘိုးဘွားတို့သည်ဘုရားသခင်နှုတ်ကပါတ်တော်ကိုနားထောင်သောသူများအဖြင့်မိမိတို့၏သားသမီးမြေးမြစ်တို့ကိုသွန်သင်ပြီးလက်ဆင့်ကမ်းနေကြရခြင်းဖြစ်သည်။
နောက်တစ်ခုကဘုရားသခင်သည်သင့်တို့၏သားသမီး၊မြေးမြစ်များ၏ယုံကြည်ခြင်းပေါ့လျှောမှုတို့အတွက်သင်တို့ကို အပြစ်မတင်လိုပေ။သို့သော်ငြာလည်းလူသားတို့၏လွတ်လပ်သောစိတ်ဆန္ဒ(ကိုယ်လုပ်ချင်ရာလုပ်လိုသောစိတ်ဆန္ဒ)ကြောင့်အတော်ဆုံးမိဘများပင်လျှင်သားဆိုးသမီးဆိုးကိုရကြရသည်။ပို၍ဆိုးဝါးသွားစေတာကတော့သင့်တို့၏အပြစ်များကြောင့်ဖြစ်သည်ကိုသင်တို့အသိအမှတ်ပြုရပေလိမ့်မည်။အပြစ်ဆိုတာဘုရားသခင်၏စကားကိုနားမထောင်ခြင်းမှစကာဘုရားသခင်နှင့်ဝေးဝေးနေခြင့်ပင်ဖြစ်သည်။
မိဘဘိုးဘွားတို့ကမိမိတို့၏သားသမီးမြေးမြစ်များကိုကောင်းတာမြင်ချင်ကြပြီးမိမိကိုယ်တိုင်ကဘုရားစကားများကိုနားမထောင်ဘုရားနှင့်ဝေးနေသည်ကိုသတိမထားဘဲသားသမီးမြေးမြစ်များကိုအပြစ်တင်ဝေဖန်တတ်ကြသည်။အခုခေတ်ကိုကငါတို့ခေတ်နဲ့မတူဘူးကလေးတွေကရိုင်းဆိုင်းလာကြတယ်ပြောစကားနားမထောင်ကြတော့ဘူး။မိဘ၊ဘိုးဘွားတွေကိုပြန်ခံပြောလုပ်ချင်ရာလုပ်တတ်နေကြပြီလို့ဆုံးမပဲ့ပြင်ချင်ကြတယ်။သွန်သင်ဆုံးမလို့မှမရတော့တဲ့ဟာတွေလို့ကိုယ်လွတ်ရုန်းပြောဆိုလျစ်လျူရှုတတ်ကြသည်။ကိုယ်တွေကတစ်ချိန်ကသားသမီးဖြစ်ခဲ့စဉ်ကကိုယ့်မိဘတွေစီကကောင်းတဲ့အရာတွေကိုကိုယ့်သားသမီးတွေကိုပြန်ပေးဖို့ပြင်ဆင်ခဲ့ရဲ့လားကိုပြန်မသုံးသပ်ကြည့်မိကြဘူးဖြစ်နေတတ်တယ်။
ဥပမာကိုယ်တွေမိဘဖြစ်နေတဲ့သူတွေကကိုယ့်ရဲ့မိဘတွေဆီကကောင်းမွန်တဲ့ဘာသာတရားဆုံးမမှုတွေမရခဲ့တော့ကိုယ်မွေးထားတဲ့သားသမီးတွေကိုလည်းဘာသာတရားဘုရားစကားကိုသွန်သင်ပေးဖို့မဖြစ်နိုင်ပါဘူး။ကျွန်တော်အတွေ့အကြုံအရဥပမာလေးတစ်ခုကိုပြရမယ်ဆိုရင်အခုခေတ်ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ကျွန်တော်ကိုယ်တိုင်လူငယ်မောင်မယ်တွေကိုယုံကြည်ခြင်းနဲ့ဆိုင်ရာဘုရားစကားတွေကိုသွင်းသင်ပေးရတဲ့အခါသူတို့ထံမှကြားရတဲ့စကားက“ဒီလိုဘုရားစကားမျိုးတွေကိုသူတို့မိဘတွေကိုပါသင်ပေးနိုင်ရင်သိပ်ကောင်းမှာပဲတဲ့”။ကျွန်တော်ထိုစကားကိုကြားရတဲ့အခါတိုင်းလူငယ်မောင်မယ်တို့ဘာကြောင့်ဘုရားတရားမှာအားနည်းနေတာလဲဆိုတာကိုသဘောပေါက်မိတယ်။ မြန်မာစကားပုံလိုဖြစ်နေတာပါသားသမီးမကောင်းတော့မိဘခေါင်းတဲ့မိဘမကောင်းတော့ဘိုးဘွားခေါင်းခံရတာပါပဲ။ ကျွန်ုပ်တို့သေသေခြာခြာသုံးသပ်ကြည့်ကြမယ်ဆိုရင်အနာဂတ်အတွက်ပို၍ရင်လေးစာရာကောင်းတာကိုတွေ့မြင်မှန်းဆနိုင်ပါတယ်။ဘာသာတရားအားနည်းတဲ့လူငယ်တစ်ယောက်နောင်တစ်ချိန်မှာမိဘဖြစ်လာပြီးသူရဲ့သားသမီးတွေဘာသာတရားမရှိတော့တာကျွန်ုပ်တို့အံ့ဩနေစရာတော့မလိုဘူးတွေးကြည့်တာနဲ့တင်သိပါတယ်။ကျွန်ုပ်တို့တစ်တွေနောင်တမရကြဘဲဒီအတိုင်းခောတ်ကိုပုံချပြီးနေနေမယ်ဆိုရင်နောင်မျိုးဆက်၂ဆက်တင်မှာဘဲ။ဘုရားစကားတွေနားထောင်ဖို့ဆိုတာတောင်မပြောနဲ့ဘုရားစကားတွေဆိုတာဘာလဲလို့တောင်မေးယူရမဲ့အချိန်ဖြစ်သွားနိုင်ပါတယ်။
ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးကသင်တို့၏မျက်စိတို့သည်မြင်၍သင်တို့၏နားတို့သည်လည်းကြားကြသောကြောင့်မင်္ဂလာရှိ၏။သို့သော်လည်းကျွန်ုပ်တို့တွေထဲမှတစ်ချို့သည်မိသားစုပြဿနာတွေကြောင့်မင်္ဂလာရှိသည်ထက်အမင်္ဂလာဖြစ်နေတယ်လို့ခံစားကြရပါတယ်။ဘာဖြစ်လို့လဲဆိုတောင့်အဲ့မိသားစုထဲမှာဘိုးဘွားစဥ်ဆက်ကရှိခဲ့တဲ့ဘာသာတရားတွေပျောက်ကွယ်လာလို့ပဲဖြစ်တယ်။ယုံကြည်ခြင်းအားနည်းတဲ့မိသားစုထဲမှာနေရသော်လည်းစိတ်မပျက်ဘဲအမြဲရွင်လန်းစွာဘုရားသခင်၏ကောင်းကြီးမင်္ဂလာကိုကျွန်ုပ်တို့ခံယူနိုင်ကြရမှာဖြစ်တယ်ဘာဖြစ်လို့လည်းဆိုတော့ဘုရားသခင်သည်ကျွန်ုပ်တို့၏မိသားစုဝင်တစ်ယောက်စီတိုင်း၏နှလုံးသားများကိုပြောင်းလဲပေးနိုင်စွမ်းရှိလို့ပါပဲ။သခင်ယေဇူးသွန်သင်ပေးတော်မူသမျှကိုယုံကြည်ခြင်းဖြင့်လျှောက်လှမ်းနေလျင်သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည်ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်ဟု(တမန်တော်၁၆း၃၁)ရှင်ပေါလု၊ထောင်မှူးမိသားစုကိုမိန့်တော်မူခဲ့သည့်ကိုသတိရပါ။ထို့ကြောင့်ကျွန်ုပ်တို့တွေဟာကိုယ့်မိသားစုမှာကြုံတွေ့နေရတဲ့လူမှုရေးဘာသာရေးပြသနာတွေမှာစိတ်အားငယ်မနေဘဲကျွန်ုပ်တို့ကြာနာရသည့်သခင်ယေဇူး၏နှုတ်ကပါတ်တော်တွေကိုနားထောင်ပြီးခွန်အားယူနိုင်အောင်ကြိုးစားကြရပါမယ်။ကျွန်ုပ်တို့၏မိသားစုအတွက်မိဘ၊ဘိုးဘွားနောင်ရေးစိတ်အေးရလေအောင်ကျွန်ုပ်တို့၏ယုံကြည်ခြင်း၌ဘာသာတရားတိုးတက်လာအောင်ဘုရားရှိခိုးဆုတောင်းခြင်း၊ဘုရားစကားများကိုလေ့လာခြင်း၊ဘုရားစကားများကိုနားထောင်၍နီးစပ်သူများကိုမျှဝေခြင်းဖြင့်ကျွန်ုပ်တို့၏မိဘဘိုးဘွားများကိုဂုဏ်ပြုချီးမွမ်းကြပါစို့။