ဇူလိုင်လ ၃၀ ရက် St. Peter Chrysologus ပွဲနေ့
၁၇ ကြိမ်မြောက် သာမန် စနေနေ့ ၂၀၂၂
ပထမကျမ်း။ ယေရမိ ၂၆း ၁၁-၁၆၊၂၄
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၄း ၁-၁၂
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ထိုကာလ၌ဘုရင်ခံဟေရုဒ်သည်ယေဇူး၏သတင်းတော်ကိုကြားလျှင်၊ဤသူသည်ယောဟန်ဘတ္တိဇံပင်ဖြစ်သတည်း။ သူသည်သေရာမှပြန်ရှင်လေပြီ။ထို့ကြောင့်သူသည်ဤတန်ခိုးလက္ခဏာများကိုပြနိုင်ခြင်းဖြစ်သည်ဟုမိမိငယ်သားတို့အားဆို၏။အကြောင်းမူကားဟေရုဒ်သည်မိမိညီဖိလိပု၏ဇနီးဟေရုဒ္ဒိယနှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင်ကာအကျဉ်းချထားခဲ့၏။အဘယ့်ကြောင့်ဆိုသော်ယောဟန်ကသူ့အားသင်သည်ထိုမိန်းမကိုမယူသင့်ဟုဆိုခဲ့သောကြောင့်ဖြစ်၏။ဟေရုဒ်သည်သူ့အားသတ်လိုသော်လည်းလူအပေါင်းတို့ကိုကြောက်ရွံ့သောကြောင့်မသတ်ဝံ့ဘဲရှိ၏။
အကြောင်းမူကားလူတို့သည်ယောဟန်ကိုပရောဖက်တစ်ပါးအဖြစ်ခံယူထားကြသောကြောင့်ဖြစ်၏။သို့သော်ဟေရုဒ်၏မွေးနေ့ကျရောက်သောအခါဟေရုဒ္ဒိယ၏သမီးသည်ဧည့်သည်တော်များ၏မျက်မှောက်၌ကပြဖျော်ဖြေရာ၊ဟေရုဒ်ကိုကြည်နူးစေသဖြင့်သူသည်သူမတောင်းသမျှကိုပေးသနားမည့်အကြောင်းကျိန်ဆို၍ကတိပြုလေ၏။
သူမသည်လည်းယောဟန်ဘတ္တိဇံ၏ဦးခေါင်းကိုလင်ပန်းပေါ်တွင်တင်၍ဤနေရာ၌ပင်ကျွန်မအားပေးတော်မူပါဟုမိမိ၏မိခင်တိုက်တွန်းထားသည့်အတိုင်းတောင်းခံလေ၏။မင်းကြီးသည်အလွန်စိတ်မကောင်းဖြစ်သော်လည်းမိမိကျိန်ဆို ထားသောကတိနှင့်မိမိ၏ဧည့်သည်တော်များရှိသောကြောင့်သူမတောင်းလျှောက်သည်ကိုပေးစေရန်အမိန့်ချမှတ်ပြီး၊လူလွှတ်ကာထောင်ထဲ၌ယောဟန်၏ဦးခေါင်းကိုဖြတ်စေ၏။ထို့နောက်ဦးခေါင်းကိုလင်ပန်းပေါ်၌တင်၍ထိုအမျိုးသမီးငယ်အားပေးသဖြင့်သူမသည်လည်း၎င်းကိုသူမ၏မိခင်ထံသို့ယူဆောင်သွားလေ၏။ယောဟန်၏တပည့်တို့သည်လည်းလာ၍အလောင်းကိုယူဆောင်ကာသင်္ဂြိုဟ်ပြီးမှယေဇူးထံတော်သို့သွားရောက်လျှောက်ထားကြ၏။
***ထောက်ရှုချက်***
ပထမကျမ်းစာတော်မြတ်၌ပရောဖက်ယေရမိသည်ငါ့အားထာဝရဘုရားသခင်စေလွတ်တော်မူ၍မိန့်တော်မှုသည့်အတိုင်းငါမြွက်ဆိုသည်ဟုသူ၏ပြိုင်ဘက်အားရဲဝံ့စွာရင်ဆိုင်ပြီးအမှန်တရားကိုမိမိအသက်နှင့်စွန့်စားပြီးပရောဖက်ပြုပြောဆိုခဲ့သည်။ထို့အတူယောဟန်ဗတ္တိဇံသည်အမှန်တရားဖြစ်သည့်ဟေရုဒ်မင်းကြီးနှင့်ဟေရုဒီးယာတို့၏ဖောက်ပြန်ခြင်းကိုရဲဝံ့စွာထောက်ပြပြောဆိုခဲ့သဖြင့်ခေါင်းဖြတ်အသက်ခံခဲ့ရသည်။သခင်ယေဇူသည်သည်အမှန်တရားဖြစ်တော်မူပြီးသမ္မာတရားကိုသက်သေခံရန်လောကသို့ကြွလာသူဖြစ်သည်။ကိုယ်တော်သည်သမ္မာတရားကိုချစ်ခြင်းမေတ္တာဖြင့်ဟောပြောသက်သေခံခဲ့ပြီးလက်ဝါးကားတိုင်မှာကွပ်မျက်ခံခဲ့ရသည်။
