ဇူလိုင်လ ၂၈ ရက်
၁၇ ကြိမ်မြောက် သာမန် ကြာသာပတေးနေ့ ၂၀၂၂
ပထမကျမ်း; ; ယေရမိ ၁၈း ၁-၆
ဧဝံဂေလိကျမ်း; ; ရှင်မာတေဦး ၁၃း ၄၇-၅၃
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.B.Myat Hnin Nwe(ISR)
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချထား၍ ငါးအမျိုးမျိုးတို့ကို အုပ်မိသော ပိုက်ကွန် နှင့်တူ၏။ပိုက်ကွန်သည် ငါးများ နှင့် ပြည့်သောအခါ တံငါတို့ သည် ၎င်းကို ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက် ကောင်းသောငါးများကိုရွေးချယ်ကာ တောင်းများထဲသို့ ထည့်ထားပြီး မကောင်းသောငါးများကိုအပြင်သို့ ပစ်လိုက်ကြ၏။ထို့အတူကမ္ဘာကုန် သောအခါဤသို့ဖြစ်လိမ့်မည်။ကောင်းကင်တမန်တော်တို့သည် ထွက်လာ၍ မကောင်းသော သူတို့အား တောက်လောင်နေသော မီးဖိုတွင်းသို့ ပစ်ချကြလိမ့်မည်။ထိုအရပ်၌ငိုကြွေး၍ အံကြိတ်ကြ လိမ့်မည်။ဤ အကြောင်းအရာအလုံးစုံကို သင်တို့နားလည်ကြ သလောဟုမေးတော်မူလျှင်သူတို့ကနားလည်ပါသည် ဟုလျှောက်ထားကြ၏။ကိုယ်တော်ကလည်း ထို့ကြောင့်ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာတို့ကို သင်ကြားတတ်မြောက်ပြီးသော ကျမ်းတတ်ဆရာမည်သည်ကား မိမိ၏ ဘဏ္ဍာတိုက်ထဲမှ ဥစ္စာပစ္စည်းအသစ်နှင့်အဟောင်း တို့ကို ထုတ်ဖော်ပြသောအိမ်ရှင်နှင့် တူသည်ဟုသူတို့အား မိန့်တော်မူ၏။ယေဇူးသည် ထိုပုံဥပမာများ ကို မိန့်မြွက်တော်မူပြီး သောအခါထိုအရပ်မှကြွသွားတော်မူ၏။
ထောက်ရှုချက်
မြေစေးဖြင့်လုပ်သောအိုးသည်၊အိုးထိန်းသမား၏ လက်ထဲ၌မှာပင် ပုံပျက်သွားသောကြောင့်၊အိုးထိန်းသမားသည် မိမိအလိုရှိရာ အခြားသောအိုး ပုံစံအသစ်ထိုမြေစေးနှင့် ထပ်မံလုပ်ပြန်လေ၏။(ယေရမိ ၁၈း၄)ဘုရားသခင်သည်အိုးထိန်းသမားဖြစ်တော်မူပြီးကျွန်ုပ်တို့သည်မြေစေးများဖြစ်ကြသည်။သို့ပေမဲ့ကျွန်ုပ်တို့သည် သက်ရှိမြေစေးဖြစ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းရေး၊ မပူးပေါင်းရေးကို လွတ်လပ်စွာ ရွေးချယ်ခွင့်အပြည့်အဝရှိသည်။ ထို့အတွက်ကြောင့် အိုးထိန်းသမား၏ လက်ထဲမှာပင် အိုးထိန်းသမားဖြစ်လိုသည့် အိုးမဖြစ်တော့ဘဲ ပုံပျက်သွား တတ်ကြသည်။ထို့ အကြောင့် အိုးထိန်းသမားသည် အစမှပြန်၍ အိုးသစ်ကို ထပ်မံပြုလုပ်ရခြင်းဖြစ်သည်။ အိုးထိန်း သမားသည် မိမိပြုလုပ်သော အိုး၏အရည်အသွေးကို အထူးထိန်းသိမ်းသကဲ့သို့ ဘုရားသခင်သည်လည်း ကျွနိုပ်တို့ လူသားများ၏အရည်အသွေးကို ကြပ်မတ်တော်မူသည်။(၁ကော်ရိန်၃း၁၂-၁၅ကို ဖတ်ရှုရန်)အမှန်စင်စစ် ကပ်ကမ္ဘာ ကုန်လျှင် ကောင်းမွန်စွာ ဘုရားသခင်သတ်မှတ်ထားသော စံချိန်တင်အရည်အသွေးရှိတဲ့ သူသာ ထိုက်တန်စွာ စီရင် ခြင်းကို ခံရမည်ဖြစ်ပြီး အရည်အသွေးမမီသော၊မကောင်းသောသူတို့အား တောက်လောင်နေသောမီးဖိုတွင်းသို့ ပစ်ချကြလိမ့်မည်။ထိုအရပ်၌ ငိုကြွေး ၍ အံကြိတ်ကြလိမ့်မည်။( မာတေဦး ၁၃း ၄၈-၅၀)ဘုရားသခင်၏ အရည်အသွေးစံချိန်သည် ကိုယ်တော်၏ကျေးဇူးတော်ကို ထိုက်တန်စွာခံယူပြီး