ယနေ့သည် မင်းပညာရှိသုံးပါးပွဲနေ့ ဖြစ်ပါသည်။ မင်းပညာရှိသုံးပါးသည် အရှေ့တိုင်းမှ ကြယ်ကိုမြင်တွေ့ပြီး ယေဇူးသူငယ်တော်ကို ဖူးတွေ့ဖို့ရန် စိတ်အားထက်သန်စွာဖြင့် လိုက်လံရှာဖွေခဲ့ကြသည်။ ထိုသို့ ကြယ်တော်နောက်ကို လိုက်ပြီး ရှာဖွေရာ၌ လမ်းခရီးတွင် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရင်ဆိုင်ပြီး အပင်ပန်းခံကာ နောက်ဆုံးတွင် ခရစ်တော်ထံပါး အရောက်လှမ်းနိုင်ခဲ့ကြသည်။ သူတို့တတွေသည် ထိုကဲ့သို့ အပြင်အပအားဖြင့် အခက်အခဲများကို ကျော်လွှာပြီး အရောက်လှမ်းနိုင်၊ ဖူးတွေ့နိုင်ခဲ့သလို အတွင်းစိတ်၌လည်း ကိုယ်တော်ရှင်ကို အမှန်တကယ် ဖူးတွေ့လိုခြင်း၊ စိတ်ဆန္ဒအားကြီးခြင်း သက်သက်သာဖြစ်သည်။ အခြားမည်သည့်ရည်ရွယ်ချက်မျှမပါ။ ကောက်ကျစ်စဉ်းလဲခြင်းကင်းလျှက် ပကတိရိုးသားနှိမ့်ချစွာဖြင့် စေတနာရက်ရောစွာဖြင့် လာရောက်ခဲ့ကြသောကြောင့် ကယ်တင်ရှင်ကို အမှန်တကယ် ဖူးမြော်ခွင့်ရခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည်လည်း ဤမင်းပညာရှိသုံးပါးကဲ့သို့ ဖြူစင်ရိုးသားသည့် အတွင်းနှလုံးသားကို ပြင်ဆင်ပြီး ခရစ်တော်ကို ဖူးမြင်ကြပါစို့။ ကျွန်ုပ်တို့နှင့်နီးစပ်သူများကို ချစ်ခြင်း၊ ရိုင်းပင်းကူညီခြင်း၊ နှိမ့်ချခြင်းတည်းဟူသော အဖိုးမဖြတ်နိုင်သည့် လက်ဆောင်များကိုလည်း ဆက်သနိုင်ရန် ယူဆောင်သွားကြပါစို့။
အိုဘုရားသခင် တပည့်တော်တို့၌ ပကတိဖြူစင်ရိုးသားသော စိတ်နှလုံးသားများကို ပေးတော်မူပါ။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)