ကျွန်ုပ်တို့သည်လည်းအမှန်တရားထဲမှာလျှောက်လှမ်းနေကြပါသလား။အမှန်အတရားအတွက်အသက်ကိုပင်ပေး၍တိုက်ပွဲဝင်နေသောသူလား။သခင်ယေဇူးကိုသိသောသူသည်အမှန်တရားကိုသိသောသူဖြစ်ပြီးကိုယ်တော်အတွက်အသက်ရှင်သောသူသည်အမှန်တရား၌အသက်ရှင်သောသူဖြစ်သည်။ကိုယ်တော်လောက၌သက်သေထူခဲ့သောအမှန်တရားသည်ကျွန်ုပ်တို့သည်ဘုရားသခင်၏သားသမီးများဖြစ်ကြပြီးထာဝရအသက်ကိုပိုင်ဆိုင်ကြသောသူများဖြစ်ကြခြင်းဖြစ်သည်။လောက၏သေခြင်းတရားသည်ကျွန်ုပ်တို့၏အဆုံးပန်းတိုင်မဟုတ်ဘဲထာဝရအသက်ရှင်ခြင်းဖြစ်သည့်ဘုရားသခင်နှင့်ပေါင်းစီးရေးသည်သာကျွန်ုပ်တို့၏အဆုံးပန်းတိုင်ဖြစ်ကြောင်းလောက၌အသက်ရှင်စဉ်အမှန်တရားနှင့်လမ်းခရီးဖြစ်တော်မူသည့်ကိုယ်တော့်နောက်လိုက်လျှောက်သောသူသည်ထာဝရအသက်ရမည်ဖြစ်သည်။ကိုယ်တော်၏အမှန်တရားသည်လောက၌ဒုက္ခဆင်းရဲခြင်းကားတိုင်လမ်းဖြစ်သည်ကိုကျွန်ုပ်တို့သတိပြုမိကြရမှာဖြစ်တယ်။ကျွန်ုပ်တို့သည်အမှန်တရား၌ရှင်သန်ကြလျှင်ဒုက္ခဆင်းရဲခြင်းကိုမလိုချင်၍မရပေ။
အမှန်တရားသည်အပြစ်ရှိသူကိုပိုပြီးအပြစ်ဖို့နေသည်ဟုခံစားရတတ်သလို။အပြစ်ရှိသူကိုနောင်တရဖြေသိမ့်မှုကိုပေးနိုင်သည်။ဥပမာဟေရုဒ်မင်းကြီးသည်သခင်ယေဇူးအကြောင်းကြားသိရသောအခါသခင်ယေဇူးဟုမထင်မှတ်ဘဲသူခေါင်းဖြတ်သတ်ခဲ့သောယောဟန်ဟုသာထင်မြင်ခဲ့သည်။ဘာဖြစ်လို့လည်းဆိုတော့သူ၏ကိလေသာအပြစ်နှင့်လူ့အသက်သတ်ခြင်းအပြစ်တို့၏ဆိုးကျိုးများကသူကိုခြိမ်းခြောက်နေခြင်းကြောင့်ဖြစ်သည်။ကျွန်ုပ်တို့တစ်တွေလည်း အပြစ်ပြုလုပ်မိသွားရင်အပြစ်၏ကျေးကျွန်ဖြစ်ကာမိမိကိုယ်ကိုမသင်္ကာခြင်း(စိတ်မလုံခြင်း)၊မိမိကိုယ်ကိုမှန်းတီးခြင်း၊ ဝိညာဉ်ရေးမျက်ကန်းဖြစ်ကာ၊ဝိညာဉ်ရေးလေဖြတ်ပြီးတစ်ပိုင်းသေတတ်သည်။အသက်ရှင်လျှက်ဘဝသေနေတတ်သည်။အပြစ်၏အဖိုးအခသည်သေခြင်းတရားပင်ဖြစ်သည်။အမှန်တရားသည်သေခြင်းတရားကိုအောင်နိုင်ခြင်းဖြစ်ပြီးအပြစ်များကိုနောင်တရ၍ဘုရားသခင်ထံပြန်လာခြင်း၊ဘုရားသခင်၏စကားကိုနားထောင်းခြင်းကိုပြန်ပေးခြင်းလည်းဖြစ်သည်။အကယ်၍ကျွန်ုပ်တို့အပြစ်ပြုလုပ်မိလျှင်ချက်ချင်းနောင်တရပြောင်းလဲရပါမည်။ထို့ကြောင့်အာပတ်ဖြေခြင်းစက္ကရာမင်းတူးသည်ကျွန်ုပ်တို့အတွက်အဖိုးမဖြတ်နိုင်သောလက်ဆောင်မွန်ဖြစ်သည်ကိုသတိပြုမိနိုင်ပါစေ။ ဘုရာသခင်ကိုပိုမိုချစ်မြတ်နိုးပြီးအပြစ်များကိုရွံ့ရှာမုန်းတီးတတ်ရန်ကျေအေးခြင်းစက္ကရာမင်းတူးကိုတတ်နိုင်သလောက်မိမိ၌အပြစ်ရှိတယ်လို့ခံစားရတိုင်းပင့်ယူသင့်သည်။ရဟန်းမရှိသောနေရာများ၌ဖြစ်နိုင်လျှင်ရဟန်းများနှင့်တွေ့ဆုံရသည့်အခါအာပတ်ဖြေပါမည်ဟုစိတ်ပြဠာန်းကာဘုရားသခင်ထံတိုက်ရိုက်အပြစ်ဝန်ခံတောင်းပန်နိုင်ပြီးရဟန်းများနှင့်ဆုံသောအချိန်တွင်အာပတ်ဖြေခြင်းစက္ကမင်တူးကိုတောင်းလျှောက်ခံယူခြင်းသည်အမှန်တရားနှင့်နေထိုင်ခြင်းလည်းဖြစ်သည်။အပြစ်ကိုမုန်းတီး၍ဘုရားသခင်သည်သန့်ရှင်းဖြူစင်သကဲ့သို့ကျွန်ုပ်တို့သည်လည်းဘုရားသခင်၏ သားသမီးများအဖြစ်သန့်ရှင်းဖြူစင်စွာဘဝကိုရှင်သန်ကြပါစို့။