ကျေးဇူတော်များကို တန်ဖိုးထားရန် နှင့်ကိုယ်တော်ကို နာခံကျိုးနွံရန်ဖြစ်သည်။ကိုယ်တော်၏ကျေးဇူးတော်ကိုကျွန်ုပ်တို့သည် အသင်းတော်တွင်း ထိတွေ့ကိုင်တွယ်ကျင့်ကြံလို့ရသည် စက္ကရာမင်းတူများအဖြင့် တည်ရှိနေတော်မူသည်ကို ယုံကြည်ကြသူများဖြစ်သည်။စက္ကရာမင်းတူးများသည်မမြင်ရသောကျေးဇူးတော်ကိုမြင်ရ၊ကြားရ၊ထိတွေ့လို့ရသော ဘုရားသခင်၏ ချစ်ခြင်းလက်ဆောင်မွန် ကျေးဇူးတော်များဟု အသင်းတော်မှ ယုံကြည်ခံယူထားသည်။ထိုစက္ကရာမင်းတူးများကို တန်ဖိုးထားခြင်းဖြင့် အိုးထိန်းရှင် ဖြစ်သောမူသော ဘုရားသခင်၏ ပုံသွင်းခြင်းကို ကျွန်ုပ်တို့ ရက်ရောစွာ ပုံသွင်းမှုကိုခံယူကြရပါမယ်။ဧဝံဂေလိကျမ်းစာတော်မြတ်၌ သခင်ယေဇူးက တပည့်တော်ကြီးတို့အား ဤအကြောင်း အရာအလုံးစုံကို သင်တို့နားလည်ကြ သလောဟုမေးတော်မူလျှင်သူတို့ကနားလည်ပါသည် ဟုလျှောက်ထားကြ၏။(မာတေဦး ၁၃း၅၁)ကျွန်ုပ်တို့သည်လည်း တပည့်တော်ကြီးများကဲ့သို့ပင် အသင်းတော်မှ လက်ဆင့်ကမ်း သင်ကြားပေးသော ဘုရားသခင်၏ နှုတ်ကပါတ်တော်များနှင့် မြတ်သော ထုံတမ်းစဉ်လာများကို နားလည်ပါသလားလို့မေးလျှင် နားလည်ကြပါသည်ဟု လွယ်လွယ်ပင်ဖြေတတ်ကြပါလိမ့်မည်။တကယ်တော့ တပည့်တော်ကြီးများသည် ကိုယ်တော်သက်ရှိထင်ရှား သူတို့နှင့်အတူရှိနေစဥ်ကသူတို့သည် ကိုယ်တော်၏ သွန်သင်ချက်များနှင့် ကိုယ်တော်ကိုပင် သေသေခြာခြားနားမလည်ခဲ့ကြပေ။သူတို့နားမလည်ခဲ့ကြသောကြောင့်ပင်လျင် သူတို့သည်ကိုယ်တော် ဖမ်းစီး နှိပ်စက်၍ တံကျင်၌ အသတ်ခံရချိန်တွင် ကိုယ်တော့်ကို တစ်ပါးတည်း ထားခဲ့၍ ကိုယ်လွတ်ရုံး ထွက်ပြေးခဲ့ကြသူများဖြစ်ကြသည်။ကိုယ်တော်ရှင်ပြန်ထမြောက်တော်မူပြီး ကောင်းကင်ဘုံသို့ ပြန်တက်တော်မူပြီးနောက်မှသန့်ရှင်းသော ဝိညာဉ်တော်မြတ်အားဖြင့် သူတို့သည်ကိုယ်တော်သွန်သင်ခဲ့သည့် နိုင်ငံတော်နှင့် ဆိုင်သည့် အကြောင်းများနှင့် ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူသည်ကို သေသေခြာခြာ နားလည်ခဲ့ကြသည်။ကျွန်ုပ်တို့တစ်တွေကော သခင်ယေဇူးကို တစ်ကယ်နားလည်ကြပါရဲ့လား။ကိုယ်တော်ရဲ့ နာမည်နဲ့ကိုယ်တော့်ရဲ့ အကြောင်းကိုသိရုံနဲ့ ကျွန်ုပ်တို့က မိမိကိုယ်ကို ကိုယ်တော့်အား နားလည်ပါတယ်၊ ကိုယ်တော်၏ သွန်သင်တော်မူချက်တွေကို နားလည်ပါတယ်လို့ လွယ်လွယ်ပြောနိုင်ပါ့မလား။သို့သော်လည်း ကျွန်ုပ်တို့ အားလုံးသည် ဆေးကြောခြင်း စက္ကရာမင်းတူး နှင့် ခရစ္စမား အားပေးခြင်း စက္ကရာမင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်မြတ်၏ လမ်းညွှန်မှုကြောင့် ဘုရားသခင်၏ နှုတ်ကပါတ်တော်များကို နားလည်ကျင့်ကြံနေကြသည်ကို သတိပြုမိကြပါစေ။ကျွန်ုပ်တို့ ခံယူထားတဲ့ ကျေးဇူးတော်တွေကို စက္ကရာမင်းတူးအားဖြင့် တန်ဖိုးထားကာ ထာဝရသုခချမ်းသာ အတွက် ကျင့်ကြံနေထိုင် နေကြခြင်းကို သတိပြုမိနိုင်ကြပါစေ။ ကျွန်ုပ်တို့၏ အသက်တာကို ကျေးဇူးတော်အားဖြင့် ဘုရားသခင်၏ အလိုတော်အတိုင်း ပုံသွင်းကြပါစို့။